ပြောင်းလဲလာသော တရုတ်ပညာရေးစနစ်

http://www.dipont-edu.org/images/home/4.jpg

ဖြတ်ခနဲကြည့်လိုက်လျှင် ယိပင်းအစိုးရကျောင်းသည် သာမန်ကျောင်းတစ်ကျောင်းဟု ထင်စရာဖြစ်သည်။ ယိပင်းကျောင်းသည် တရုတ်နိုင်ငံ ဆီချွမ်းပြည်နယ်၊ အနောက်တောင်ပိုင်းရှိ လူဦးရေ တစ်သန်းခန့်ရှိသော ယိပင်းမြို့လေးတွင် တည်ထောင်ထားသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။

ကျောင်းကွင်းပြင်ထဲတွင် ကျောင်းသားများ မတ်တပ်ရပ်နေကြသည်။ သူတို့ကျောနောက်တွင် နိုက်ထရိတ်၊ ဆာလ်ဖိတ်၊ ဖော့စ်ဖိတ်ဆိုသည့် စာလုံးလေးများပါသော စာရွက်လေးများ ကပ်ထားကြသည်။ သူတို့ ဂိမ်းတစ်ခု ကစားနေကြခြင်းဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ ဝေါဟာရများနှင့် သူတို့ ကစားနေကြခြင်းဖြစ်သည်။

ကစားကွင်းထဲတွင် အားကစားနှင့် ဓာတုဗေဒဘာသာရပ်ကို ပေါင်းစပ်ကာ သင်ကြားပေးနေခြင်းဖြစ်သည်။ ထိုကျောင်းလေးကို မြို့သားတွေက “ရေအေးတွင်းကျောင်း” ဟု အမည်ပေးထားကြသည်။ ကျောင်း အပေါ် ထပ်တွင် ကလေးများကို သမိုင်းနှင့် သင်္ချာပေါင်းစပ်သင်နေသည်။ နိုင်ငံတစ်နိုင်ငံ ကျဆုံးခြင်း ဖွံ့ဖြိုးတိုးတက် ခြင်းကို ကလေးတွေ ကိန်းဂဏန်းများဖြင့် လေ့လာနေကြသည်။

တရုတ်နိုင်ငံရှိကျောင်းများတွင် ထိုသို့သင်ကြားနေကြသည် ဆိုခြင်းမှာ ယုံကြည်နိုင်စရာ အကြောင်းပင်မရှိ။ သို့သော် ဂျာနယ်လစ်တစ်ယောက်လည်းဖြစ် ဆရာတစ်ယောက်လည်းဖြစ်သော ကျန်လင်းဆိုသူ၏ ထုတ်ဖော် ရေးသားလိုက်ခြင်းကြောင်း တစ်နိုင်ငံလုံး စိတ်ဝင်စားစရာဖြစ်သွားခဲ့ရသည်။

ကျန်လင်းက ဝေးလံခေါင်သီသည့်နေရာဒေသတစ်ခုတွင် ပညာရေးစနစ် ပြောင်းလဲနေပုံအကြောင်းကို ရေးသား ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ပညာရေးစနစ်က ကွန်ဖြူးရှပ်စနစ်များ လွှမ်းမိုးနေသေးသည်။ မူလတန်း ကျောင်းများတွင်လည်း မွန်တက်ဆိုရီ ပညာရေးစနစ်ကို အကောင်အထည် ဖော်နေကြသည်။ အစိုးရက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအဆင့်များကို ဖြေလျှော့ပေးလာပြီး တက္ကသိုလ် ဝင်တန်းနှင့် တက္ကသိုလ်ပညာရေးကိုသာ ချုပ်ကိုင်တင်းကျပ်ထားသောကြောင့် အောက်ခြေကစပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည်ကို သတိထားမိကြသည်။

ပညာရေးကို ပုဂ္ဂလိကသာမဟုတ် အစိုးရကဏ္ဍကလည်း ပုံစံတွေပြောင်းလာသည်။ သို့သော်ပါတီမူဝါဒ အရိပ်ထိုးမှုတွေကတော့ ရှိနေသေးသည်။ နိုင်ငံခြားအထင်မကြီးရေး၊ မျိုးချစ်စိတ်ဓာတ်ရှိစေရေးတွေဖြစ်သည်။ သို့သော် ကမ္ဘာကိုလှမ်းမျှော်ကြည့်နေသည့် တရုတ်တို့က Self-motivated နှင့် Critical Thinking အကြောင်း တွေ ဖော်ထုတ်လာကြသည်။

