ကြီးသုံးကြီး

The Three

ကမ္ဘာကျော်သုံးယောက်ဖြစ်တဲ့ စတိဗ်ဂျော့ (Apple)၊ ဘီလ်ဂိတ်စ် (Microsoft)၊ မာ့ခ် ဇပ်ကာဘတ် (Facebook) သုံးယောက်စလုံးမှာ တူညီတာ တစ်ခုက သူတို့တက္ကသိုလ်ပြီးအောင် ဆက်မတက်ဘဲ ကျောင်းထွက်သွားကြ တာပဲ။ တက္ကသိုလ်က ဘွဲ့မရလို့ သူတို့ ဘာဖြစ်သွားသလဲ။ သူတို့ သူဌေးတွေ၊ တီထွင်သူ ပညာရှင်ကြီးတွေ ဖြစ်သွားကြတာပဲ။ ဒီတော့ ဘွဲ့ဆိုတာ အရေးကြီးသလားဆိုတာ ပြန်လည် စဉ်းစားဖို့လိုလာပြီ။

ဒီသုံးယောက်အတွက်ကတော့ ဘွဲ့မရလို့ ဘာမှ ဆုံးရှုံးစရာ ဖြစ်မသွားပါဘူး။ သူတို့အတွက်ကတော့ ဘွဲ့မရတာ ပိုလို့တောင် ကောင်းသွားတယ်လို့ ပြောရမှာ။

သူတို့သုံးယောက် ဘွဲ့ရခြင်း၊ မရခြင်းနဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုံစရာတွေ အများကြီးပဲ။ ဘွဲ့ဆိုတာ အထင်ကြီးစရာ မဟုတ်ပါဘူးဆိုတာ သူတို့ သုံးယောက်နဲ့ ထောက်ပြကြတာတွေလည်းရှိတယ်။ ဘွဲ့မရဘဲ ထွက်သွားတဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့သုံးယောက်ကတော့ သိသိသာသာ ထင်ထင်ရှားရှား ကမ္ဘာကြီးကို ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့သူတွေဖြစ်နေတာကို သတိပြုမိမှာပါ။

ဒါပေမဲ့ တစ်ခုတော့ သိထားပါ။ အဲဒီသုံးယောက် ကမ္ဘာကြီးကို ပြောင်းလဲသွားအောင် လုပ်ခဲ့တာ ဘယ်မှာ အခြေခံခဲ့သလဲဆိုတာ။ သူတို့ တက္ကသိုလ် ကောလိပ်တွေမှာ သူတို့ အလုပ် သူတို့ဘဝတွေကို အခြေခံခဲ့တာ။ သူတို့ ကောလိပ်တက်စဉ် အိပ်မက်တွေ၊ စိတ်ကူးတွေကို ကျောင်းဆက်တက်နေရင် အကောင်အထည် မဖော်နိုင်တော့မှာ စိုးရိမ်လို့ ကျောင်းထွက်ပြီး စွန့်စားအကောင်အထည်ဖော်ခဲ့တာ။ ဒါကြောင့် ကျောင်းဟာ စိတ်ကူး အိပ်မက်တွေရဲ့ အခြေခံဆိုတာတော့ နားလည်ထားသင့်တယ်။

ဒုတိယတစ်ချက်အနေနဲ့ သူတို့ဘာကြောင့် ကျောင်းထွက်ရသလဲဆိုတော့ သူတို့ သိချင်တာတွေကို ကျောင်းက မဖြည့်ဆည်းပေးနိုင်ဘူး။ သူတို့ သိချင်တာက တစ်ခြား၊ ကျောင်းက သင်နေတာက တစ်ခြားဖြစ်နေတယ်။ သူတို့ လုပ်ချင်တာတွေကို ကျောင်းမှာ လုပ်နိုင်မလားလို့ အဖြေလာရှာကြည့်ကြတယ်။ ကျောင်းတွေက ဘာမှ မပေးနိုင်တော့ စိတ်ပျက်လာတယ်။ ဒါကြောင့် ကျောင်းကို စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ ခေတ္တလာပြီး ခိုနားရာနေရာတစ်ခုလို့ပဲ သဘောထားလာကြတယ်။

