ရခိုင်မျိုးဆက်တို့ ပညာတတ်ဖို့ ပို၍ လိုပြီ

ရခိုင်အကြောင်း ဆောင်းပါး မရေးဖြစ်တာကြာပါပြီ။ ဒီလို ဆောင်းပါးမျိုးတွေက မုန့်ဝေမှာထက် ဒုတ်ဝေခံရဖို့ ပိုများတဲ့အတွက်ပါ။ ဒါပေမယ့် အခုတလော ရခိုင်နဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာတွေ များလာတော့ ဖြစ်ချင်တာဖြစ် ပြန်ရေးဦးမှပဲ ဆိုတဲ့ စိတ်ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်းမေးဖြစ်တယ်.. ဘယ်လောက်မျှ မျှ တတရေးနိုင်မလဲ ဆိုတာမျိုး။.ဒါပေမယ့် နောက်ဆုံးတော့ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ရေးမယ်လို့ပဲ စိတ်ပိုင်းဖြတ်ပါတယ်..။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ရခိုင်နောင်ရေးဆိုတဲ့ ဆောင်းပါးလေး ရေးပြီး ရပ်ထားခဲ့ရကနေ အခုတော့ ရခိုင်နောင်ရေး ၂ ကို ဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပါပြီ.. ယခင်ဆောင်းပါးကို ဖတ်လိုသူတွေ ဖတ်နိုင်ဖို့တင်ပေးလိုက်ပါတယ်။ 

ရခိုင့်နောင်ရေး

ရခိုင်ပြည်နယ် ဆိုသည်မှာ အဘယ်နည်းဟု မေးလာခဲ့လျှင် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှ မထင်မရှား ကမ်းရိုး တန်းပြည်နယ် တစ်ခုဟုပင် ဖြေဆိုရပေလိမ့်မည်။ သို့သော် ထို မထင်မရှားမရှားပြည်နယ်လေးသည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် အတူ နိုင်ငံတကာ မျက်နှာစာတွင် ထင်ရှားလာခဲ့သည်။ အတိအကျ ဖော်ပြရမည်ဆိုလျှင် ၂၀၁၁ ခုနှစ် တွင်စခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့်အပြိုင် ပဋိပက္ခများဖြင့် အသက်ဝင်လှုပ်ရှား လာခဲ့သော၊ နိုင်ငံတကာစိတ်ဝင်စားမှု ကို အထူးရရှိလာခဲ့ သော တိုင်းရင်းသား ပြည်နယ် တစ်ခုပင်ဖြစ်သည်။ 

ထိုပြည်နယ်ကလေးတွင် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းများကြောင့် လူအသေအပျောက်များ လည်း ရှိခဲ့သည်၊ လူပေါင်း တစ်သိန်း လေးသောင်း ရွှေ့ ပြောင်းအခြေချခဲ့သည်၊ ထိုဖြစ်ရပ် ကြောင့်ရခိုင်ပြည်နယ် အပေါ် နိုင်ငံတကာက အာရုံပိုစိုက်လာသည် ဟု International Crisis Group က ဖော်ပြထားသည်။ 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အဆိုပါ ကမ်းရိုးတန်းပြည်နယ်လေးတွင် လူဦးရေ ၃ ဒဿမ ၁၈ သန်းခန့် ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် အဆင်းရဲဆုံးဟု ဆိုနိုင်သည်။ လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုနှင့်အတူ ခေတ်အဆက်ဆက် ပညာရေး၊ စီးပွားရေး၊ နိမ့်ကျရာမှအဆင်းရဲဆုံး ပြည်နယ် တစ်ခုဖြစ်လာခဲ့ခြင်းသည် မျှော် လင့်ပြီး သား အနေ အထားတစ်ခုဟု ဆိုနိုင်သော်လည်း ဘာသာရေး၊ လူမှုရေး အဓိကရုဏ်းများ ထူပြောသည့် ( Fault Line) တစ်ခုဖြစ်လာခဲ့ခြင်းမှာတော့ ရခိုင့်နောင်ရေးအတွက် ရင်မအေးစရာလည်း ဖြစ်လာသည်။ 