တရုတ်နိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသော ပညာရေး ပြဿနာမှာ ပြဋ္ဌာန်းထားသော ဘာသာရပ်များတွင် တစ်ခုနှင့်တစ်ခု ယုတ္တိနည်းကျကျ ချိတ်ဆက်မှုများ ကင်းမဲ့နေခြင်းဖြစ်ကြောင်း အသက် ၄၇ နှစ်အရွယ် ဆရာ ကျန်လင်းက ပြောကြားသည်။ သင်ရိုးပြဋ္ဌာန်းချက်များသည် အကြောင်းအရာ အချက်အလက်များကို သိရေး၊ စာမေးပွဲအောင်ရေးနှင့် ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာနိုင်ရေးလောက်သာဖြစ်နေသေးသည်ဟု သူကဆိုသည်။ သူက

“ဒီလိုအနေအထားတွေကြောင့် ကျောင်းသားတွေက ပညာသာ သင်နေရတာ အဓိပ္ပာယ်မဲ့သလို ခံစားနေကြရ တယ်။ သူတို့ဘဝတွေက ပြင်ပက ဖိအားတွေပေးပြီး လှုပ်ရှားခိုင်းတဲ့အတိုင်း လှုပ်ရှားနေကြရသလိုဖြစ်နေတယ်” ဟုလည်း ဝေဖန်ထောက်ပြခဲ့သည်။

ကျန်လင်းက ကျောင်းသားဘာကို စိတ်ဝင်စားကြောင်း ဦးစွာစုံစမ်းသည်။ သူစိတ်ဝင်စားသည့် အကြောင်း အရာကို သူ့ဘာသာ လွတ်လပ်စွာ ဖော်ထုတ်နိုင်စေရန် သူကအားပေးထားသည်။ သူ့အပေါ် ဖိအားတွေမပေး။ လမ်းကြောင်းတော့ ပြပေးထားသည်။ လွတ်လပ်စွာ ဖော်ထုတ်လေ့လာနိုင်ခြင်းမှာ ပညာရေး၏ အနှစ်သာရ တစ်ခုဖြစ်လာစေရန် သူကဖော်ထုတ်နေခြင်းဖြစ်သည်။ ချုံကင်းတွင်လည်း ဤသို့သော ပညာရေးစနစ်မျိုးကို အကောင်အထည်ဖော်နေသည့် ပုဂ္ဂလိကကျောင်းတစ်ကျောင်းရှိနေပြီဖြစ်သည်။

ရေအေးတွင်းကျောင်းတွင် ၆ တန်းမှ ၉ တန်းအထိဖွင့်ထားသည်။ ကျောင်းသား ၆၀၀ ခန့်ရှိသည်။ ထက်ဝက်ခန့်မှာ တစ်နယ်ရပ်ခြားမှ ပြောင်းရွှေ့လာရောက်နေထိုင်ကြသည့် အလုပ်သမား သားသမီးများ ဖြစ်ကြ သည်။ သူတို့ သင်နည်းစနစ်တွေက ထူးဆန်းနေသဖြင့် ပတ်ဝန်းကျင်တွင် ဝေဖန်လေ့လာစရာတွေဖြစ်နေသည်။

ဆရာကျန်လင်းက ၈ တန်းတွင်သင်သည်။ သူက ကျောင်းသားတွေကို ဆရာကသင်ကြားခြင်းထက် အုပ်စုဖွဲ့ပြီး လေ့လာဆန်းစစ် ဖော်ထုတ်နည်းများကို လုပ်ခိုင်းသည်။ သူတို့ကို ကွန်ပျူတာ၊ တက်ဘလက်များစီစဉ်ပေး ထားသည်။ အချင်းချင်း ပူးပေါင်းဆွေးနွေးနိုင်ရန် ဖန်တီးပေးထားသည်။ ကျောင်းတွင် ဒီဘိတ်သဘောတရား တွေကို လုပ်နိုင်သည်အထိ ကျောင်းသားတွေကို လမ်းဖွင့်ပေးထားသည်။

တရုတ်နိုင်ငံတွင် ဆိုဗီယက်စတိုင် ပညာသင်ကြားရေးစနစ် လွှမ်းမိုးနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကောလိပ်ကလည်း လုပ်ငန်းခွင်လိုအပ်ချက်အရ ပညာတတ်များကို မွေးထုတ်ပေးသည့် စနစ်ကို ကျင့်သုံးနေခဲ့ သည်။ ကျောင်းသားများ၏ဆန္ဒကိုမကြည့်။ အစိုးရဆန္ဒအတိုင်း ကျောင်းသားတွေက လိုက်ပြီး အကောင် အထည်ဖော်ပေးနေရသည့် စနစ်ဖြစ်နေသေးသည်။ အင်္ဂလိပ်စာ သင်ကြားမှုကလည်း ရှေးဟောင်းစတိုင်အတိုင်း ဖြစ်နေသေးသည်။ အလွတ်ကျက် အအောင်ပေးစနစ်ကို ဖောက်ထွက်ကြရပေလိမ့်ဦးမည်။

