ပညာယူသည် ဆိုရာဝယ်
- Details
- Category: သူ့အမြင်
- Published on Thursday, 02 August 2012 10:33
- Written by ခင်နှင်းစိုး
မကြာသေးခင်က နိုင်ငံခြားမှာ တက္ကသိုလ်တက်နေကြသော မြန်မာကျောင်းသားတချို့နှင့် ပညာရေးအကြောင်း ဆွေးနွေးမိကြသည်။ သူတို့အမြင်မှာ ပညာရေးဟာ ကျောင်းသားတွေကို စာမေးပွဲမှာ အမှတ်ကောင်းကောင်းနှင့် အောင်ဖို့အတွက်ပဲ တွန်းအားပေးသလို ဖြစ်နေပြီး ကျောင်းသားတွေ၏ လေ့လာသင်ယူလိုစိတ်ကို အားပေးမှု မရှိသလို ဖြစ်နေသည်။ နောက်ပြီး တက္ကသိုလ်တွေမှာ ကိုယ်တက်ချင်သော ဘာသာရပ်များကို ရွေးချယ်ခွင့် များများပေးရင် ကောင်းမယ်ဟု သူတို့က ပြောကြသည်။ သင်ကြားနေသော တချို့ဆရာများက ကျောင်းသားကို သေချာ နားလည်အောင် မရှင်းပြနိုင်တာတွေ၊ ကျောင်းသားကို သင်ခန်းစာမှာ စိတ်ဝင်စားလာအောင် မလုပ်နိုင်တာတွေ ကိုလည်း ထောက်ပြကြသည်။
တကယ်တော့ နိုင်ငံတကာမှာရှိသော ပညာရေးစနစ်တိုင်းက လူတိုင်းအတွက် အပြစ်ဆိုဖွယ်မရှိအောင် ကောင်းမွန်နေဖို့ ခဲယဉ်းသည်။ ဆရာတိုင်းကလည်း မကောင်း။ သင်ယူရသော ဘာသာရပ်တိုင်းကလည်း ကိုယ်စိတ်ဝင်စားဖို့ ကိုယ့်အတွက် ကိုက်ညီနေဖို့ ခဲယဉ်းသည်။ ဒီဂရီတခုရဖို့ ဘယ်ဘာသာရပ်တွေကိုပဲ သင်ယူချင်တယ်ဟုလည်း အလုံးစုံ ရွေးချယ်ပိုင်ခွင့် မရှိ။ ဒီဂရီတိုင်းလိုလို ဘယ်လိုဘာသာရပ်ကိုတော့ မသင်မနေရ၊ ဘယ်ဘာသာရပ်တွေကတော့ ရွေးချယ်နိုင်တယ်ဟု သတ်မှတ်ထားပြီး ဖြစ်တာကို ကျောင်းသားတိုင်း လိုက်နာကြရသည်။ သင်ကြားနည်း ပုံစံမှာလည်း ကိုယ်နှင့် လိုက်ဖက်မညီတာမျိုး၊ ကိုယ်က မကြိုက်တာမျိုး ရှိနိုင်သည်။
“ဘ၀တွင် တစုံတရာကို မကြိုက်လျှင် ပြောင်းလဲရမည်။ မပြောင်းလဲနိုင်လျှင် ထိုအရာအပေါ် ကြည့်သောအမြင်ကို ပြောင်းလဲရမည်” ဟူသော အမည်မသိသူတယောက်၏ ဆိုစကားကို ကျမဖတ်ဖူးသည်။ ကိုယ်မကြိုက်သော ပညာရေးစနစ်တခုအောက်၊ ကျောင်းတကျောင်းအောက်၊ ဒီဂရီလိုင်းတလိုင်းမှာ ပညာသင်ယူသောအခါ ကျမတို့မှာ လုပ်စရာ နှစ်လမ်းပဲရှိသည်။ အဲဒီမှာပဲ ကျောင်းဆက်တက်မလား၊ တခြားနေရာ ပြောင်း မလား။ ပြောင်းဖို့ အခွင့်အလမ်းမရခဲ့လျှင် ကျမတို့အမြင်ကို ပြောင်းဖို့ လိုအပ်သည်။
သင်ယူနေရတာတွေ ဘာမှ အသုံးဝင်မှာမဟုတ်ပါဖူး၊ စာမေးပွဲအောင်ရင် ပြီးတာပဲဆိုသော စိတ်မျိုးတွေထားလျှင် တက္ကသိုလ်မှာ သုံး-လေးနှစ်တက်လိုက်ရပြီး ဘာမှ မတတ်မြောက်ပဲ ဖြတ်သန်းလိုက်ရမှာ ဖြစ်သည်။ ငယ်တုန်းအချိန်မှာတော့ ဘွဲ့ရလျှင် ပြီးတာပဲဟု စိတ်မျိုး ထားကောင်း ထားကြမည်။ သို့သော် နောင်တချိန် ကိုယ့်တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်ကြည့်သောအခါ သုံး-လေးနှစ် အချိန်ဆိုတာ ဘွဲ့စာရွက်တရွက် ရဖို့ပဲလားဟု နှမြောတသ ဖြစ်ကောင်း ဖြစ်မိလိမ့်မည်။ ထိုကြောင့် ဘယ်လို ပညာရေးစနစ်အောက်မှာဖြစ်ဖြစ် ပညာယူတယ် ဆိုတာ ကိုယ်ကဘယ်လို အမြင်မျိုးထားလဲဆိုတာပေါ် အများကြီး မူတည်သည်။
