ဝန်ပိလာသော အောက်ခြေဝန်ထမ်းများ

http://planmysite.com/blog/wp-content/uploads/2011/08/avoid-information-overload.jpg

ဝန်ပိလာသောအောက်ခြေဝန်ထမ်းများ
နိုင်ငံတစ်နိုင်ငံ၏ဂုဏ်အင်္ဂါရပ်များအနက် အစိုးရအဖွဲ့သည်အရေးကြီးဆုံးဟုဆိုနိုင်သည်။တိုင်းသူ ပြည်သားများ၏နေ့စဉ်လူနေမှုဘဝအဆင်ပြေရေးအတွက် ထိုအစိုးရအဖွဲ့ကပင် စီမံခန့်ခွဲသွားရန်တာဝန်ရှိသည်။ အစိုးရအဖွဲ့အား ဝန်ကြီးဌာနများဖြင့် ဖွဲ့စည်းရသည်ကို လူတိုင်းသိထားပြီးဖြစ်သည်။ သို့သော် ထိုဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်ဆင့်သော ဝန်ထမ်းများကိုမူ မေ့လျော့နေတတ်ကြသည်။ သန့်ရှင်းရေးဝန်ထမ်းမှသည် ဝန်ကြီး၊ သမ္မတတို့သည် ကိုယ်စီတာဝန်များ ကျေပွန်ရန်လိုအပ်သည်။ သို့မှသာလျှင် ထိုအစိုးရယန္တရားကြီးသည် အချိန်မီလည်ပတ်နိုင် မည်ဖြစ်သည်။

စိတ်ဓာတ်မြှင့်တင်
စွမ်းဆောင်ရည်ရှိသောဝန်ထမ်းများဖြင့်ဖွဲ့စည်းထားသည့် ရုံး၊ ဌာနများသည် ပြည်သူများ၏အကျိုးကို အပြည့်အဝ သယ်ပိုးထမ်းဆောင်နိုင်ကြသည်။ ထို့အပြင် ဝန်ထမ်းများသည် ပြည်သူ့အကျိုးကို အနစ်နာခံ သယ်ပိုးသွားမည်ဆိုသော ခံယူချက်မျိုးလည်း မွေးမြူ ထားရန်လိုအပ်သည်။ သို့မှသာလျှင် တာဝန်ထမ်းဆောင် ရမှုအပေါ် ဂုဏ်ယူကျေနပ်နေမည်ဖြစ်သည်။ မိမိ လုပ်ငန်းတာဝန်အပေါ် ဂုဏ်ယူတတ်သည့် ဝန်ထမ်းများသည် စိတ်ချမ်းမြေ့ကြသည်။ ထိုသို့ဂုဏ်ယူနေအောင် ဝန်ထမ်းများ၏ စိတ်ဓာတ်ကို မြှင့်တင်ထားရန်လိုအပ်သည်။

အစိုးရအနေဖြင့်လည်း အရည်အချင်းပြည့်ဝသောဝန်ထမ်းတစ်ဦးအဖြစ်ခန့်အပ် တာဝန်ပေးအပ်နိုင်ရန်အတွက် ငွေကြေးများစွာကုန်ကျသည်။ အဆင့်ဆင့်သော သင်တန်းများပို့ချခြင်း၊ ပညာတော်သင်စေလွှတ်ခြင်းကဲ့ သို့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရသည်။ သို့မှသာလျှင် တိုင်းပြည်အတွက် အားထားရသော တတ်သိပညာရှင် ဝန်ထမ်းများ မွေးထုတ်နိုင်မည်ဖြစ်သည်။ယခင်က အစိုးရဝန်ထမ်းအားလုံးသည် ချောင်ချောင် လည်လည်နေနိုင်ကြသည်။ အိမ်ထောင်ဦးစီး ဝန်ထမ်းတစ်ဦးသည် မိသားစုကိုဦးဆောင်နိုင်ကြသည်။ သား၊ သမီးများ၏ပညာရေးအတွက် စိတ်မပူခဲ့ရပေ။ သာရေး၊ နာရေး၊ လူမှုရေးကိစ္စများအပြင် အိုစာ၊ နာစာ ကိုလည်းစုဆောင်းနိုင်ကြသည်။ အစိုးရဝန်ထမ်းတစ်ဦးသည် မချမ်းသာသော်လည်း မကျပ်တည်းခဲ့ပေ။ အထိုက် အလျောက်နေနိုင်ကြသည်။ အငြိမ်းစားဝန်ထမ်းတစ်ဦး သည်ပင်လျှင် ပင်စင်လစာဖြင့်ရပ်တည်နိုင်သည်။