Myauk Oo

သမိုင်းထဲက ရခိုင်

ရခိုင်တွင်ဓည၀တီခေတ်၊ ဝေသာလီခေတ် ၊လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဆိုသည့် ခေတ်ကြီးလေးခေတ် ပေါ်ထွန်းခဲ့ပြီးသမိုင်းတလျှောက် ယဉ်ကျေးမှုလည်း အတော် ထွန်းကားခဲ့သည်ဟု ဆိုနိုင်သည်။ သို့ သော် ခရစ်နှစ် ၁၃၄၀ တွင်စတင်ခဲ့သော မြောက်ဦးမင်းဆက်သည် မဟာသမ္မတမင်းလက်ထက်တွင် အဆုံးသတ် သွားခဲ့သည်။ ၁၇၈၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ဖြစ်သော ဘိုးတော်ဘုရား၏ သိမ်းယူခြင်းခံရသည်။ ခရစ်နှစ် ၁၈၂၄ တွင် ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲဖြစ်ပွားပြီး အကျိုးဆက်အဖြစ် ရခိုင်ကို အင်္ဂလိပ်က သိမ်းပိုက်လိုက်သည်။ 
မြောက်ဦးခေတ်မှ အင်္ဂလိပ်ကိုလိုနီခေတ်အထိ ရခိုင်ပြည်သည် နိုင်ငံရေးအရ နိမ့်ပါးခဲ့သည် ဆိုသော်လည်း ရခိုင် လူမျိုး ပညာရှင်အများအပြား ပေါ်ထွန်းခဲ့သည်ကို တွေ့ရသည်။ ပညာရပ်ဆိုင်ရာနယ်ပယ်၊ စာပေအနုပညာနယ် ပယ် တို့ တွင် ရခိုင်ပညာရှင်များ ပေါ်ထွန်းခဲ့ကြသည်။ 

ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်ခဲ့သော ဆရာတော် ဦးဥတ္တမမှအစ နန်းရင်းဝန်ဖြစ်ခဲ့သော ဆာပေါ်ထွန်း အလယ်၊ ကိုလိုနီပညာရေးကို ဆန့်ကျင်ခဲ့ကြသော ကျောင်းသားများအဆုံး ရခိုင်ပညာရှင် ၊ ရခိုင်ခေါင်းဆောင်၊ ရခိုင်တော် လှန်ရေးသမား အများအပြားရှိခဲ့သည်။ ဆိုလိုသည်မှာ ရခိုင့်ဂုဏ်ကို ဆောင်ခဲ့သော ရခိုင်များ ရှိခဲ့ခြင်းပင်ဖြစ်သည်။ 

ယနေ့ ခေတ်ရခိုင် 

ယနေ့ခေတ်တွင် ရခိုင်ပြည်နယ်၏ အခြေအနေသည် တစ်ဖြည်းဖြည်း ဆုတ်ယုတ်ယိုယွင်း လာနေသည်။ ကုလသမဂ္ဂက၏ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်နှင့်ကြည့်လျှင် တစ်ရက်ဝင်ငွေ ၁ ဒဿမ ၂ ဒေါ်လာအောက်သို ရောက်နေသော ရခိုင်လူဦးရေမှာ၇၀ ရာနှုန်းခန့်  ရှိနေသည်။ ရခိုင်ပြည်နယ်ရှိ လူဦးရေနှစ်သန်းကျော်မှာ အလွန် အမင်းဆင်းရဲမှု ( Extreme Poverty) ထဲ နစ်နေသည်ဟု ဆိုရပါမည်။ ယင်းအချက်သည် ရခိုင်ပြည်နယ် အစိုးရနှင့်အတူ ပြည်ထောင်စုအစိုးရတစ်ရပ်လုံးအတွက် ခေါင်းခဲစရာပြဿနာတစ်ခုဖြစ်နေသည်။

ဆင်းရဲမွဲတေမှု စိုးရိမ်ရေမှတ်ရောက်ရှိနေခြင်း၊ ပြည်မနှင့် သီးခြားကဲ့သို့ ရှိနေပြီး လုံခြုံရေးတွင် ခြိမ်းခြောက် ခံနေရခြင်း စသည့်ပြဿနာများကြောင့် ရခိုင်ပြည်သူပြည်သား များ၊ ထိုင်း၊မလေးရှား၊ အင်ဒိုနီိးရှား စသည့် အိမ်နီးချင်း နိုင်ငံများတွင် သွားရောက် အလုပ် လုပ်ကိုင်ကြရ သည်။ မြန်မာ-တရုတ်နယ်စပ်ရှိ ရွှေလီမှတဆင့် တရုတ်ပြည်ထဲသို့ သွားရောက် အလုပ်လုပ်ရင်း ဒုက္ခမျိုးစုံခံနေရသည့် ရခိုင်များလည်းရှိ သည်။ယနေ့ခေတ် ရခိုင်သားများ ပြည်ပ၌ အလုပ်လုပ်ရန် နေရပ်ဇာတိကို စွန့်ခွာနေသည့် ဖြစ်ရပ်သည် အရှိန်အဟုန်ပြင်းပြင်း နှင့် စီးဆင်းနေသော ရေစီးကြောင်း(Trend) သဖွယ်ဖြစ်လာခဲ့သည်။ 

သို့တိုင်အောင် ရခိုင်ပြည်နယ်၏ လူဦးရေသည်လည်း မကျဆင်းသွား။ယင်းအချက်ကို ၂၀၁၄ သန်းခေါင် စာရင်း က မီးမောင်းထိုးပြနေသည်။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းတွင် ၁ သန်း ၇ သိန်း ရှိခဲ့သော ရခိုင်ပြည်နယ်၏ လူဦးရေ သည် ၁၉၈၃ ခုနစ်က ကောက်ခံခဲ့သော သန်းခေါင် စာရင်းတွင် ၂ သန်း ၄ သောင်းရှိနေသည်။ ၂၀၁၄ ခုနှစ်တွင် ၃သန်း ၁ သိန်း ၈ သောင်း ရှိသည့်အတွက် ၁၉၇၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၆ရာနှုန်း တိုးလာသည်ကို တွေ့ရ မည်ဖြစ်ပါ သည်။ 

အလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲမှုကြောင့် ရခိုင်သားများကိုယ့် ပြည်ကိုယ့်ရွာကို စွန့်ခွာကြချိန်တွင်နယ်မြေချင်း ထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်ဆီသို့ ရွှေ့ ပြောင်းလာသူတွေ များလာခြင်းမှာလည်း အကြောင်း တရားတစ်ခုပင်ဖြစ်သည်။ လက်ရှိ အချိန်တွင် လူဦးရေ ၆၀ ရာနှုန်းသည် ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာ ၀င်များဖြစ်ပြီး ကျန် ၃၀ရာနှုန်း မှာ အစ္စလာမ် ဘာသာဝင်များဖြစ်နေသည်။ ခရစ်ယာန်ဘာသာနှင့် မိရိုးဖလာ နတ်ကိုး ကွယ် သူ ၁၀ ရာခိုင်နှုန်းရှိနေသည်ဟုInter- national Crisis Group ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

နိုင်ငံတကာအမြင်ထဲက ရခိုင်ရုပ်ပုံ

ရခိုင်လူမျိုးတို့သည် ရခိုင်ပြည်ကိုလည်းကောင်း၊ သူတို့၏ အမျိုးဘာသာ၊ သာသနာကိုလည်းကောင်း အလွန် တရာချစ်တတ်ကြသည်။ ရခိုင်ဆိုသည်ကား ရက္ခိတ ဆိုသည့် စကားမှ လာခဲ့ခြင်းဖြစ်ပြီး အမျိုး ဘာသာ၊ သာသနာစောင့်ထိန်းသူ ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ရခိုင်သားများသည် ငယ်စဉ်ကပင် အဆိုပါလက်ခံနား လည်မှုဖြင့် ကြီးပြင်းလာ ကြရသည်သာ များသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာကိစ္စများနှင့် ပတ်သက် လျှင် ရခိုင်လူမျိုးအများစုသည် အကဲဆတ်ကြသည်။ 

သို့သော် လက်ရှိအချိန်တွင်ရခိုင်ဆိုသည်ကို ပဋိပက္ခတွေဖြစ်ပွားသည့်နေရာတစ်ခုအဖြစ်သာ ကမ္ဘာက သိနေသည်။ ထို့ ပြင် ရခိုင်လူမျိုးများ အပေါ်မြင်သည့်အမြင်မှာလည်း သိပ်မကောင်းလှ။ ဆင်းရဲမွဲတေမှုကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ရသည့် ရခိုင်လူမျိုးများကို ဆင်းရဲသားလူတန်းစား၊ အလုပ်ကြမ်းသမားများ အဖြစ် သတ်မှတ် ထားကြသည်။ ရခိုင်ဆိုလျှင် လူမျိုးစွဲစိတ်ဓာတ်ရှိသူ၊ ရန်လိုသူဟူသော အမြင်များသာလွမ်းမိုး သည်။

ဥပမာ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကြောင့် ရခိုင်သားတို့ ၏ ပုံရိပ်မှာ အရုပ်ဆိုးသလို ဖြစ်ရသည်။ ထိုင်းနိုင်ငံ တွင် မြန်မာနိုင်ငံသား အလုပ်သမား လေးသန်းဝန်းကျင် ရှိသည်။ ယင်းအနက်မှ ရခိုင်လူမျိုးနှစ်ယောက်က တရားခံဖြစ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် အဆိုးမြင်ခံခဲ့ ရသော ရခိုင်၏ ပုံရိပ်သည် ထိုလူသတ်မှု ကြောင့် ပိုပျက်ယွင်းသွားမည်လားဟု စိုးရိမ်ရသည်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲသည်သာမက စိတ်ဓာတ်ပိုင်း ဆိုင်ရာပါ ဆင်းရဲသည်ဟု အထင်ခံရလျှင် ရခိုင်လူမျိုးတို့ အတွက် နစ်နာလှသည်။ 

မည်သို့ ဖြစ်စေ ယနေ့ ခေတ်ရခိုင်လူမျိုးတို့ ၏ ပကတိ အမှန်တရားမှာ ပညာတတ်နည်းပါးပြီး အလုပ်သမား လူတန်းစားသာ များပြားနေခြင်းပင်ဖြစ်သည်။ ရှေးယခင်ခေတ်များမှာလို ပညာရှိ မပေါများ။ ကမ္ဘာ့အဆင့် မီ ပညာရှင်တွေ မရှိသလောက် ရှားလာသည်။ ဒီအတိုင်းဆက်သွားလျှင် ပညာတတ်ရခိုင်ဟူ၍ ညွှန်ပြစရာမရှိ 
သည့် အဖြစ် သို့ ရောက်သွားနိုင်သည်။ ထို့ကြောင့် ရခိုင်လူမျိုးတို့၏ အနာဂတ်ကား ရင်လေးစရာဖြစ်နေသည်။ 

