ငယ်သည့် ကလေး စည်းကမ်းတွေ ပေးသင့်သလား

http://www.kidsinthehouse.com/sites/default/files/styles/article-725w/public/learning_how_to_discipline_adopted_children.jpg?itok=o_c2iw0y

ငယ်သေးတဲ့ကလေးတွေကို ပိုးမွေးသလို အရိပ်တကြည့်ကြည့် ထားကြရတယ်။ မိဘတွေရဲ့တာဝန်က ကလေးက ငယ်သေးချိန်မှာ လုံခြုံအောင် စောင့်ရှောက်ခြင်း၊ သူတို့စိတ်တွေကို ပျော်အောင် ကြည်နူးအောင် နှိုးဆွပေးခြင်းတွေ လုပ်ပေးရမယ်။ လေးဘက်တွားသွားနေတဲ့အရွယ်လေးတွေကို ကိုယ်ဖြစ်ချင်တာတွေ မဖြစ် ဖြစ်အောင် အရမ်းလိုက်လုပ်နေလို့မရဘူး။ အဲဒီအရွယ်လေးတွေမှာ “အမှား” နဲ့ “အမှန်” ဆိုတာ ဆင်ခြင်နိုင်စွမ်း မရှိသေးဘူးဆိုတာ မိခင် ဖခင်တို့သိထားသင့်တယ်။

ဒါကြောင့် ဆရာတွေက တပည့်တွေကို သင်သလို စည်းကမ်းတွေ၊ နည်းလမ်းတွေ သင်ဖို့ အချိန်မဟုတ်သေးရင် စောင့်ရမယ်။ ငယ်တဲ့ကလေးတွေကို စည်းကမ်းဆိုပြီး ငိုလည်း အချိန်မကျလို့ နို့မတိုက်သေးဘူး၊ ဒီအချိန် ရောက်ရင် ဒါကို လုပ်ကိုလုပ်ရမယ်ဆိုတာမျိုးတွေ သွားပြီး သတ်မှတ်လို့ မရပါဘူး။

ကလေးဟာ ငယ်သေးရင် စည်းကမ်းဆိုတာ နားမလည်ပေမယ့် နားလည်သဘောပေါက်နိုင်စွမ်းတော့ရှိပါတယ်။ လေ့ကျင့်ပေးရင် ရပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတွေ ကြီးလေးတာတွေကို မဟုတ်ပါဘူး။

ဥပမာ ကလေးက မီးကြိုးကိုကိုင်ပြီး ပါးစပ်နဲ့ကိုက်ဖို့ ကြိုးစားနေတယ်ဆိုရင် မိခင်ဖြစ်သူက

“မလုပ်ရဘူးနော်” ဆိုပြီး ပါးစပ်ကပြောမယ်၊ ကြိုးကို ကိုင်ထားတာက လွှတ်စေမယ်။ ကလေးကို လုံခြုံ စိတ်ချရတဲ့ အနေအထားကို ပြန်ထားမယ်။ ကြိုးကို အန္တရာယ်ကင်းတဲ့အနေအထားကို ဖယ်ရှားမယ်။ ကလေးက ဒါမကောင်းဘူး “မလုပ်ရဘူး” ဆိုတာကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ မှတ်ထားနိုင်ဦးမယ် မဟုတ်ဘူး။ ဒီလိုပဲ မလုပ်သင့်တာ မှန်သမျှကို “မကောင်းဘူး” “မလုပ်ရဘူး” ဆိုတာလေးတွေပြောပြောပြီး သင်ရမှာပဲ။ မလုပ်ရမှာကို ရိုက်ပြီးတော့ သင်ဖို့ မဟုတ်ပါဘူး။

ကလေးက တစ်ခုခုလုပ်တိုင်း လူကြီးဖြစ်သူက ကိုယ့်စိတ်နဲ့ မတွေ့ရင် ရိုက်တာ၊ ခေါင်းခေါက်တာ၊ ဆွဲဆိတ်တာ တွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေမဟုတ်ဘူး။ သူတို့က မလုပ်စေချင်တာကို အပြစ်ပေးပြီး အသား နာအောင် လုပ်လိုက်တာဟာ ကလေးကို ငိုစေပြီး ဘာမှ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတစ်ခုပဲ။