ခြိုးခြံချွေတာနေရ
မျက်မှောက်ကာလတွင် အိမ်ထောင်ဦးစီးဝန်ထမ်း တစ်ဦးသည် မိသားစုကိုဦးဆောင်နိုင်စွမ်းမရှိတော့ချေ။ လစာကို စနစ်တကျခြိုးခြံချွေတာသုံးစွဲမှသာ လင်မယား နှစ်ယောက်စာ စားစရိတ်လောက်ကိုသာ လုံလောက်နိုင်မည်ဖြစ်သည်။ သားသမီးရှိလာလျှင် ကျောင်းစရိတ်သည် ခေါင်းခဲစရာပင်ဖြစ်သည်။ အလှူ၊ မင်္ဂလာဆောင် ဖိတ်စာများရောက်လာလျှင် အခက်တွေ့ကြရသည်။ ကျန်းမာရေးမကောင်းလျှင် ကြွေးတင်ကြသည်။ ပြည်ပ နိုင်ငံများရှိ ဝန်ထမ်းများကဲ့သို့ ပင်လယ်ရပ်ခြားအပန်းဖြေခရီးသွားဖို့ရန်သည် မတွေးဝံ့သော အိပ်မက်ပင်ဖြစ်သည်။ ပြည်တွင်းရှိ ဘုရားများ၊ ပင်လယ်ကမ်းခြေများသို့ ပင် မရောက်ဖူးကြပေ။ တချို့သော ဝန်ထမ်းများသည် မိဘဆွေမျိုးများထံသို့ပင် အလည်အပတ်မသွားနိုင် ကြချေ။ ကိုယ့်ဝမ်းနာကိုယ်သာ သိကြသည်။

ဝန်ထမ်းများသည် လစာ၊ စရိတ်နည်းသဖြင့် ထမ်းဆောင်ရသည့်လုပ်ငန်းတာဝန် နည်းသွားသည်ဟု ထင်ပါသလား။ ထိုသို့ထင်လျှင်လုံးဝမှားယွင်းပါသည်။ အစိုးရ၏လုပ်ငန်းတာဝန်များသည် ပြီးပြတ်သည်ဟူ၍မရှိသည်မှာသဘာဝပင်ဖြစ်သည်။ သို့သော်ဦးစားပေး လုပ်ငန်းအလိုက် လုံလောက်သောအချိန်ကာလ သတ်မှတ်ပြီး တာဝန်ပေးအပ်သင့်သည်။ လက်အောက် ဝန်ထမ်းများအား ရုံးချိန်အတွင်းမပြီးပြတ်နိုင်သည့် မလိုအပ်သော စာရင်း၊ ဇယားများ၊ အစီရင်ခံစာများပြုစုခိုင်းခြင်းသည် ပညာပေးခြင်းသာဖြစ်သည်။

စာရေးသူသည် ဝန်ထမ်းလုပ်သက် ၂၅ နှစ်ရှိပြီ ဖြစ်သည်။ အစိုးရရုံး၊ ဌာနများ ရန်ကုန်တွင် ရုံးစိုက်စဉ်က ဝန်ထမ်းများသည် ညနေ ၃ နာရီခွဲလျှင် ကြို ၊ ပို့ ယာဉ် (Ferry) ပေါ်ရောက်နေကြပြီဖြစ်သည်။ စနေ၊ တနင်္ဂနွေ့ရုံးပိတ်ရက်များတွင်လည်း အပြည့်အဝအနား ရကြသည်။ ကိုယ်ပိုင်အချိန်ဖြစ်သည်။ ရုံးပိတ်ရက်များတွင် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ လက်မှုပညာသင်တန်းအစရှိသည့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ တက်ရောက်နိုင်ကြသည်။ ရုံးဖွင့်ရက်များ၌ပင်လျှင် ညနေ ၅ နာရီမှ ည ၈ နာရီအထိ အချိန်ပိုင်းသင်တန်းများ တက်ရောက်နိုင်ကြသည်။ ဘဝတိုးတက်လမ်းအတွက် အချိန်များစွာ ရရှိခဲ့ကြသည်။

