တူတူရေဝါး ပညာရေး

https://s-media-cache-ak0.pinimg.com/originals/ed/de/8c/edde8c323112cf30d961055195307f42.jpg

ကားဂိတ်မှာ ကောင်မလေးတစ်ယောက်က ကားစောင့်ရင်း စာရွက်လေးတွေကိုကြည့်ပြီး တတွတ်တွတ်ရွတ်နေ တယ်။ သူ့ယူနီဖောင်းလေးကြည့်ပြီး စက်မှုလက်မှု သို့မဟုတ် အင်ဂျင်နီယာကျောင်းတစ်ခုခုက ဖြစ်မယ်လို့ ယူဆရတယ်။ သူစာတွေ ကျက်နေတယ်။ စာရွက်ထဲက စာတွေနဲ့သူ အတူတူဖြစ်အောင် လုပ်နေတယ်။ စာတွေ သူနဲ့ အတူတူပါသွားမှ စာမေးပွဲဖြေနိုင်မယ်ဆိုတဲ့အသိနဲ့ သူ့မှာသောကဖြစ်နေရှာတယ်။

ကျွန်တော်တို့ ပညာရေးစနစ်က စာအုပ်ထဲကအတိုင်း မတူ တူအောင်လုပ်တယ်

ဆရာတွေ သင်တဲ့အတိုင်း မတူတူအောင် လုပ်တယ်

သူတို့ကို သင်တဲ့ဆရာတွေကလည်း မတူတူအောင် ကျက်ခဲ့မှတ်ခဲ့ဖြေခဲ့ပြီး နေရာတွေရလာကြတယ်

ဒါကြောင့် သူတို့တပည့်တွေကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားတဲ့အတိုင်း မတူတူအောင်လုပ်ခိုင်းနေတယ်

“တူ တူ ရေ … ဝါး” ပညာရေး

Apple ဆိုတာ သိတယ်နော်။ ဖုန်းနဲ့ကွန်ပျူတာအပြင် အခြားဆော့ဖ်ဝဲ၊ သေးသေးမွှားမွှားလူသုံးပစ္စည်းလေး တွေကြောင့် ကမ္ဘာကျော်တယ်။ Apple ထုတ်ပစ္စည်းတွေ ဘယ်တော့မှ ဈေးမပေါဘူး။ တန်ဖိုးကြီးတယ်။ ကောင်းလည်းကောင်းတယ်။ ကမ္ဘာမှာ Standard တစ်ခုအနေနဲ့ ဂုဏ်ယူပြီးသုံးကြတယ်။

အဲဒီ Apple ကို ထူထောင်ခဲ့တဲ့ ဖန်တီးရှင်ကြီး စတိဗ်ဂျော့ ပြောသွားဖူးတဲ့ စကားလေးတစ်ခွန်း အလွန် ထိရောက်တဲ့ စကားလေးတစ်ခွန်း ပြောချင်တယ်။

“Think Different”

ဒီစကားလေးဟာ Apple ကုမ္ပဏီရဲ့ ဆောင်ပုဒ်လေးတစ်ခုဖြစ်သွားပြီး ကမ္ဘာကျော်သွားခဲ့ရတယ်။

ကမ္ဘာကျော် IBM ကွန်ပျူတာ ကုမ္ပဏီကြီးက “Think” ဆိုပြီး တစ်လုံးတည်းကို သူတို့ကုမ္ပဏီရဲ့ ဆောင်ပုဒ် အဖြစ် ထုတ်ထားတာရှိတယ်။ အဲဒါကို Apple ကုမ္ပဏီ အရှင်သခင် စတိဗ်ဂျော့က ရိုးရိုးမတွေးဘူး “Think Different” ဆိုပြီး လုပ်လိုက်တာ။ အရမ်းပေါက်သွားတယ်။

လူတွေကို ရိုးရိုးမတွေးနဲ့ … မတူအောင်တွေး၊ ကွဲပြားအောင်တွေး၊ ခြားနားအောင်တွေးလို့ တပ်လှန့်လိုက်တာ အရမ်းကို အောင်မြင်သွားတယ်။

