ကျွန်မလက်ထပ်စာချုပ် ပြန်ပေးပါ

http://howsouthafrica.com/wp-content/uploads/2016/04/marriage.jpg

မော်လမြိုင်မြို့သည် နေလို့ကောင်းသောမြို့တစ်မြို့။ ပင်လယ်နှင့်နီးလို့ထင့်။ နွေဆိုလည်း သိပ်မပူ၊ ဆောင်းဆိုလည်း သိပ်မအေး၊ အဲ..မိုးရာသီမှာတော့ ဘီလူးကျွန်းဘက်က မိုးသားမည်းမည်းတွေတက်လာပြီဆိုရင် ရွာပါတော့သည် တဗြောဗြော။ ညနေလေးနာရီထိုးခါနီးပြီ။
တရားခွင်များတွင် အမှုစစ်ဆေးလျှောက်လဲချက် ပေးခဲ့ရသဖြင့် မော်လမြိုင်ရှေ့နေများအသင်း အနားယူခန်းထဲရှိ ကြိမ်ကုလားထိုင်ပေါ်တွင် မှိန်းရင်း နေ့လယ်ကတရားရုံးတွင် လှုပ်ရှားခဲ့သမျှ ပြန်စဉ်းစားနေမိသည်။
ခရိုင်တရားရုံးမှ တရားသူကြီးဒေါ်လဲ့လဲ့ဦးက တရားခွင်တွင် ပြုံးပြုံး ပြုံးပြုံးနှင့် ကိုယ်ခန္ဓာကြီးသလောက် သဘောထားကြီးသူဖြစ်၍ အမှုသည်များ၊ ရှေ့နေများနှင့်အဆင်ပြေသည်။ ဒေါ်သန္တာကျော်က သူအမှုစစ်လျှင် တရားခွင်တွင် ညံနေမြဲ။

မှိန်းလို့ကောင်းတုန်းရှိသေး...

ဆရာ ကျွန်မတိုင်စာတင်ချင်လို့ပါ။ ဘေးဘီကြည့်တော့လည်း ဘယ်သူမှမရှိ။ ဦးမြတ်ဟိန်းတို့၊ ဦးသိန်းဝင်းတို့လည်း ပြန်သွားပြီ။ စာရေး ကိုတင်ဖေလည်း လက်ဖက်ရည်ဆိုင်က ပြန်မလာသေး။ ဘာတိုင်စာလဲခင်ဗျာ၊ ကျွန်တော် ကြည့်လိုက်မယ်နော်။

မော်လမြိုင်သူပီသစွာ မွန်သွေးရောရာပါသော ဖြူဖြူချောချောမိန်းကလေးငယ်က စာရွက်ကမ်းပေးသဖြင့် ယူကြည့်မိပါသည်။
မော်လမြိုင်ရှေ့နေအသင်းဥက္ကဋ္ဌသို့ လိပ်မူပြီး အထဲမှာရေးထားတာကတော့ ထိုမိန်းကလေးနှင့် ၎င်း၏ ခင်ပွန်းတို့ မွန်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ရှေ့တွင် ကျမ်းကျိန်လွှာပြုလုပ်၍ အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူက လင်ဝတ္တရား မကျေပွန်၍ လင်မယားကွာရှင်းပေးစေလိုမှုကို မော်လမြိုင် ခရိုင်တရားရုံးတွင် တရားလွှတ်တော် ရှေ့နေကြီးဦး--- အားငှားရမ်း၍စွဲဆိုခဲ့ကြောင်း၊ အမှုမပြီးပြတ်သေးကြောင်း၊ ရှေ့နေကြီးဦး---က အမှုအတွက် လိုအပ်သော လက်ထပ်မင်္ဂလာကျမ်းကျိန်လွှာကို အမှုအတွက်လိုအပ်သည်ဆို၍ ပေးထားရကြောင်း၊ ထိုကျမ်းကျိန်လွှာ (အရပ်အခေါ်-လက်ထပ်စာချုပ်) ပြန်လိုချင်၍တောင်းရာမပေးကြောင်း၊ ဦး---အား ခေါ်ယူ တွေ့ဆုံကာ လက်ထပ်စာချုပ်ပြန်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် ပြန်မပေးက ရှေ့နေကြီး ဦး---ကို အရေးယူပေးစေလိုကြောင်း ရေးထားသည်ကို တွေ့ရပါသည်။