အချို့ဆိုရင် ကလေးကို ကိုင်လှုပ်တာတို့၊ ဆွဲဆောင့်တာတို့တောင် လုပ်တတ်ကြတယ်။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို ပျက်စီးစေပြီး အခန့်မသင့်ရင် သေဆုံးနိုင်တယ်။ လူကြီးတွေကိုယ်တိုင်က ဒေါသထွက်နေရင် ကလေးတွေနဲ့ ဝေးဝေးနေရင် အကောင်းဆုံးပဲ။ ဒါမှမဟုတ်လည်း ကလေးတွေကို အန္တရာယ်ကင်းတဲ့ဆီပို့ထား သင့်တယ်။ လင်မယားချင်း မကျေနပ်လို့ စကားများပြီး ကလေးကို လက်နှိပ်မီးနဲ့ရိုက်လို့ သေသွားတာမျိုးတွေ ရှိနေတာပဲ။ ဘာမှမဟုတ်ဘဲ ကလေးက ကြားကနေ တန်ဆာခံဖြစ်ရတယ်။

ကလေးနဲ့ ပတ်သက်လာရင် လူကြီးတွေက ဒေါသထွက်လို့ကို မရဘူး။ ဒေါသထွက်စရာကို အကြောင်းမရှိဘူး။ ကလေးက ငိုလွန်းရင် ငိုတဲ့ အကြောင်းတစ်ခုခုရှိနေလို့ပဲ။ အကြောင်းကို အဖြေမရှာဘဲ ငိုတဲ့ကလေးကို ဒေါသတွေပုံချနေရင် ကလေးပဲ နစ်နာမယ်။ ကလေးနဲ့ ပတ်သက်ရင် စိတ်ကိုတည်ငြိမ်အောင် အမြဲထားနိုင် ရမယ်။

ကလေးဆိုတာ လှုပ်ရှားမယ်၊ လျှောက်သွားမယ်၊ လဲကျမယ်၊ ပြန်ထမယ်၊ ဆော့မယ်၊ ငိုမယ်၊ စားမယ်၊ အိပ်မယ် ဒါတွေဟာ သူတို့သဘာဝပဲ။ ဒါကြောင့် ကလေးတစ်ယောက် အန္တရာယ်မကျရောက်နိုင်အောင် ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့၊ တားဆီးကာကွယ်ပေဖို့ မိဘတွေမှာ တာဝန်ရှိတယ်။

မဖြစ်သင့်တာကို မဖြစ်ရအောင် ကလေးကို အတင်းစည်းကမ်းလိုက်သတ်မှတ်ပေးနေလို့ မရဘူး။ မဖြစ်သင့် တာကို မဖြစ်စေချင်တာကို လူကြီးက ကာကွယ်တားဆီးပေးဖို့ တာဝန်ရှိတယ်။ အန္တရာယ်ရှိနိုင်တာတွေကို ဝေးဝေး ထားမယ်။ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို မသွားနိုင်အောင် ကာကွယ်ပေးထားမယ်။ “အဲဒီနေရာ မသွားရဘူး လားဆိုတာ မသိဘူးလား” လို့ပြောပြီး အပြစ်ပေးရမှာ မဟုတ်ဘူး။ “အဲဒီနေရာ မသွားနဲ့နော်” လို့ပြောပြီး မသွား နိုင်အောင် အကာအကွယ်ပေးထားရမှာ။

ကလေးကို အတင်းစည်းကမ်းတွေ သတ်မှတ်ပြီး ချုပ်ကိုင်ထားမလား။ ကိုယ်ကလေးကို ဦးနှောက်မဖွံ့ဖြိုးအောင် ကြောင်တောင်တောင်လေးဖြစ်အောင် လုပ်နေတဲ့ သူတွေ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် မိဘဝတ်ဆိုတာတာ သိကြတယ်မဟုတ်လား။

“မကောင်းမြစ်တား၊ ကောင်းရာ ညွှတ်လတ်၊ အတတ်သင်စေ” ဆိုတာ လက်ဦးဆရာတွေမှာ တာဝန်ရှိတယ်။ နှိပ်ကွပ်လွန်းရင် မဖွံ့ထွားဘူးဆိုတာ မှတ်ထားကြစေချင်တယ်။

(Ref : Should I discipline my baby?, Sandy Bailey)

Powered by Bullraider.com