ကျွန်မပြောချင်တဲ့ ပညာရေးအကြောင်း

http://s16.postimg.org/w88tj9e79/enhanced_buzz_18556_1365528154_10.jpg

ကျွန်မအစ်ကိုတစ်ယောက် စိတ်ဖိစီးမှုဖြင့် အိပ်ရာထဲလဲချိန်တွင် ကျွန်မမိခင်က ကျွန်မအား ဆိုးလ်ရှိအိမ်မှ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားကိုပြောင်းပြီး ကျောင်းထားရန် ပြင်ဆင်တော့သည်။ အထက်တန်းကျောင်းတွင် ဖိအား များလွန်းနေမှုကို ကျော်လွှားနိုင်ရန်ဖြစ်ပါသည်။ အမေက ကျွန်မကို သူ့သားကြီးလို မဖြစ်စေချင်။ အစ်ကိုက ဗိုက်လည်းနာနေသည်။ ဆရာဝန်ကလည်း ရောဂါရှာမရ။ ထို့ကြောင့် အိမ်တွင်နားပြီး ဆေးကုသနေရသည်။

အစ်ကို့အဖြစ်ကိုကြည့်ပြီး ကျွန်မကို နိုင်ငံခြားပို့ရန် အမေကဆုံးဖြတ်လိုက်ခြင်းကြောင့် ကျွန်မကံကောင်းသွား သည်ဟုဆိုရမည်။ တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းသားဖြစ်ရသည်မှာမလွယ်။ အထူးသဖြင့် မိဘများ၏ ဖိအားက ကလေးတွေအပေါ်ပိုများသည်။

၂၀၀၈ ခုနှစ် လောက်က ကျွန်မသည် ဂန်နန်းရှိ ချမ်းသာသူများကိုသာ ထားနိုင်သည့် ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်သဒ္ဒါကို သင်ကြားခဲ့ရသည်။ ထိုစဉ်က ကျွန်မသည် ၁၁ နှစ်သမီးအရွယ်သာရှိသေးသည်။ ကျွန်မတို့ ကျောင်းတွင် တက်နေသည့်ကျောင်းသားအားလုံး၏ မျက်နှာများမှာ မရွှင်မပျ မျက်နှာသေလေးတွေနှင့် ဖြစ်နေကြသည်။

ကျွန်မတို့ကို ဆရာက ကျွန်မတို့ကို ပျော်ကြရဲ့လားဟုမေးသည်။ ကျောင်းသူတစ်ဦးက လက်ထောင်လိုက်ပြီး ပျော်ပါသည်ဟု ဆိုလိုက်သည်။ ဆရာက အဘယ်ကြောင့်နည်းဟု မေးလိုက်သည့်အခါတွင် သူ့ကို နားပူနားဆာ လုပ်နေသည့် မိခင်ကွယ်လွန်သွားပြီဟုဆိုလိုက်သည်။

တောင်ကိုရီးယားနိုင်ငံ၏ ပညာရေးစနစ်ကို ကမ္ဘာကအားကျနေကြသည်။ ကျောင်းသားများ၏ အဆင့်ကလည်း နိုင်ငံတကာပညာရေးစစ်ဆေးမှုတွင် ရုပ်ပြကောင်းနေသည်။ သို့သော် နောက်ကွယ်တွင် အရိပ်တွေက လွှမ်းမိုး ထားလွန်းသည်။ တောင်ကိုရီးယားနိုင်ငံတွင် သားသမီးများအပေါ် သရဲမရဲစီးနေသည့် ကျားမေမေ (Tiger Moms) တွေက လွှမ်းမိုးထားသည်။ သူတို့က သားသမီးတွေကို ဖြစ်စေချင်လွန်းလေ နှိပ်စက်သလိုဖြစ်နေသည်။

တောင်ကိုရီးယားနိုင်ငံ ပညာရေးစနစ်သည် သူ့နည်းသူ့ဟန်နှင့် ကောင်းနေသည့် ပညာရေးစနစ်ဖြစ်သည်။ သူတို့ ပညာရေးက အောင်မြင်ရေးကိုသာ အလေးထားသည့် ပညာရေးဖြစ်နေသည်။ ငွေဘယ်လောက်ကုန်ကုန် ဆရာတွေကို ငှားသင်သည်။ ဘေးကတွန်းအားတွေ အရမ်းပေးသည်။

