ဟိုးရှေးရှေးတုန်းက

https://www.wired.com/images_blogs/autopia/2009/07/gm_battery_lab03.jpg

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ အထောက်အပံ့အကူအညီ၊ နိုင်ငံတော် အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးဌာနမှ လူကြီးမင်းများ၏ အကူအညီဖြင့် မြန်မာ့အစွမ်း ကမ္ဘာကို လွှမ်းစေရမည်ဆိုကာ ကြိုးစားလုပ်ဆောင်ကြလေ သည်။

ပဏာမ ညှိနှိုင်းမှုအကြိမ် ၁၁၇၅ ကြိမ်၊ ဦးဆောင်အဖွဲ့ တွေ့ဆုံချိန် ၂၂၂ ကြိမ်၊ တံခါးပိတ်ဆွေးနွေး အတည်ပြု ကြိမ် ၇၈ ကြိမ်၊ နောက်ဆုံး ဖိုင်နယ်ဆုံးဖြတ်ချက်ချချိန် ၂၁ ကြိမ် လူကြီးမင်းများ၊ လူလတ်မင်းများ၊ လူငယ်မင်းများ ပြုလုပ်ပြီးသကာလ ကမ္ဘာ့အပါးဆုံး Laptop ကွန်ပျူတာကို တီထွင်ကြရန် ဆုံးဖြတ်လိုက်ကြပါ တော့သည်။

“ဖြောင်း …. ဖြောင်း … ဖြောင်း”

အဖွဲ့သဘာပတိမှူးချုပ်ကြီးက အမြော်အမြင်အလွန်ကြီးမားစွာဖြင့်

“လူငယ်တွေကို နေရာပေးပါ … လူငယ်တွေကို ရွေးချယ်ပါ … လူငယ်တွေကို ပရောဂျက်ချပေးပါ” ဟု ပြောရှာသည်။

လူငယ်ဆိုသည့် အသက်အရွယ် ပိုင်းခြားသတ်မှတ်ချက်ကို အတည်ပြုနိုင်ရန်အထူးအစည်းအဝေးကို သုံးကြိမ် တိုင် ကျင်းပခဲ့ရသည်။ ယခင်က အိုင်တီကဏ္ဍတွင်လည်း လူငယ်ဆိုသည်ကို ၄၀ ကျော် ၆၀ အတွင်း သတ်မှတ်ပြီး နိုင်ငံခြားလွှတ်ခဲ့ကြသောကြောင့် ဖွဲ့စည်းပုံတွင် အသက် ၁၈ နှစ်မှ ၃၀ အတွင်းကို လူငယ်အဖြစ် အကြိမ်ကြိမ်ဆွေးနွေး၊ အကြောက်အကန်အော်ဟစ် ငြင်းခုံပြီး အတည်ပြုခဲ့ကြရသည်။

အလွန်အားတက်စရာကောင်းသည်။ မြန်မာ့အိုင်တီလောက တစ်ခေတ်ပြောင်းပြီ။ သူများတွေပါးသည် ဆိုခြင်းထက် ပိုပါးသည့် Laptop ကို တီထွင်နိုင်ခဲ့ကြသည်။ ကမ္ဘာက Ultrabook များကို 0.8 လက်မ ထုတ်နေချိန်တွင် မြန်မာနိုင်ငံ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် 0.5 လက်မအထူကို စံချိန်တင် ထုတ်နိုင်ခဲ့သည်။

“ဖြောင်း … ဖြောင်း … ဖြောင်း”

ယနေ့ ဝန်ကြီးကိုယ်တိုင် လာရောက်ပြီး ဂုဏ်ယူစစ်ဆေးကြွရောက်အားပေးမည့်နေဖြစ်သည်။ အနားပြာ၊ အဖျားပြာ၊ အရင်းပြာတွေအားလုံး ဝန်ကြီးကို ကြိုဆိုရန် အလုပ်တွေ ရှုပ်နေကြသည်။ ကြွလာပါပြီ။ မြန်မာ့ဂုဏ်ဆောင် Guinness World Record စံချိန်ကိုချိုးရန်အတွက် အဖွဲ့အစည်း အသီးသီးကလည်း နိုင်ငံ တကာက ရောက်ရှိလာပြီး လေ့လာကြသည်။

စားပွဲပေါ်တွင် တင်ထားသည့် Myanmar Arpalarbook သည် မှန်ချပ်လေးတစ်ခုကို ချထားသလိုဖြစ်နေသည်။ တာဝန်ရှိ လူကြီးမင်းများ ဂုဏ်ယူအားကျ ဝမ်းမြောက်ကာ ခုန်ဆွခုန်ဆွဖြစ်နေကြသည်။

“မြန်မာဟေ့ … မြန်မာ”

ဝမ်းသာအားရ စိတ်ထဲတွင် ပီတိတွေဖြစ်နေကြသည်။ ဝန်ကြီး ကြွချီတော်မူလာပြီ။

“အခမ်းအနား အစီအစဉ်အရ ဝန်ကြီးကိုယ်တိုင်က Myanmar Arpalarbook ကို ခလုတ်နှိပ်ဖွင့်ပေးရန် ဖြစ်ပါတယ်ရှင်”

ဝန်ကြီးကရှေ့တက်လိုက်ပြီး ခလုတ်နှိပ်ရန် ပြင်လိုက်ပြီးမှ

“နေစမ်းပါဦး ကျုပ်မသိလို့ တစ်ခု မေးစမ်းပါရစေ”

“ဟုတ်ကဲ့ မေးပါအဘ”

“ကွန်ပျူတာလေးကတော့ ပါးလှပ်နေတာပဲ … ကျုပ်တွေ့ဖူးသမျှထဲမှာ အပါးဆုံးပဲ”

“ဟုတ်ကဲ့ပါအဘ … ကမ္ဘာ့စံချိန်ချိုးဖို့ အသင့်ပါ”

“ဒါနဲ့ နေပါဦး ကွန်ပျူတာစားပွဲအောက်က ကလေးတစ်ရပ်လောက် သေတ္တာကြီးနှစ်လုံးက ဘာတွေလဲ”

“ဟို … ဟို … အဘရယ် … အဲဒါ … အဲဒီ ကွန်ပျူတာအတွက် ဘက်ထရီနှစ်လုံးပါအဘ”

မြန်မာ့အစွမ်း ကမ္ဘာကို လွမ်းစေရမည်။

၂၉.၄.၂၀၁၇

Powered by Bullraider.com