လွန်ခဲ့သော ၂ နှစ် ၃ နှစ်ခန့်ကစပြီး အစိုးရကလည်း ပညာရေးပြုပြင်ပြောင်းလဲမှုများကို ညင်သာစွာ ကိုင်တွယ် လုပ်ဆောင်လာခဲ့ကြောင်းတွေ့ရသည်။ အစိုးရက သင်ရိုးနှင့် သင်ကြားရေးပုံစံများကို ချုပ်ကိုင်ထားသေး သော်လည်း လက်တွေ့လေ့လာမှုကို ဦးစားပေးရန် လမ်းညွှန်မှုများ လုပ်လာသည်။ တစ်နည်းအားဖြင့် အစိုးရသည် ဝင်ရောက်စွက်ဖက်ခြင်းများကို အတတ်နိုင်ဆုံး လျှော့ပေးလာသည်ကိုတွေ့ရသည်။

ဆရာကျန်လင်းတစ်ယောက် တက်ကြွနေသည်။ မျက်စိမှိတ်ပြီး ယုံကြည်ခိုင်းခြင်းမခံရသော ကလေးများ၏ ပျော်ရွှင်မှုများကို သူကမျှဝေခံစားနေသည်။ သူလေ့ကျင့်ပေးနေသည့် ပညာရေးစနစ်သည် တရုတ်နိုင်ငံအတွင်း အာဏာရှင်ခေတ်အဆက်ဆက် ချုပ်ကိုင်ခဲ့သည့် ဒါမေး ဒါရေးကို တော်လှန်နေခြင်းဖြစ်သည်။ သူကလေးတွေကို နိုင်ငံရေးအကြောင်း ပြောပုံလေးကို နားထောင်ကြည့်မိသည်။

“ပြည်သူဆိုတာ အမြင့်ဆုံး အာဏာပိုင်တွေပဲကွ။ ပြည်သူက အဆုံးအဖြတ်ပေးရတယ်ဆိုရင် ပြည်သူကို အာဏာအပြည့်ပေးရမယ်။ ပြည်သူက အုပ်ချုပ်ရမယ်”

ဤသို့သော စကားမျိုး တရုတ်ကျောင်းများတွင် ကြားရဖို့မလွယ်ပေ။ အာဏာရှင်စနစ်ကို ပြုပြင်ပြောင်းလဲရန် ကလေးတွေစိတ်ထဲကို ကျန်လင်းတစ်ခုခုပေးနေကြောင်း သိသာလှသည်။

တရုတ်နိုင်ငံတွင် လူဦးရေစီမံကိန်းပြန်စနေပြီဖြစ်သည်။ တစ်မိသားစု ကလေးတစ်ယောက်နှုန်းဆိုသည့်မူဝါဒကို ဖြေလျှော့ပေးလိုက်သည်။ သူတို့ကလေးတွေ တိုးယူ၍ရလာပြီ။ နောက်မျိုးဆက်သစ်အတွက် ပညာရေးကို ပြုပြင်ပြောင်းလဲထားရန် သူတို့ပြင်ဆင်နေကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲစနစ်ကို အစိုးရက ချုပ်ကိုင်ထား သေးသည်။ သို့သော် မိဘတွေက နိုင်ငံခြားလွှတ်ပြီး ပညာသင်ကြားရေးနှင့် အသက်မွေးကျောင်းပညာရေး များကို စိတ်ဝင်စားလာကြသည်။

ကျန်လင်း၏ ပညာရေးနည်းစနစ်ကို ပြည်နယ်အတွင်းရှိ ကျောင်းများက လာရောက်လေ့လာကြသည်။ သူ့နည်း အတိုင်း ပြည်နယ်အတွင်း လိုက်ပြီး အကောင်အထည်ဖော်နေသော ကျောင်းသုံးကျောင်းရှိလာသည်။ တတိယမြောက်ကျောင်းကို ကွမ်ကျိုးတွင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ သူက စနစ်သစ် သင်ရိုးသစ်များကို ပညာရေးအကြံပေးများခေါ်ပြီး ကိုယ်တိုင်ဆွဲနေသည်။ ကျောင်းအားလုံး ကွန်ရက်ချိတ်ဆက်နိုင်ရန်လည်း စီစဉ်ထားသည်။

လာမည့် စာသင်နှစ်တွင် ကျန်လင်း၏ ရေအေးတွင်းကျောင်းမှ ပညာရေးစနစ်အတိုင်း ကျောင်းပေါင်း ၃၀ ခန့် အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြသည်။ တရုတ်တို့ပြောင်းမှဖြစ်မည်ကို သဘောပေါက်လာကြသည်။

(Ref : Playing With More Creativity and Less Cramming, Anthony Kuhn)

Powered by Bullraider.com