ထူးအိမ်သင် သီချင်းလိုပါပဲ။ နည်းနည်းလေးတော့ လွဲနေပြီ။
ဒါနဲ့ ခင်ဗျားတို့လက်ထပ်စာချုပ်ကို အမှုစစ်ရင်းနဲ့ တရားရုံးကို သက်သေခံမတင်ခဲ့ဘူးလား။

ကျွန်မကိုစစ်တုန်းကတော့ တရားသူကြီးမဆီ တင်ပြပေးလိုက်တာတော့တွေ့ခဲ့ရတယ်။ အင်း..သာမန်အရပ်သူ လည်းဖြစ် ဥပဒေဗဟုသုတကလည်းနည်းလေတော့ ရှင်းပြဦးမှ။ ဒီလိုမှမလုပ်ရင် ရောင်းရင်းကြီး ရှေ့နေကြီးရဲ့ သတင်းတွေမှာ အတင်းတွေမွှေးတော့မှာပဲ မိ---ရေ တစ်ချက်ကလေး (မော်လမြိုင်စကား...ခဏ) နားထောင်ပါဦးဗျာ။ ပြောပါ ဆရာ။ တရားမကျင့်ထုံးဥပဒေ အမိန့်၊ ၇ ၊နည်းဥပဒေ၊ ၁၄ (၁)နဲ့(၂)မှာ တရားစွဲရင် စွဲတဲ့သူတရားလိုက စွဲတဲ့အမှုအတွက် အားကိုးအားထားပြုတဲ့ စာရွက်စာတမ်းများစာရင်းကို ဖော်ပြထားရသလို ကိုယ်အားပြုပြီးစွဲတဲ့ စာရွက်စာတမ်းတွေကိုလည်း စွဲတဲ့အဆိုလွှာမှာ ပူးတွဲတင်ပြရပါတယ်။ အဲဒီလို ပူးတွဲတင်သွင်းထားတဲ့ စာရွက်စာတမ်းတွေနဲ့ အားကိုးအားထားပြုတဲ့ စာရွက်စာတမ်းတွေကိုတော့ တရားရုံးက ငြင်းချက် (ယခင် အခေါ်ကောက်ချက်၊ ရုံးကောက်ချက်)ထုတ်တဲ့နေ့မှာ တရားမကျင့်ထုံးဥပဒေအမိန့် ၁၃၊ နည်းဥပဒေ ၁ အရ စာရင်းတင်ပြရပါတယ်။ အဲဒီလိုတင်ပြမှ တရားရုံးကို အဲဒီစာရွက်စာတမ်းတွေ သက်သေခံတင်သွင်းခွင့်ရှိပါတယ်။ စာရွက်စာတမ်းတွေ တရားရုံးကို သက်သေခံတင်သွင်းပြီးရင် အမှုပြီးမှအဲဒီစာရွက်စာတမ်းတွေကို တရားရုံးများလက်စွဲ အပိုဒ်၊ ၁ဝ၇၆ အရ ပြန်လည်ထုတ်ပေးဖို့လျှောက်ထားရင် ပြန်ပေးပါတယ်ဗျာ။ တရားဝင်မိတ္တူမှန်ကူးပြီး အဲဒီအမှုတွဲ မှာ တွဲထားရပါတယ်။ ခင်ဗျားရဲ့လက်ထပ်စာချုပ်က အမှုတွဲ ထဲမှာသက်သေခံစာရွက်စာတမ်းအနေနဲ့တင်ထားလို့ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ခင်ဗျားရဲ့ ရှေ့နေက ပြန်မပေးသေးတာပါ။ ဒီလိုပြောလိုက်တော့ အမျိုးသမီး ငယ်ငိုင်ကျသွားပါသည်။ အော်...ဒါနဲ့ ဘာဖြစ်လို့ လက်ထပ်စာချုပ်ပြန်လိုချင်တာလဲဟင်။

ဒီလိုပါဆရာ။
ဒီလိုပါဆရာလို့သာဆိုတယ် ဘာအသံမှထွက်မလာတော့ပါ။ ပြောသင့် မပြောသင့်ချိန်ဆနေပုံရပါသည်။ သူမ မပြောချင်တဲ့စကားကို အတင်းအကျပ် ဇွတ်ဆက်မမေး လိုတော့။
ကျွန်တော်ပြောတာမယုံရင် အမှုစစ်တဲ့ တရားသူကြီးကိုသာ သွားမေးတော့ဗျာ။