သူတို့သုံးယောက် တက္ကသိုလ်ရောက်လာချိန်က သူတို့မှာ ကိုယ်ခံအားတွေ ပြည့်လာနေပြီဆိုတာ သဘော ပေါက်ကြမှာပါ။ တက္ကသိုလ်လာမတက်မီကတည်းက လက်စ လက်နရှိထားသူတွေပေါ့။ သူတို့ သုံးယောက် စလုံးဟာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ပညာကိုယ်ကြိုးစားရှာတဲ့ (Self-driver) တွေ။ လွတ်လပ်စွာ ပညာရှာနေသူ (Independent learner) တွေ။ တက္ကသိုလ်လာပြီး အချိန်ဖြုန်းနေသူတွေ မဟုတ်ကြပါဘူး။

တက္ကသိုလ်ဆိုတာ သူတို့ သုံးယောက်အတွက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် လာရောက် မှီခိုနေတဲ့ နေရာမဟုတ်ဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်တယ်။ ဘာလုပ်သင့်တယ် ဆိုတာ ကိုယ်တိုင် ရွေးချယ်တယ်။ သူတို့ဘဝကို သူများက လာဆုံးဖြတ်တာမကြိုက်လို့ ကိုယ်လမ်း ကိုယ်လျှောက်၊ ကိုယ့်လမ်း ကိုယ်ဖောက်။

တတိယတစ်ချက်ကတော့ သူတို့မှာ ကျောင်းထွက်လိုက်ရလို့ ဘာမှ ဆုံးရှုံးစရာ မရှိဘူးလို့ ပြတ်သားစွာ သိမြင် ထားသူတွေဖြစ်နေတယ်။

ဒါဆိုရင် ဘာလို့ ကျောင်းလာတက်နေသလဲလို့ မေးစရာရှိတာပေါ့။ ခေတ်လူငယ်တွေအနေနဲ့ တက္ကသိုလ် ကောလိပ်ကျောင်းသားဆိုတဲ့ အရသာလေးတော့ မြည်းကြည့်ချင်တာပဲ။ မြည်းကြည့်ပြီးတော့ ခါးတာကို ထွေးထုတ်၊ နံတာကို လွှင့်ပစ်၊ မကြိုက်တာကိုမစားဘဲ ငြင်းပယ်သွားရဲတာ သူတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုတွေကို ပြနေတာ။

တက္ကသိုလ်တက်လိုက်မှ သူတို့ ဘာတွေ့သွားသလဲဆိုတော့

ငါ Boss ကို ရှာမလား

ငါကိုယ်တိုင် Boss လုပ်မလား

သူတို့သုံးယောက်ရဲ့ ရှာဖွေတွေ့ရှိချက်တွေက ကမ္ဘာကြီးကို ပြောင်းလဲသွားစေတာပဲဗျ။

တက္ကသိုလ်လာတက်တာ ဘွဲ့ဝတ်စုံလေးဝတ်ပြီးတော့ ဓာတ်ပုံလာအရိုက်ခံဖို့၊ မင်္ဂလာဆောင်ရင် အမြီးရှည် ချင်လို့၊ အလုပ်အကိုင်လေးများရမလားလို့ဆိုတဲ့ သဘောတွေနဲ့ သူတို့ကျောင်းတက်ခဲ့ကြမယ်ဆိုရင် ကွန်ပျူတာတွေ Facebook တွေ ယနေ့အထိ သုံးချင်မှတောင် သုံးရမယ်ထင်တယ်။

ဒါကြောင့် ကွန်ပျူတာ၊ ဆော့ဖ်ဝဲနဲ့ Facebook သုံးရတာကို ကြိုက်သူတွေက သူတို့ကို ကောင်းချီးပေးကြပါ၊ မကြိုက်သူတွေက ဆဲကြပါကုန်။

၃၀.၃.၂၀၁၇

Powered by Bullraider.com