ခေါင်းစဉ်ပေါင်းစုံဖြင့်ပြုစုခိုင်း
စာရေးသူအနေဖြင့် ထိုသို့ပြုမူလာသောဝန်ထမ်းများ အပေါ် အပြစ်မမြင်နိုင်ပါ။ အကြောင်းမူကား ဝန်ထမ်း အသီးသီးတွင် အခက်အခဲကိုယ်စီရှိနေကြပါသည်။ မိုး လင်း၊ မိုးချုပ်အချိန်ပြည့်ရုံးတက်နေရသော်လည်း လုပ်ငန်းတာဝန်များသည် ပြီးပြတ်သည်ဟူ၍မရှိချေ။ လုပ်ငန်းများမပြီးပြတ်ခြင်းသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကျဆင်းလာ၍မဟုတ်ပေ။ သာမန်ရုံးချိန်အတွင်း မပြီးပြတ်နိုင်သောတာဝန်များ၊ လွန်ခဲ့သော ဆယ်စုနှစ်လောက်က ကိန်းဂဏန်းအချက်အလက်များ၊ အစီရင်ခံစာများကိုခေါင်းစဉ်ပေါင်းစုံဖြင့် ပြန်လည်ပြုစု ခိုင်းနေ၍သာဖြစ်သည်။
ထို့အပြင် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင်လည်း အချိန်ပိုတက်ကြရသေးသည်။ ဝန်ထမ်းများသည် ရုံးပိတ်ရက်တွင် တယ်လီဖုန်း မြည်မှာကိုပင် ကြောက်နေ ကြသည်။ အဝင်ဖုန်းအများစုသည် ရုံးမှခေါ်ခြင်းသာ ဖြစ်သည်။ လုံလောက်သောအနားယူခွင့်နှင့် စိတ်ထွက်ပေါက် ပေးထားသင့်သည်။

လျစ်လျူရှုထား
တချို့သောရုံး၊ ဌာနအကြီးအကဲများသည် အောက်ခြေဝန်ထမ်းများ၏အခက်အခဲကို လျစ်လျူရှုထားကြသည်။ ''ငါကိုယ်တိုင် နောက်ကျမှ ရုံးဆင်းမယ်၊ မင်းတို့လည်းနောက်ကျမှရုံးဆင်း''လို့ဆိုလေ့ရှိကြသည်။ နိုင်ငံတော်မှပေးထားသည့် ကားဖြင့် ရုံးဆင်း၊ ရုံးတက် လုပ်၊ အိမ်တွင်လည်း ကူဖော်လောင်ဖက်များခေါ်ထား၊ အရန်သင့်ပြင်ထားသည့်ထမင်းကိုစား၊ လျှော်ဖွပ် မီးပူ တိုက်ပြီး အသင့်ပြင်ထားသောဝတ်စုံကိုဝတ်ကြရသူများသည် အောက်ခြေဝန်ထမ်းများ၏အခက်အခဲ ကိုမသိကြပေ။