နောက်တချက် ကိုယ်သင်ယူနေရသော ဘာသာရပ်များမှ ဘာသာရပ်တခုခုက ကိုယ့်အတွက် စိတ်ဝင်စားစရာ ဖြစ်နိုင်သည်။ ကိုယ်မကြိုက်တာတွေပဲ စဉ်းစားနေ မယ့်အစား ကိုယ်စိတ်ဝင်စားတာ ဘယ်လိုဘာသာရပ်လဲ၊ ဘယ်လိုအကြော င်းအရာတွေလဲဆိုတာ ကိုယ့်ဘာသာ ဆန်းစစ်လေ့လာဖို့ ပိုအရေးကြီးသည်။ ကျောင်းသားတော်တော်များများက စိတ်မ၀င်စားတာတွေပဲ ပြောနိုင်ပြီး ဒါဆို ဘာကို စိတ်ဝင်စားလဲဟု မေးလျှင် ဘာဖြေရမှန်းမသိ ဖြစ်သွားတတ်ကြသည်။
ကျမ တက္ကသိုလ်ကျောင်းသူဘ၀တုန်းကလည်း သင်ခဲ့ရသော အင်ဂျင်နီယာ ဘာသာရပ်တိုင်းကို စိတ်မ၀င်စားခဲ့ချေ။ တချို့ကို စာမေးပွဲအောင်ဖို့အတွက်သာ ကျက်ပြီး ဖြေခဲ့ကြောင်း ကျောင်းသားတွေကို ကျမအမြဲပြောပြလေ့ရှိသည်။ သို့သော် ကျမနှစ်သက်သော ဘာသာရပ်များဖြစ်သည့် သင်္ချာ၊ အီလက်ထရောနစ် နှင့် မိုဘိုင်းဖုန်းနည်းပညာများကိုတော့ အတိုင်းအတာ တစ်ခုအထိ တတ်မြောက်ခဲ့ သည်ဟု ကိုယ့်ဘာသာ ခံစားရသည်။ ဒါကြောင့် ကျမ၏ တက္ကသိုလ်ကျောင်းသူ ဘ၀ကို အချည်းနှီးမဖြစ်ခဲ့ဟု ခံစားရသည်။
ကျမစာသင်ကြားခဲ့သော စင်္ကာပူနိုင်ငံရှိ Republic Polytechnic (RP) မှ ကျောင်းပြီးသွားသော မြန်မာကျောင်းသူတယောက်က ကျောင်းမှ သူ့ဂျူနီယာများကို ပညာသင်ယူတာနှင့် ပတ်သက်ပြီး ပုံပြင်တပုဒ်ကို ခုလို ဝေမျှဖူးသည်။
“ဂျစ်ပစီလူမျိုးတစ်စု ခရီးသွားနေတုန်း ကောင်းကင်က အလင်းတန်းတစ်ခုနဲ့အတူ အကြံပေးချက်တစ်ခုကို သူတို့ကြားရပါတယ်။ အဲဒီ အကြံပေးချက်ကတော့ ယခုအချိန်ကစပြီး ကျောက်စရစ်ခဲတွေကို ရသလောက်ကောက်ယူကြဖို့၊ ကျောက်စရစ်ခဲတွေကြောင့် နောက်တစ်နေ့မနက်မှာ ဂျစ်ပစီတွေဟာ ၀မ်းသာရမှာဖြစ်သလို တစ်ချိန်တည်းမှာလည်း ၀မ်းနည်းကြရလိမ့်မယ် ဆိုတာပါ။ ဘာတန်ဖိုးမှ မရှိဘူးလို့ ထင်ရတဲ့ ကျောက်စရစ်ခဲတွေကို ကောက်ရမယ့်အလုပ်ဆိုတာ ဂျစ်ပစီတွေအတွက် အင်မတန် အဓိပ္ပါယ် မဲ့တဲ့လုပ်ရပ်ပါ။ ဒါပေမယ့်လည်း ဒါဟာ တန်ခိုးရှင်တစ်ယောက်က စေခိုင်းတဲ့ အလုပ်မို့လို့ လျစ်လျူရှုဖို့ကိုလည်း မတတ်သာဘူး ဖြစ်နေပါတယ်။ ဒါနဲ့ သူတို့တွေဟာ မိမိရှေ့မှာရှိတဲ့ ကျောက်စရစ်ခဲတွေကို ၀တ်ကျေ တန်းကျေလောက်သာ ကောက်ကြတာပေါ့။ နောက်တစ်နေ့ မိုးသောက်အလင်းရောက်တဲ့ အခါမှာ သူတို့ကောက်ထားတဲ့ ကျောက်စရစ်ခဲတွေဟာ စိန်တုံးတွေအနေနဲ့ ပြောင်းလဲနေတာကို သူတို့တွေ့ကြရပါတယ်။ စိန်တုံးတွေရလို့ သူတို့ပျော်တာပေါ့။ တဆက်တည်းမှာလည်း သူတို့ဝမ်းနည်းသွားကြတယ်။ ငါများများ မကောက်မိခဲ့လေခြင်း ဆိုတဲ့ နောင်တနဲ့အတူပါ။