ထို့ ပြင် စားဝတ်နေရေးပြဿနာအတွက် နိုင်ငံတကာမှာ သွားရောက်လုပ်ကိုင်ရင်းဇာတိရခိုင်ပြည်ကို မြတ်နိုး သည့် စိတ်ဓာတ်များ လျော့ပါးသွားနိုင်သေးသည်။ သို့ ဆိုလျှင်ရခိုင်ပြည်နယ်ကို သာယာလှပအောင်၊ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းမည့် စဉ်းစားတွေးခေါ်မှုများလည်း တဖြည်းဖြည်း ဆိတ်သုဉ်းသွားပေလိမ့်မည်။ 

အခွင့်အလမ်းနှင့်စိန်ခေါ်မှု

ရခိုင်ပြည်နယ်တွင် ပထ၀ီအနေအထားအရ အားသာချက်ရောအားနည်းချက်ပါ ရှိနေသည်။ အားသာချက်မှာ ရခိုင်ကမ်းလွန်မှ သဘောဝဓာတ်ငွေ့ထွက် နေခြင်းနှင့် ကျောက်ဖြူ ကဲ့သို့ ရေနက်ဆိပ်ကမ်းတည် ဆောက်နိုင် သည့် ပထ၀ီအနေ အထားရှိနေခြင်း ဖြစ်သည်။ သဘာဝတရားမှ ပေးသော လက်ဆောင်များဖြင့် ရခိုင်ပြည်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်သည်။ 

တစ်ပြိုင်နက်ထဲတွင် စိန်ခေါ်မှုများလည်း ရှိနေသည်။ လူဦးရေ သန်း ၁၆၀ ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်မြေထိစပ်နေခြင်းမှာ ရခိုင်ပြည်နယ်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အနောက်ဘက် ခြမ်းဒေသများ၏ ရာသီဥတုဆိုးရွားမှု၊ ဆင်းရဲမွဲတေမှုနှင့် ထိုလူဦးရေ ပေါက်ကွဲမှုများကို မျှဝေယူရမည့် အနေ အထားဖြစ်လာခြင်းမှာ ဆင်းရဲမွန်းကျပ်သောရခိုင်ပြည်နယ်အတွက် ဗူးလေးရာဖရုံဆင့်သကဲ့သို့  ဖြစ်နေ သည်။ အဆိုးဆုံးမှာ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကားမတူခြင်းပင်ဖြစ်သည်။ ထိုကွဲပြားမှုတို့ က ပဋိပက္ခ အတွက် စနက်တံများ ဖြစ်နေပြန်သည်။ 

ရခိုင်ကမ်းလွန်မှ ထွက်နေသည့် သယံဇာတများသည် လက်ရှိအချိန်တွင် မြောက်ဘက်အရပ်ရှိ အိမ်နီးချင်း နိုင်ငံတစ်ခု၏ အသက်သွေးကြော ဖြစ်လာသည်။ ထို့ အတူ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည်လည်း ထိုနိုင်ငံကြီး အတွက် မဟာဗျူဟာမြောက်သော ထွက်ပေါက်တစ်ခု ဖြစ်လာသည်။ရခိုင်ပြည်နယ်အတွက် အခွင့် အရေး ဟုလည်း ခေါ်နိုင်သလို စိန်ခေါ်ချက်များဟုလည်း ဆိုနိုင်သည်။ မည်သို့ ဖြစ်စေ စီမံခန့် ခွဲမှု လွဲမှား ယွင်း သွား ခဲ့ပါလျှင် ခြိမ်းခြောက်မှုများသာ ဖြစ်သွားပေလိမ့်မည်။

ရခိုင်လူမျိုးများအနေနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်ကို လှပအောင်ဖန်တီးနိုင်ရန် အတွက် စီမံခန့် ခွဲမှု အတတ် ပညာများ လိုအပ်နေပါသည်။ ဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်ရန် လိုအပ်နေပါသည်။ လူမျိုးချစ်စိတ် နှင့် အတူ ပညာချစ်စိတ်ပြင်းထန်ရန် လိုအပ်နေပါသည်။ စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို အခွင့်အလမ်းများ အဖြစ်သို့  ပြောင်းပစ်နိုင်ရန်အတွက် တဦးချင်းက ပညာတတ်များ ဖြစ်ရန် စောလျင်စွာ လိုအပ် နေပါသည်။ 