ကျွန်မအလယ်တန်းအဆင့်တွင် စာသင်ခန်းထဲ ကျောင်းသား ၆၀ ရှိသည့်အနက် အဆင့် ၂၁ ချိတ်သည်။ ကျွန်မ မိခင်က အလွန်အမင်း ထိတ်လန့်သွားပြီး ကျွန်မကို သင်္ချာကျူရှင်တက်ခိုင်းတော့သည်။ ကျူရှင်တက်ပြီး ကျွန်မ အဆင့်က နံပါတ် ၃ ဖြစ်လာသည်။ ထိုအချိန်က ၁၉၉၀ ပြည့်နှစ်ဖြစ်ပြီး အပြိုင်အဆိုင်တွေ အရမ်းများသည့် ကာလတွင် ကျွန်မ ကျောင်းသားဖြစ်ခဲ့ရသည်။

ကျူရှင်တွေ ကျွန်မတက်ခဲ့ရသည်။ ကိုရီးယားနိုင်ငံတွင်တော့ ဟတ်ဝမ် (Hagwons) ဟုခေါ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် Cram School ဟုလည်းခေါ်ပြီး ပညာရေးဌာနက တရားဝင် ဖွင့်လှစ်ခွင့်ပေးထား သည့် ကျောင်းများလည်းဖြစ်သည်။ မိမိတို့သားသမီးများ၏ ပညာရေးကို အောင်မြင်လိုသူတိုင်း အခပေးကာ ဟတ်ဝမ်ကျောင်းများကို ပို့ကြသည်ကများသည်။

ဟတ်ဝမ်ကျောင်းများသည် လူမဆန်သည့် နှိပ်စက်ညှဉ်းပမ်းနေသော နေရာတစ်ခုဟု ကျွန်မတော့ မြင်သည်။ အခန်းတိုင်းကို နံရံပါးလေးများဖြင့်ကာထားပြီး၊ မီးချောင်းများထွန်းထားသည်။ ကျောင်းသားတွေက အင်္ဂလိပ် စာလုံးပေါင်းတွေကျက်နေရသည်။ ကိုရီးယားသဒ္ဒါ၊ သင်္ချာဖော်မြူလာတွေကိုလည်း ကျက်နေကြသည်။ ကျောင်းလွှတ်ပြီး ဟတ်ဝမ်ကျောင်းများကို ဆက်တက်ကြရသည်။ ည ၁၀ နာရီ သို့မဟုတ် ထို့ထက်နောက် ကျပြီးမှ ပြန်ကြရသည်။

ပြင်းထန်သော ပညာရေးအပြိုင်အဆိုင်များကြောင့် တောင်ကိုရီးယားနိုင်ငံမှ ကလေးများသည် တစ်နေ့လျှင် ၁၃ နာရီခန့် စာသင်နေကြရသည်။ ကလေးတစ်ယောက် ညတွင် အိပ်ချိန်မှ ပျမ်းမျှ ၅ ဒသမ ၅ နာရီဖြစ်သည်။ ကျန်အချိန်ပြည့် စာပြီးရင်း စာနေကြရသည်။ အထူးသဖြင့် ကျောင်းသားတွေက ဟတ်ဝမ်တွင် အချိန်ကုန်နေ ကြရသည်ကများသည်။

ဤသို့လုပ်ဆောင်နေခြင်းကို ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုဟုဆိုကြသည်။ နိုင်ငံတကာကျောင်းသားများနှင့် ပြိုင်လာလျှင် အနိုင်ရစေရန် ကျောင်းသားများ လုပ်ဆောင်နေကြရခြင်းဖြစ်သည်။ ပြိုင်လာလျှင် နိုင်လာစေရန် မိဘတွေကလည်း အလွန်အမင်းဖြစ်နေကြသလို၊ ပုဂ္ဂလိက လုပ်ငန်းကြီးတွေကလည်း လူတော်တွေကို မျှော်နေကြသဖြင့် ကလေးတွေကို ရုပ်ပိုင်းသာမက စိတ်ပိုင်းပါ ထိခိုက်စေရန် လုပ်ဆောင်နေသလိုဖြစ်နေသည်။

