ပိတ်တားလား ပြိတ္တာလား

Stop, Hand, Finger, Containing, Off, Final

“အတ္တာ ဟိ အတ္တနော နာထော”

ဗုဒ္ဓဘာသာဝင်တွေ ကြားဖူးပြီး သတိမထားကြတဲ့ ဘုရားဟော။

ဗုဒ္ဓကဟောခဲ့ပါတယ်။

“မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာ အရှင်ဖြစ်၏” တဲ့။

ဗုဒ္ဓ ဟောကြားတော်မူခဲ့တာကို (ဓမ္မပဒ၊ အတ္တဝဂ္ဂ) မှာ ဒီအတိုင်းတွေ့ရတယ်။

ကိုယ့်ကိုယ်ကိုယ် အားကိုးစိတ်လေးတွေ ပျောက်နေကြပြီ။ ဒါကြောင့် စာအုပ်တွေ အများကြီးထုတ်တယ်။ ဝယ်ဖတ်ဖို့ အားမထုတ်ကြဘူး။ ငှားဖတ်ဖို့ အားမထည့်ကြဘူး။ ပြောချင်ရာပြောနေတဲ့နေရာတွေမှာ သွားပြီးတော့ ငေးမောနေကြတယ်။ ဟုတ်နိုးနိုး ယုံကြည်ကိုးစားနေကြတယ်။ အဲဒီဟောပြောနေတဲ့သူတွေ ကရော ဒီလိုဟောပြောနိုင်အောင် ဘယ်က သိခဲ့ကြတာလဲ။ မွေးရာပါအသိ ဘယ်သူ့မှာမှမရှိပါဘူး။

စာလုံးပေါင်း သတ်ပုံသင်တန်းတဲ့။ အလို စာများများရေးရင် မှားတတ်တာလေးတွေ သတိထားမိတယ်။ မှားသလား၊ မှန်သလား ဆုံးဖြတ်ပေးနိုင်တာက သတ်ပုံကျမ်းလေ။ သတ်ပုံကျမ်းလေးကို ဖွင့်ကြည့်လိုက်ရင် သိနိုင်တဲ့ဟာကို စာလုံးပေါင်း သတ်ပုံကျမ်းသင်တန်း ဖွင့်တဲ့သူကဖွင့်၊ တက်တဲ့သူတွေကတက်။ လူတွေ အလွယ်လိုက်လာကြတာများ အံ့အားသင့်မိတယ်။

ကျောင်းတွေမှာ ကျောင်းသားတွေကို “အားထုတ်နည်း” “အားထည့်နည်း” “ပူးပေါင်းအဖြေ ရှာနည်း” “ရင်းမြစ်နောက်လိုက်နည်း” ဆိုတာတွေကို မသင်ခဲ့တာ နှစ်ပေါင်းများစွာ။

အဲဒီ ပညာရေးအောက်မှာ ကြီးပြင်းလာကြသူတွေဆိုတော့ ဆရာအားကိုး၊ သင်သူအားကိုး၊ ဟောသူအား၊ ပြောသူအားကိုး၊ ဟိုလူပြော ဟုတ်နိုး၊ သည်လူပြောမှန်နိုးဖြစ်ကုန်တာ မဆန်းပါဘူး။

“အားထုတ်” သူတွေ ဖြစ်မလာတော့ဘူး

“အားထား” သူတွေဖြစ်အောင်

ခေတ်က၊ စနစ်က၊ စနစ်ကျစွာ ဖျက်ဆီးလာခဲ့တာ နှစ်ပေါင်းတွေကြာတော့ လူတွေ အားထုတ်ရမှာ မေ့လာတယ်။

ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားခဲ့တာတွေကို နားမလည်လောက်အောင် ဖြစ်လာကြတယ်။

“အတ္တာ ဟိ အတ္တနော နာထော”

ဗုဒ္ဓက အလကားပြောခဲ့တာ မဟုတ်ဘူး။

ကျောင်းတွေမှာ

“ပဉ္စဂုဏံ အဟံ ဝန္ဒမိ … အာစရိယဂုဏံ အဟံ ဝန္ဒာမိ” လို့ ပြောခိုင်းပြီးမှ နောက်ကနေ

“မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” လို့ ပြောခိုင်းခဲ့တာဟာ အလကား လုပ်ခိုင်းခဲ့တာ မဟုတ်ဘူး။ သူတို့ကို အားကိုး သူတို့သာရှိခိုး မင်းတို့ ဘယ်တော့မှ အကျိုးမနည်းစေရဘူးဆိုပြီးတော့ စနစ်တကျ လုပ်ခဲ့ကြတာ။ အဲဒါကို နှစ်ပေါင်းများစွာ မှန်ပါ့ဘုရားတွေက လိုက်ပြီး အကောင်အထည်ဖော်နေခဲ့ကြလို့ ပညာရေး ပျက်စီးနေတာ။

ဘဘဗိုလ်ချုပ်တွေကို မရှိခိုးခိုင်းကတည်းက ကျောင်းတွေမှာ “အတ္တာ ဟိ အတ္တနော နာထော” ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းသူတွေ မွေးထုတ်ပေးရေးတွေကို မပျောက်ပျောက်အောင် ဖျောက်ထားခဲ့ကြတာ။ ခေတ်ကဖျောက်တာ၊ စနစ်ကဖျောက်တာ။

ပညာရေးပြုပြင်ပြောင်းလဲချင်သလား။ အလွယ်လေး ဗုဒ္ဓစကား နားထောင်လိုက်၊

“အတ္တာ ဟိ အတ္တနော နာထော” ဆိုတာလေးကို စပြီးတော့ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြည့် လိုက်

ဆရာတွေကိုလည်း “အတ္တာ ဟိ အတ္တနော နာထော”

တပည့်တွေကိုလည်း “အတ္တာ ဟိ အတ္တနော နာထော”

အဲဒီလိုစနစ်ကောင်းတွေနဲ့ အကောင်အထည်ဖော်ပေးနိုင်တဲ့ ပညာရေးမျိုး ဖြစ်အောင် ပြောင်းကြည့်လိုက်။

ခင်ဗျားတို့ မပြောင်းနိုင်ပါဘူး

ဘယ်တော့မှ မပြောင်းလဲနိုင်ပါဘူး

ဗုဒ္ဓကဟောခဲ့ပါတယ်

“မိမိကိုယ်ကို ပဲ့ပြင်ပြီးမှ သူတစ်ပါးကို ပဲ့ပြင်ရာ၏”

ကိုယ့်ကိုယ်ကို မပဲ့ပြင်နိုင်သေးတဲ့သူတွေက ဦးဆောင်ပြီး ရှေ့ကပိတ်ထားတာ။ ပိတ်တားတွေများနေတဲ့ ပညာရေးလောက ဘယ်မှာရှေ့ရောက်နိုင်တော့မှာလဲ။

၁၉.၄.၂၀၁၇

Powered by Bullraider.com