ပညာအနိမ့်အမြင့်နှင့် လူမျိုးအဆင့်အတန်း

၂၀၁၄ သန်းခေါင်စာရင်း ရခိုင်ပြည်နယ်တွင် ကျောင်းသားဦးရေမှာ ၄ သိန်း ကျော်သာရှိပြီး ကျောင်းလုံးဝ မနေဖူးသူ ဦးရေမှာ ၂သန်း ၉ သိန်းခန့် ရှိနေသည်။ ကျောင်းတက်ဖူးသော်လည်း လက်ရှိအချိန်တွင် စာသင်ကြားနိုင်ခြင်းမရှိသူဦးရေ ၁ သန်း ၂ သိန်း ခန့် ရှိနေသည့်အတွက် တကယ်တမ်းကျောင်းတက်နိုင်သူ ရာခိုင်နှုန်းမှာ လူဦးရေ၏၂၂ ရာခိုင်နှုန်းသာ ရှိကြောင်းဖော်ပြထားသည်။ အနာဂတ်ရခိုင်တွင် ပညာတတ်ရှား ပါးမည့်အခြေအနေကို ယင်းကိန်းဂဏန်းက ပြနေသည်။ ထိုကြောင့် လက်ရှိအနေအထားသည် ဆုတ်ယုတ်မှု ဘက်ကို သွားနေ သည်ဟု ပင်ဆိုနိုင်သည်။ 

ယင်းသို့ ဆုတ်ယုတ်မှုဘက်သို့ ဦးတည်နေခြင်းကို မပြောင်းလဲနိုင်ပါက ရခိုင့်နောင်ရေးသည်ေ၀၀ါးမှေးမှိန် နေပေလိမ့်မည်။ သယံဇာတ ပေါသည့်တိုင် ပညာမရှိပါက ကုန်ကြမ်းရောင်းစားသည့်အဆင့်က တက်မည် မဟုတ်။ နိုင်ငံတကာ နှင့် ရင်ဘောင်တန်းရန် မဆိုထားနှင့် ကိုယ့်ပြည်နယ်ကိုယ် အုပ်ချုပ်ရမည် ဆိုလျှင်ပင် လူသားအရင်းအမြစ် နည်းပါးခြင်းပြဿနာနှင့် ရင်ဆိုင်ရလိမ့်မည်။ 

ယင်းမှာကြီးမားသော ပြဿာနာတစ်ခုဖြစ်သည်။ယင်းပြဿာနာကို မည်သို့ဖြေရှင်းရမည်ဆိုသည်ကိုလည်း အရေးတကြီးစဉ်းစား ရန်လိုအပ်ပါသည်။ ရခိုင်ပြည်နယ်၏ အနာဂတ်ကို လှပစွာ ပုံဖော်နိုင်ရန် ဆိုပါက ရခိုင်လူမျိုးများ ပညာတတ်ရန် လိုအပ်ပါသည်။ ကိန်းဂဏန်းဖြင့် ဖော်ပြရန်ခက်ခဲသော်လည်း ယနေ့ခေတ် ရခိုင်ပြည်နယ်တွင် ပညာမဲ့ အလုပ်သမားတွေသာ အများအပြားဖြစ်နေသည်။ အသိပညာ အတတ်ပညာ တိုးပွားရေး လုံလောက်သည့် အားပေးမှု မျိုးကို မရ ရှိခဲ့ခြင်းမှာ အကြောင်း ရင်းတစ်ခုဖြစ်သော်လည်း မှားယွင်းခဲ့သော သမိုင်းကို သင်ခန်းစာယူယုံမှ တစ်ပါးအခြားမရှိပါ။ 

စင်စစ် ရခိုင် လူမျိုးများသည် အခြားသူများထက်ညံ့ဖျင်းနေခြင်းကြောင့် ယခုကဲ့သို့ ဆင်းရဲနေခြင်းမဟုတ်။ ပညာမဲ့ နေရခြင်း မဟုတ်။ အခွင့်အရေး ရမည်ဆိုလျှင် ကမ္ဘာ့ပညာရှင် အဆင့်အထိ တက်ရောက်လာနိုင်ခဲ့သည့် ရခိုင်များ ရှိခဲ့ပါသည်။ မကြားသေးခင်က ကမ္ဘာထိပ်တန်း နာနိုသိပ္ပံပညာရှင် ၁၀၀ ဦးတွင် စာရင်းသွင်းခြင်း ခံခဲ့ ရသော ဒေါက်တာ စောဝေလှမှာ ရခိုင်လူမျိုး ဖြစ်သည်။ 

