နှင်းခဲပျော်ချိန်

http://www.haaretz.com/polopoly_fs/1.780866!/image/249373202.jpg_gen/derivatives/headline_609x343/249373202.jpg

မြို့ထဲကို မရောက်တာကြာပါပြီ။ ရောက်လည်း ပန်းဆိုးတန်း စာအုပ်တန်းပဲ မွှေရတာ။ ဒီနေ့တော့ တက္ကသိုလ် တက်တုန်းက စွဲလမ်းခဲ့ရတဲ့ စာအုပ်လေးတစ်အုပ် အဟောင်းတန်းမှာ ပြန်တွေ့တယ်။

Yevtushenko ရေးတဲ့ “Selected Poems” ကဗျာစာအုပ်လေး။ တစ်ချိန်က ဒီစာအုပ်လေးကို မြို့ထဲက အင်းဝ တိုက်မှာ ဝယ်ဖတ်ခဲ့တာ ကောင်းကောင်းမှတ်မိသေးတယ်။ အဲဒီတုန်းက အသစ်စက်စက် ၂ ကျပ်ခွဲပဲပေးရ တယ်။ ခုတော့ အဟောင်းအနွမ်းလေးကိုတောင် ၁၀၀၀ ကျပ်နဲ့ ပေးဝယ်ခဲ့ရတာ။ ၁၉၇၅ လောက်က ၂ ကျပ်ခွဲ ဆိုတာ နည်းတဲ့ တန်ဖိုးမှ မဟုတ်တာ။

ယက်တူရှင်ကို ဆိုတာ ဆိုဗီယက်ရုရှားခေတ် ကဗျာဆရာကြီးတစ်ဦးပါ။ ၁၉၃၃ ခုနှစ်မွေး၊ ၂၀၁၇ ခုနှစ် အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်။ ဆိုဗီယက်ရုရှားခေတ် စာပေပညာရှင်ကြီးတစ်ဦးအနေနဲ့ နာမည်ကြီး တယ်။

ဆိုဗီယက်ရုရှားခေတ် (ကွန်မြူနစ်တွေ ကြီးစိုးထားတဲ့ခေတ်) မှာ ခရုရှက်သော (Khrushchev Thaw) ဆိုတဲ့ အချိန်တစ်ချိန် ရှိခဲ့ဖူးပါတယ်။ ၁၉၆၁ ခုနှစ်လောက်ကပေါ့။ လွတ်လပ်စွာ စာပေတွေကို ထုတ်ဖော်နိုင်တယ် ဆိုတဲ့ အချိန်မှာ ယက်တူရှင်ကိုရဲ့ ကဗျာတွေဟာ ပြည်သူတွေကြားထဲမှာ ခေတ်စားပြီး ရွတ်ဖတ်စရာတွေ ဖြစ်လာ ခဲ့ရတယ်။

ကျွန်တော် ကျောင်းသားဘဝကတည်းက သိပ်ကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ် (Lies) ဆိုတဲ့ ကဗျာ လေးပေါ့။

“လူငယ်တွေကို ညာပြောတာ မှားတယ်

လိမ်ညာနေတာတွေကို အမှန်တွေပါလို့ သက်သေပြနေတာလည်း မှားတယ်

ဘုရားသခင်ဆိုတာ ကောင်းကင်ဘုံမှာရှိတယ်

ကမ္ဘာကြီးဟာ ကောင်းသွားလိမ့်မယ်လို့ ပြောနေတာလည်း မှားတယ်

ခင်ဗျားတို့ ဘာတွေ ပြောနေသလဲဆိုတာ လူငယ်တွေသိတယ်

လူငယ်ဆိုတာ လူတွေပါပဲ”

ကျွန်တော်အရမ်းကို ကြိုက်ခဲ့ရပါတယ်။ သူ့ကဗျာတွေကို ကျောင်းသားဘဝကတည်းကလည်း ကြိုက်လွန်းလို့ ဘာသာတွေပြန်ပြီး မဂ္ဂဇင်းတိုက်တွေ လိုက်ပို့ဖူးတယ်။ ဘယ်မှာမှ မပါခဲ့ပါဘူး။

ကျွန်တော်တို့ ကျောင်းသားဘဝက ဆိုရှယ်လစ်ခေတ်။ ကျွန်တော်တို့ဟာ အလကားရတဲ့ ဆိုဗီာက်သံရုံးက စာပေတွေ၊ တရုတ်သံရုံးက စာပေတွေနဲ့ တက္ကသိုလ်ကျောင်းသားဘဝတွေကို ဖြတ်သန်းခဲ့ရတာလေ။ ကျွန်တော်တို့ ခေတ်က ဆိုဗီယက်ထုတ် Sputnik ဆိုတဲ့ မဂ္ဂဇင်းတွေ သိပ်ကြိုက်တယ်။ အင်းဝတိုက်မှာ ဝယ်ရင် တစ်အုပ်ကို ၁ ကျပ်ခွဲပဲပေးရတယ်။ တစ်လတစ်ကြိမ်ထုတ်တယ်။ ထုတ်သမျှ ဝယ်ဖတ်တယ်။ ကျွန်တော် ပထမဆုံးရေးတဲ့ ဘာသာပြန် ဝတ္ထုတို “ဂရက်ဖိုဖီလ်” ဆိုတာ Sputnik ထဲက ဘာသာပြန်ပြီး တက္ကသိုလ် မဂ္ဂဇင်းကိုပို့တာ။ ပါလာတော့ ဝမ်းသာလိုက်တာ။ ကိုယ့်လက်ရာ ပထမဆုံး ပုံနှိပ်အဖြစ် မြင်ဖူးတာ။

ဆိုလိုချင်တာက လူငယ်တွေကို စာဖတ်စေချင်တာ။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝတွေက ဆိုရှယ်လစ်ခေတ်ဆိုပေမယ့် (Ne Win Thaw) ဖြစ်သွားတဲ့ အချိန်လေးတစ်ချိန် ရှိခဲ့ဖူးတာပဲ။ ကျွန်တော်တို့ လူငယ်တွေ အဲဒီလို အခိုက်အတန့်လေးကို ရအောင်ကြိုးစားကြတယ်။ ဖောက်ထွက်ခဲ့ကြတယ်။

ခုခေတ်ကတော့ Thaw တောင်မဟုတ်ပါဘူး … Melt တောင်ဖြစ်နေပြီ။

လူငယ်တွေ … ခင်ဗျားတို့ကို ညာပြောလို့ မရတော့ဘူး

ညာပြောလည်း ခင်ဗျားတို့ မယုံကြတော့ဘူး

ကိုယ်ပိုင်ဖောက်ထွက်

ကိုယ်တိုင်လျှောက်မယ့်လမ်း

ဖြောင့်တန်းလျက်

လမ်းပေါ်မတက်

လမ်းပျောက်လျက်နေ

လမ်းဘေးမှာသေမယ်ဆိုရင်တော့ မတတ်နိုင်ဘူး။

ယက်တူရှင်ကို ပြောသွားတာက

“ပျော်ရွှင်မှုရဲ့တန်ဖိုးဟာ ပျော်စရာ မကောင်းဘူးဆိုတာ ဘယ်သူမှ မသိကြပါ” တဲ့

၈.၄.၂၀၁၇

Powered by Bullraider.com