အင်း...ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ရှင်းပြလည်း ရှေ့နေစကား အမှားမရှိလို့ထင်ရင်တော်ရဲ့။ သူ့ကိုရှင်းပြ နေတာနဲ့ နေညိုပြီ။ နေညိုရင် ရွှေဘိုကနေ ရေစကြိုကို ပြောင်းသွားတဲ့ မေချိုကိုသတိရသလိုလို၊ နေအကျမှာ လေထသလိုလိုနဲ့ အစဉ်မမုန်းနိုင်တဲ့ အိမ်သူသက်ထား ခင်ဂမုန်းမြိုင်ထံ ပြန်ရတော့မည်။

စနေနေ့မနက်၊ ကျွန်တော့်တာဝန်က ခင်ဂမုန်းမြိုင်ကို ကားမောင်းပြီး သံလွင်ဈေးကိုပို့ ၊ဈေးဝယ်ပြီးရင် ဟင်းချက်၊ ဒါကြောင့်မို့ အိမ်နီးနားချင်း ညောင်ရိပ်သာလမ်းထဲက မိတ်ဆွေတွေကနောက်ပြောင်ပြီး ကျွန်တော့်ကို ဒရိုင်ဘာ ချက်ကြီးဟုခေါ်ပါသည်။
သံလွင်ဈေးကမော်လမြိုင် ကမ်းနားလမ်း သံလွင်တံတားထိပ်မှာရှိလို့ သံလွင်ဈေးဟုအမည်တွင်ပါသည်။ ဘီလူးကျွန်းဘက်က ငါး၊ပုစွန်များ လာရောင်းလေ့ရှိတာမို့ လတ်လတ်ဆတ်ဆတ်ရသည်။ ဈေးလည်းသက်သာသည်။

ထိုအခိုက်၊ ဆရာဈေးလာသလား။
ချောမောလှပသော မိန်းကလေးတစ်ဦး၊ မြင်ဖူး သလိုတော့ရှိသား။
ဆရာမမှတ်မိဘူးထင်တယ်၊ တစ်လောက လက်ထပ်စာချုပ်ပြန်ရချင်လို့ ဆရာနဲ့စကားပြောခဲ့တဲ့ တစ်ယောက်လေ။
သြော်...မှတ်မိပြီ မှတ်မိပြီ၊ စာချုပ်ကောပြန်ရပြီလား။
စာချုပ်မလိုတော့ပါဘူးဆရာရယ်။
ဘာဖြစ်လို့လဲဟင်။

သြော်...အင်း၊ နောက်မှတွေ့မယ်ဆရာ။
ကျွန်တော့်အမေးကို အဲဒီလိုဖြေပြီး ပြုံးပြကာ ဖြူဖြူတောင့်တောင့် ယောက်ျားလေးတစ်ဦးနှင့်လက်တွဲပြီး သံလွင်ဈေးထဲမှ အောက်လမ်းမကြီးဘက်သို့ ထွက်သွားပါသည်။
နောက်မှတွေ့မယ်ဟုပြောသွားသော အဆိုပါအမျိုးသမီးနှင့် ယနေ့အထိမဆုံတော့ပါ။

ထို့အတူ ထိုအမျိုးသမီးနှင့်လက်တွဲသွားသော လူရွယ်သည် လက်ထပ်စာချုပ်ထဲက တစ်ယောက်လား။ အခြားသူ တစ်ဦးလား ယနေ့ထိ ကျွန်တော် မသိတော့ပါ။

နွေဆိုလည်း သိပ်မပူ၊ ဆောင်းဆိုလည်း သိပ်မအေး၊ မိုးရွာရင်တော့ တဗြောဗြောနဲ့..
ထိုမိန်းကလေးလည်း မော်လမြိုင်ရဲ့နွေလား၊ ဆောင်းလား၊ မိုးလား။ မဝေခွဲနိုင်သေးပါ။
ထို့အတူ ''ကျွန်မလက်ထပ်စာချုပ် ပြန်ပေးပါဆိုတာ''ဘာအတွက်လဲ။

ကြေးမုံသတင်းစာ (၁၉.၃.၂၀၁၇)

Powered by Bullraider.com