သို့ ဖြစ်စေ လက်ရှိတွင် ရခိုင်အများစုမှာ ဆင်းရဲသော ပညာမဲ့များသာဖြစ်နေသည်။ ဆင်းရဲခြင်းကို ကြောက်စရာ ကောင်းသည်ဟု မြင်တတ်ကြ သော်လည်း ပညာမဲ့ခြင်းက ပို၍ ကြောက်စရာကောင်းသည် ကိုသတိမပြုမိ သကဲ့သို့ဖြစ်နေသည်။ ပညာမဲ့ခြင်းက အဆင်ခြင်မဲ့စေလိမ့်မည်။ အမှားအမှန် မခွဲခြားတတ်အောင် လုပ်ပေး ပါလိမ့်မည်။ သူတစ်ပါး သွေးထိုးရာနောက် ကို ပါသွားစေလိမ့်မည်။ 
ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်သော ဘ၀ကို ရောက်သွားစေလိမ့်မည်။ အမုန်းတရားတို့ ၏ လွှမ်းမိုးမှုကို ခံရမည်။ အကြမ်းဖက် ဖြေရှင်းနည်းထဲသို့ ကျသွားစေ သည်။ ပဋိပက္ခသံသရာထဲမှာ တ၀ဲလည်လည် ဖြစ်ရလိမ့်မည်။ 

ရခိုင်လူမျိုးများသည်မိမိတို့ဆင်းရဲနိမ့်ပါးရခြင်းအပေါ် မှန်မှန်ကန်ကန် သုံးသပ်ရန် လိုပါသည်။ ဆင်းရဲရခြင်း၏ တကယ့်အကြောင်းရင်းမှန်ကို သိမှ ဆင်းရဲခြင်းက လွတ်ကင်းမည်။ နာကျည်းချက်များဖြင့် အမုန်းပွားနေပြီး အကြမ်းဖက် တုန့်ပြန်မှုဖြင့်သာ အချိန်ကုန်နေမည် ဆိုပါက ပြဿနာ ပိုကြီးထွားလာဖို့ သာ ရှိသည်။ ဆင်းရဲ တွင်းမှသည် ငရဲတွင်းသို့  ထပ်ဆင်းရခြင်းမျိုး ဖြစ်သွားပါလိမ့်မည်။ အကြမ်းဖက်မှုများ၊ စစ်ပွဲများဖြင့် ကမ္ဘာကျော် နေသော ပါလက်စတိုင်း ဒေသမျိုး မဖြစ်သွားရန် သတိထားရပေမည်။ ဘုံဘေ ဘားမား ကုမ္ပဏီသစ်ခိုးသည်ကို မဖြေရှင်း တတ်သောကြောင့် မြန်မာပြည်သူ့ကျွန်ဘ၀ ရောက်ခဲ့ရသည့် အဖြစ်ကိုမမေ့ဖို့ လိုပါသည်။

လူမျိုးတိုးတက်ရေးအတွက် လူမဲသင်ခန်းစာ

အမေရိကန်ဥပမာကိုပြဆိုချင်ပါသည်။ အမေရိကန်နိုင်ငံတွင် ကျေးကျွန်အဆင့်ဖြင့် ရောင်းချခံရသည့် လူများမှ တဆင့် ဆင်းသက်လာခဲ့သည့် လူမဲများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ၏ ဟိုဘက်ကာလတွင် အနှိမ်ခံများ သာဖြစ်ကြသည်။ ကား၊ရထားပေါ်မှာပင် လူဖြူကိုလူမဲက နေရာ ဖယ်ပေးရသည်။လူမဲများကို လူဖြူများရှိသည့် နေရာသို့ပင် သွားခွင့် မပြုကြ ။ လူမဲများနှင့် ထိုက်တန်သည်ဟု သတ်မှတ်သည့် နေရာမှာလယ်ယာလုပ်ငန်းခွင် နှင့် စက်ရုံများသာဖြစ်သည်။ ထိုနေရာများတွင် ကျေးကျွန်သဖွယ်အလုပ်လုပ်ရသည်။ အနှိပ်စက်ခံရ သည်။ နီဂရိုးများ၊အောက်တန်းစားများ ၊ ကျေးကျွန်များဟု နှိမ်ချပြောဆိုခြင်း ခံကြရသည်။

သို့နှင့် လူမဲများသည်လူဖြူများအပေါ် နာကျည်းခဲ့ကြသည်။ တချို့က အကြမ်းဖက်ရန် ဆုံးဖြတ်ခဲ့ကြ သည်။ အကြမ်းဖက်မှုများ လည်း ရှိခဲ့သည်။ သို့သော် လူမဲခေါင်းဆောင်တချို့ က အကြမ်းဖက်ခြင်းကြောင့် လူမဲများ၏ ဘ၀သည် ပြောင်းလဲတိုးတက်မည်မဟုတ်ဟု မြင်ခဲ့ကြသည်။ ထိုခေါင်းဆောင်များထဲတွင် ဘွတ်ကာ တီ ၀ါရှင်တန် (Booker T. Washinton) ပါဝင်သည်။