လူတွေမွေးလာတယ်။ လောကထဲကိုရောက်လာကြတယ်။ ပိတ်လှောင်ထားတဲ့ နံရံကျဉ်းကျဉ်းလေးထဲမှာပဲ သတ်မှတ်ထားတာတွေ လိုက်လုပ်ရင်းက သေသွားကြတယ်။ ဘယ်သူကမှ သူတို့ဘေးဘက်တွေက နံရံတွေကို ဖောက်ထွက်ထုနှက်ပြီး ရုန်းထွက်ဖို့ မကြိုးစားခဲ့ကြဘူး။ မိသားစုလေးနဲ့ သာယာတယ်။ ကိုယ်ပိုင်မိသားစုလေး နောက်တစ်ခုထပ်တည်ဆောက်ပြီး ပျော်ရွှင်အောင်နေတယ်။ ရသမျှလေးတွေနဲ့ ရောင့်ရဲတင်းတိမ်ပြီး ဒီအတိုင်း နေရတာတွေကိုပဲ ဘဝလို့ သတ်မှတ်သွားကြတယ်။

အဲဒီလို ဘဝတွေဟာ အလွန်အကန့်အသတ်တွေကြားမှာ ရောက်နေပါလားဆိုတာ သတိမမူမိကြပါဘူး။ ဘဝဆိုတာ ချဲ့နိုင်ရင် ချဲ့နိုင်သလောက်၊ လုပ်နိုင်ရင် လုပ်နိုင်သလောက်၊ ဖန်တီးနိုင်ရင် ဖန်တီးသလောက် အများကြီးသက်ရောက်မှုရှိတယ်ဆိုတာ ဖောက်ထွက်တွေး၊ ဖောက်ထွက်လုပ်မှ သိနိုင်တယ်။

ကိုယ့်နံရံလေးဘက်ကို ဖောက်ထွက်လိုက်ပါ။ အပြင်မှာ တွေ့ကြုံရမှာတွေက အံ့သြစရာ၊ ပျော်ရွှင်စရာ၊ ကြည်နူးစရာတွေ အများကြီးရှိမှန်းသိပါလျက် ဘယ်သူမှ မလုပ်နိုင်ခဲ့ကြဘူး။

မွေးလာမယ်။ ကျောင်းတက်မယ်။ အလုပ်ရှာမယ်။ အိမ်ထောင်ပြုမယ်။ သားတွေ သမီးတွေ မွေးမယ်။ အသက်တွေကြီးလာမယ်။ ထိုင်စားမယ်။ တရားအားထုတ်မယ်။ သေချိန်ကိုစောင့်မယ်။ သေမယ်။

“No Different Think”

စတိဗ်ဂျော့ ပြောတာလေးတစ်ခု သိပ်ကြိုက်တယ်

“ခင်ဗျားတို့ ဘာဖြစ်လို့ ပညာတွေသင်သလဲ။ ပြောင်းလဲမှုတစ်ခုခု လိုချင်လို့။ ဘဝမှာ အပြောင်းအလဲ တစ်ခုခု ဖြစ်ချင်လို့။ ဘယ်လိုအပြောင်းအလဲလည်းဆိုတော့ လက်ရှိဘဝထက် ပိုကောင်းသွားတဲ့ အပြောင်းအလဲတစ် ခုခုကို လိုချင်လို့။ ဒီလို အပြောင်းအလဲတစ်ခုခုကို လိုချင်သူတွေက သူများလျှောက်ပြီးသား၊ သူများ ဖောက်ပြီးသားလမ်းကို လိုက်လျှောက်နေလို့ အောင်မြင်သွားမယ် … တိုးတက်သွားမယ်လို့ထင်သလား။ သူများ တွေ လမ်းအတိုင်းမလျှောက်နဲ့ ဖောက်ထွက်လိုက်”

အဲဒီလို ဖောက်ထွက်နိုင်ဖို့ ဘာလိုသလဲ

“Think Different”

၅.၄.၂၀၁၇

Powered by Bullraider.com