တချို့သောအောက်ခြေဝန်ထမ်းများ၊ အထူးသဖြင့် လင်မယားနှစ်ယောက်စလုံး ဝန်ထမ်းဖြစ်နေကြသူများသည် ရုံးကပြန်ရောက်မှသာ ချက်ပြုတ်၊ လျှော်ဖွပ်၊ မီးပူတိုက်စသည့် အိမ်မှုကိစ္စများ လုပ်ကြရသည်။ ထိုဝန်ထမ်းများသည် ရုံးဆင်းနောက်ကျလျှင် အခက် အခဲများစွာကြုံတွေ့ကြရသည်။ အိမ်တွင် လူမမယ် ကလေးများရှိနေမည်ဆိုလျှင် ထိုကလေးများသည် ထမင်းငတ်ကြမည်ဖြစ်သည်။ တချို့ကလေးများသည် မိဘများ ပြန်အလာကို မစောင့်နိုင်ဘဲ ရေသောက်၊ ဗိုက်မှောက်ပြီး အိပ်ရာဝင်သွားကြရသည်။ များစွာစိတ် မကောင်းဖွယ်ရာပင်ဖြစ်သည်။
ထို့အပြင်အောက်ခြေဝန်ထမ်းများသည် တစ်နေ့ တခြား မြင့်တက်လာသောကုန်ဈေးနှုန်းကိုအမီ မလိုက် နိုင်တော့ပေ။ ယခင်က နေ့စဉ်အသားဟင်းတစ်ခွက်လောက် စားနိုင်သော်လည်း လက်ရှိအချိန်တွင် အသားဟင်းကို နပ်မှန်အောင်မစားနိုင်တော့ပေ။ အသား၊ ငါး ထဲတွင်လည်း အသီးအရွက်ရောပြီး ချက်ပြုတ် စားသောက်လာကြရသည်။ အာဟာရပြည့်ဝမှုမရှိတော့ပေ။ သိမ်ငယ်စိတ်ဝင်လာကြသည်။ အထူးသဖြင့် မိမိလုပ်ငန်းအပေါ် ဂုဏ်ယူတန်ဖိုးထားတတ်မှု မှေးမှိန်လာသည်။ အချို့သောဝန်ထမ်းများသည် အဂတိ လိုက်စားလာကြသည်။

မောင်းနှင်အားများလို
ခြုံ၍တင်ပြရလျှင် နိုင်ငံတစ်နိုင်ငံ၏မောင်းနှင်အား ဖြစ်သည့် အစိုးရအဖွဲ့အစည်းကို ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ နိုင်ငံ့တာဝန်အားလုံးကို သမ္မတတစ်ဦးတည်း၏စွမ်းပကားဖြင့် ပြီးမြောက်အောင် ထမ်းဆောင်နိုင်မည်မဟုတ်ချေ။ ထိုနည်းတူစွာ ဝန်ကြီးဌာနတစ်ခု၏ မစ်ရှင်အားလုံးကိုလည်း ဝန်ကြီးတစ်ဦးတည်းဖြင့် အပြီးသတ်နိုင်မည်မဟုတ်ချေ။

အစိုးရယန္တရားကြီးလည်ပတ်နိုင်ရန်သည် သမ္မတမှသည် သန့်ရှင်းရေးဝန်ထမ်းအထိ အဆင့်ဆင့်သော ဝန်ထမ်းများ၏ မောင်းနှင်အားများလိုအပ်ပါသည်။ ထိုဝန်ထမ်း အသီးသီး၏အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုလျှင် အောင်မြင်မှုရရှိမည်မှာ ဧကန်မုချပင် ဖြစ်သည်။ ထိုသို့အကျိုးရှိစွာအသုံးချနိုင် ရန်အတွက် ဝန်ထမ်းများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရန် လိုအပ်သည်။ အထူးသဖြင့် အောက်ခြေဝန်ထမ်းများ၏ အခြေခံစားဝတ်နေရေးအဆင်ပြေအောင် ဖော်ဆောင်ပေးသင့်ပါသည်။

ဝန်ပိုများ လျှော့ချ
သို့မှသာလျှင် တာဝန်ကိုပျော်ရွှင်ချမ်းမြေ့စွာ ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် မလိုလားအပ် သော တာဝန်ပေးအပ်မှုများ၊ အချိန်ပိုခိုင်းခြင်းများကို လည်း လျှော့ချသင့်ပါသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် အမှန်တကယ်လိုအပ်လျှင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုပင်ပေးဆပ်ရန် ဝန်လေးကြမည် မဟုတ်ချေ။ ထို့ကြောင့် အောက်ခြေဝန်ထမ်းများအပေါ် ကိုယ်ချင်း စာစိတ်မွေးမြူကာ ဝန်ထုပ်ဝန်ပိုးများ တဖြည်းဖြည်း လျှော့ချသွားနိုင်ကြပါစေ။

MOI Webportal Myanmar

Powered by Bullraider.com