“ငါတို့လူမဲတွေ အနှိမ်ခံရတာ အသားမဲတာကြောင့်မဟုတ်ဘူး၊ ပညာမတတ်လို့ အနှိမ်ခံရတာ။ပညာတတ်လာတဲ့ တနေ့မှာ တန်းတူရည်တူဆက်ဆံလာလိမ့်မယ်၊နေရာတွေ ပေးလာလိမ့်မယ်”ဆိုသည့် သြ၀ါဒဖြင့် ဦးဆောင်မှုပေး ခဲ့သော Booker T. Washington ၏အမျှော်အမြင်ကြီးမှုသည် လူမဲများအတွက် အကြပ်အတည်းများမှ လွတ် မြောက် ရေးလမ်းညွှန် ဖြစ်ခဲ့သည်။ Booker T. Washington သည် သူကိုယ်တိုင်ကျောင်းများ ထောင်ခဲ့သူ ဖြစ် သည်။ အလားတူပင် နီဂရိုးနောင်ရေး ( The Future of American Negro )ဆိုသည့် စာအုပ်ကိုရေးသားခဲ့သည်။

လူမဲများသည် သူ၏ လမ်းညွှန်ချက်အတိုင်း ကြိုးစားခဲ့ကြသည်။ နှစ်ပေါင်းတစ်ရာလောက် ပညာကို ဇောင်း ပေးကြိုးစားခဲ့ကြသည်။ အစပိုင်းမှာ ကိုယ်ကာယပိုင်း ကြံခိုင်မှုကြောင့် အားကစားတွေ ထူးချွန်လာသည်။ နောက်ပိုင်း အားကစား သာမကအနုပညာတွင် ပါထူးချွန်လာသည်။ 

ဥပမာမိုက်ကယ်ဂျက်ဆန်ရေးသားသော We are the world တေးသီချင်းကို တမ္ဘလုံးက လိုက်ဆိုခဲ့ ရသည်။ နောက်ပိုင်းတွင် နိုင်ငံရေးပညာရပ်များတွင် ထူးချွန်လာ သည်။ ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင် များပေါ်ထွန်း လာသည်။ အလားတူ သိပ္ပံပညာရပ်တွင်ပါ ထူးချွန်လာကြသည်။ အချိန်ကာလတစ်ခုကို ကျော်ဖြတ်ပြီးချိန်တွင်  
ထိုကြိုးစားမှု၊ သည်းခံတတ်မှု၏ အသီးအပွင့်ကို လူမဲများ ခံစားခဲ့ရပြီဖြစ်သည်။ 


ထိုမှန်ကန်သည့်အမြင်နှင့် ကြိုးစားအားထုတ်မှုကြောင့်ပင် တစ်ချိန်ကလူမဲအမျိုးအနွယ်မှ ဆင်းသက်လာခဲ့သည့် ဘာရက်အိုဘားမား သမ္မတဖြစ်လာတဲ့အထိ အောင်မြင် လာခဲ့သည်။ နာကျည်းခံစားပြီး တုန့်ပြန်နေရုံနှင့်မပြီး။ အမုန်းတရားဖြင့်လည်းလူ့မျိုး၏အဆင့်အတန်းကို မတိုးမြှင့်နိုင်၊ ပညာမြင့်မှသာ လူမျိုးတင့်နိုင်ကြောင်း လူမဲတို့က သင်ခန်းစာပေးခဲ့ပါသည်။ 

ပညာခေတ်အတွက် ရခိုင်မျိုးဆက်သစ်တို့ တာဝန်

ရခိုင်လူမျိုးများ၏ ဆုတ်ယုတ်ကျ ဆင်းနေရသည့်အဓိက အကြောင်းရင်းသည် အများက နှိမ်နေသောကြောင့် မဟုတ်ပေ။ ကိုယ်ပိုင်အရည် အချင်းကို တည်ဆောက်နိုင်ခြင်းမရှိသော ကြောင့်သာ ဆုတ်ယုတ်ကျဆင်း နေရ သည်ဟု အမှန်မြင်ရန် လိုပါ သည်။ ပညာမတတ်သောကြောင့်သာ နိမ့်ကျနေခြင်း ဖြစ်သည်ဟု ကောက် ချက် ချရန် လိုသည်။ ရခိုင်ပြည် နယ် တွင် ပညာမထွန်းကားသရွေ့  ရခိုင်တွေ ဆင်းရဲတွင်းနက်နေဦးမည် ဖြစ်သကဲ့သို့  ရခိုင်ဒေသသည်လည်း ပဋိပက္ခများ အတွက် ဘူမိနက်သန် ဖြစ်နေပါလိမ့်မည်။ 

ထိုကြောင့် ရခိုင်လူမျိုးများ၏ ဘ၀ တိုးတက်ရေးအတွက် အသိပညာမြင့်မား မှုသည် အဓိက ဖြစ်ပါသည်။ အသိပညာမြင့်မားလာလျှင် ပြဿနာ တော်တော် များများ ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။ မိမိတို့ ပိုင်နက် ကို တိုင်းတစ်ပါးက ၀င်ရောက်စော်ကား ခဲ့လျှင် ရခိုင်လူမျိုးတို့က တွန်းလှန် ရပေမည်။ ယင်းအချက်မှာ သံသယ ဖြစ်စရာ မလိုပါ။ သို့ သော် ရခိုင် လူမျိုးများ အဆင့်အတန်းမြင့်မားဖို့ ဆိုလျှင်ပညာတတ်ဖြစ်အောင် ကြိုးစား ရန်မှ တစ်ပါး အခြားမရှိပါ။ယနေ့ခေတ်သည် ပညာကိုတောင်းဆိုသောခေတ်ဖြစ်သည်။ 