ကျောင်းသားအများစုသည် ပညာသင်နှစ်အတွင်း စိတ်ဖိစီးမှုများကို အကြီးအကျယ် ခံစားကြရသည်။ ကျွန်မ အစ်ကိုလိုမျိုး ပုံကျသွားစေသည့် အဖြစ်မျိုးဖြစ်သည်။ ကျွန်မသူငယ်ချင်းတစ်ယောက်ဆိုလျှင် ဆံပင်ဖီးချိန်ပင် မရသောကြောင့် ဆံပင်ဖြတ်လိုက်ရသည်။ ကောလိပ်ရောက်မှ ဆံပင်အရှည် ပြန်ထားခဲ့ရသည်။

ကျောင်းသားများကို အမှတ်၊ အဆင့်တွေနှင့်ဖိနှိပ်ထားသောကြောင့် စိတ်ဓာတ်တွေကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ၂၀၁၀ တွင် အများဆုံးဖြစ်ခဲ့ရသည်။ အားလုံးသည် စာမလိုက်နိုင်တော့သဖြင့် လက်မြှောက် အရှုံးပေးခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံနှင့်လူမျိုးကို ဂုဏ်ဆောင်နိုင်သော လူငယ်တွေဘဝမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြရသည်။ ကျောင်း တက်နေရသည့် ကျောင်းသား ၆၀ ရာခိုင်နှုန်းမှာ မပျော်ရွှင်ကြောင်း ဝန်ခံသည်။ နောက်ပိုင်း ပိုဆိုးလာသည်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်နိုင်ငံများမှ ကျောင်းသားများသည် ၈၀ ရာခိုင်နှုန်း မပျော်ရွှင်ဆိုသည့်နှုန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

တောင်ကိုရီးယားနိုင်ငံသည် မိသားစုညီညွတ်စွာ နေထိုင်နိုင်ရေးကို အလေးပေးသည့် နိုင်ငံဖြစ်သည်။ သို့သော် သူတို့သားသမီးတွေဘဝကတော့ လွတ်လပ်မှုတွေကင်းနေသည်။ မိဘကို ရိုကျိုးပြီး စီစဉ်ပေးသမျှ နာခံကာ လိုက်လုပ်နေကြရုံကလွဲပြီး အခြားလွတ်မြောက်လမ်းမမြင်သူတွေ အများကြီးရှိနေသည်။

တောင်ကိုရီးယားနိုင်ငံမှ ယီကွမ်ဆုဆိုသူ၏ “ကလေးကိုဗဟိုပြုကြခြင်း” ဆိုသည့် ဆောင်းပါးထဲတွင်

“မိဘများလက်ထဲတွင် နေထိုင်ကြရသည့် ကလေးများမှာ လွတ်မြောက်ရာ လမ်းမမြင်။ သူတို့ကို မိဘတွေကို ကျေးကျွန်တွေလို၊ အိမ်မွေးတိရစ္ဆာန်လေးတွေလို သဘောထားဆက်ဆံနေကြသည်။ မိဘများက သူတို့ကို သူတို့ ဘုရင်ကြီးများသဖွယ် သက်မဲ့ပစ္စည်းများကို ချယ်လှယ်ချင်တိုင်း ချယ်လှယ်နေကြတော့သည်” ဆိုသည့် စာသားမှာ ကိုရီးရေးပညာရေး၏ အကောင်းဆုံး ဥပမာပေးချက်ဖြစ်ပါသည်။

တောင်ကိုရီးယား ပညာရေးစနစ်က “ကလေးများကို ကယ်တော်မူပါ” ဟု အော်ဟစ် အကူအညီတောင်းရကိန်း ဆိုက်နေသည်။

(Ref: An Assault Upon Our Children, Se-Woong Koo)

Powered by Bullraider.com