စီးပွားရေးလုပ်မည်ဆိုလျှင် လည်း စီးပွားရေး ပညာ တတ်ရန်လိုပါသည်။ သိပ္ပံပညာရှင် ဖြစ်ချင်လျှင်လည်း သိပံ္ပ ပညာ တတ်ဖို့လိုပါသည်။ ထို့အတူ တိုင်းပြည် အုပ်ချုပ် မည် ဆိုလျှင် လည်း အုပ်ချုပ် သည့် ပညာတတ်ရန်လိုပါသည်။ အုပ်ချုပ်မှု ပညာကို မတတ် ကျွမ်း သော သူများ အုပ်ချုပ်ခဲ့သည့် အတွက် ရခိုင်ပြည်နယ်တစ်ခုထဲသာမဟုတ် တစ်တိုင်းပြည်လုံး ဆင်းရဲ မွဲတေခဲ့ရပြီး ပေပြီ။ အာဏာရှိရုံနှင့် တိုင်းပြည်တိုးတက်အောင်လုပ်နိုင်ခဲ့မည်ဆိုလျှင် ဘုရင်စနစ်ကျဆုံးစရာ မရှိပါ။ 

သို့ဖြစ်ရာ ရခိုင်လူမျိုးများ မည်မျှပင်ဆင်းရဲသည်မှန်စေကာမူ အသိပညာတွင်သာ ရင်းနှီးမြုပ်နှံရမည်ဆိုသော အသိကို စွဲမြဲနေဖို့ လိုပါသည်။ လက်ရှိအချိန်သည် ပညာခေတ်အတွင်းသို့ ဝင်ရန် အခွင့်အလမ်းကောင်းများရှိ နေပါသည်။ ကြိုးစားဖို့သာလိုပါသည်။ ယခင်ခေတ်လို တံခါးပိတ်ထားသော ခေတ်မျိုးမဟုတ်တော့။

ယနေ့မျိုးဆက်သစ်တို့၏ တာဝန်သည် ရခိုင်ကို ချစ်ဖို့၊ ရခိုင်ရဲ့အနာဂတ်ကို ဖန်တီးဖို့ တာဝန်ရှိဟု ယူဆပါက ပညာကို မည်သည့် အတိုင်းအတာအထိ တတ်အောင် လုပ်
မည်နည်းဆိုသည့် မေးခွန်းကိုလည်း ကိုယ့်ကိုယ် ကိုယ် ပြန်မေးရန်လိုအပ်လိမ့်မည် ။ ရခိုင်ဒေသကို အသိပညာဖြင့်ပြန်လည်တည်ဆောက်မည်ဆိုသည့် စဉ်းစား တွေးခေါ်မှု ရှိသည်ဆိုပါက ရခိုင်တွင် အနာဂတ်ရှိနေပေဦးမည်။ 

ရခိုင်လူမျိုးများ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာပါက ရခိုင်ပြည်နယ်က သဘာဝ သယံဇာတများကို “မင်းတို့နဲ့ မထိုက်တန်ပါဘူး” ဆိုပြီး ဗိုလ်ကျရယူမှုများ
ည်း နည်းသွားပါလိမ့်မည်။ တန်းတူရည်တူ ဆက်ဆံ ရေးများ ရှိလာပေလိမ့်မည်။ လေးလေးစားစား နေရာပေးလာလိမ့်မည်။ 

သယံဇာတပေါများကြွယ်ဝသော ရခိုင်ပြည်နယ်၊ ပထ၀ီနိုင်ငံရေးအရ မဟာဗျူဟာကျသော ရခိုင်ပြည်နယ်၊ ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင် အလှပဆုံးဒေသတစ်ခုအဖြစ် စာရင်းဝင်သော ရခိုင်ပြည်နယ်ကို ပညာ တတ် လူငယ်များ ကသာ ထိန်းသိမ်းစောင့်ရှောက်ခွင့်ရပါမည်။ တိုးတက်အောင် ဦးဆောင်နိုင်ပေလိမ့်မည်။ ထိုကြောင့် ရခိုင်မျိုးချစ်များအနေနှင့် ပညာကို မြတ်နိုးရန် လိုပေသည်။ 

ထို့ကြောင့် ရခိုင်နောင်ရေး အတွက် မည်သို့ လုပ်ကြမည်နည်းဟု မေးလျှင်… ရခိုင်လူမျိုးများ ပညာတတ်ဖြစ် အောင် လုပ်ကြရမည် ဟူသော စကားတစ်ခွန်းတည်းသာ ပြောရန်ရှိပါသည်။      ။

ယမင်းမြတ်အေး

Powered by Bullraider.com