ပုံပြင်လေးရဲ့ အနှစ်သာရကို ကျွန်မဒီလိုခံစားမိပါတယ်။ လက်ရှိသင်ကြားနေတဲ့ ပညာတွေ စာတွေဟာ ဘ၀မှာ ဘယ်လောက် အရေးပါမှာမို့လို့လဲ ဆိုတဲ့အတွေမျိုး ကျွန်မငယ်ငယ်တုန်းကလည်း တွေးဖူးပါတယ်။ တကယ်တော့ ဒါတွေဟာ ကျောက်စရစ်ခဲလေးတွေပါ။ ဒီကျောက်စရစ်တုံးလေးတွေ ဘယ်အချိန်မှာ အဖိုးတန်တဲ့ စိန်တုံးလေးတွေအဖြစ် ပြောင်းလဲသွားမယ်ဆိုတာကို ကျွန်မတို့ မသိနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်မတို့ သတိထားရမှာက စိန်တုံးတွေအဖြစ်ပြောင်းလဲသွားတဲ့ အချိန်မှာ ငါများများမကောက်ခဲ့လေခြင်းဆိုတဲ့ နောင်တမျိုးနဲ့ ရင်မဆိုင်ရအောင် ကျောက်စရစ်တုံးတွေကို ရတဲ့အချိန်မှာ ရသလို စုဆောင်းထားနိုင်ဖို့ပါပဲ။”
ထိုကျောင်းသူရေးထားတာကို ဖတ်ပြီး ပညာယူတတ်သွားသော မြန်မာကျောင်းသူတယောက်ကို မြင်ရတာအတွက် ကျမ၀မ်းမြောက်ဝမ်းသာ ဖြစ်မိသည်။ သူပြောသလိုပဲ ကျမတို့ သင်ယူခဲ့ရသော အကြောင်းအရာများမှ ဘယ်အရာကတော့ ဘယ်အချိန်မှာ အသုံးဝင်နိုင်မယ်ဆိုတာ ပြောဖို့ ခဲယဉ်းသည်။ ဘယ်ပညာအဆို ရှိထားတာဟာ ခုမဟုတ်တောင် တချိန်ချိန်မှာတော့ အသုံးတည့်မယ် ဆိုသော ယုံကြည်ချက်မျိုး ကျမတို့ ရှိသင့်သည်ဟု မြင်မိသည်။
RP ကျောင်းမှာသုံးသော Problem-Based Learning (PBL) မှာ ကျောင်းသားတွေကို နေ့စဉ် ပုစ္ဆာ (သို့) ပြဿနာတခုကို ချပေးပြီး၊ အဖွဲ့လိုက် စဉ်းစားတွေးခေါ်ပြီး အဖြေထုတ်တတ်အောင် သင်ကြားပေးသည့် စနစ်ကို ကျောင်းသားတိုင်း စစချင်းမှာ အံဝင်ခွင်ကျ မဖြစ်ကြချေ။ အထူးသဖြင့် အချက်အလက်တွေကို ကိုယ်ပိုင်လေ့လာ ရှာဖွေပြီး ဖတ်ရတာ (self-learning)၊ အဖွဲ့လိုက် လုပ်ရတာ (team work) မျိုးတွေကို မနှစ်သက်ကြ။ နေ့စဉ် presentation လုပ်နေရတာကိုလည်း တချို့က ငြီးငွေ့တတ်ကြသည်။
နောက်ပိုင်း အလုပ်ခွင်တွေမှာ အလုပ်လုပ်ကြသောအခါမှ RP မှာ သူတို့နေ့စဉ်လုပ်ခဲ့သောအရာတွေကြောင့် အလုပ်မှာ တခုခု မသိတာမျိုး ရှိလျှင် ကိုယ့်ဘာသာ အင်တာနက်မှာ အချက်အလက်ရှာပြီး လေ့လာသွားနိုင်တာမျိုး၊ အဖွဲ့လိုက် လုပ်တတ်သွားတာမျိုး၊ အစည်းအဝေးတွေမှာ presentation တွေလုပ်ဖို့ ရဲတင်းသွားတယ် ဆိုတာမျိုးတွေ တွေ့လာရတယ်ဟု ကျောင်းသားအတော်များများက ပြန်ပြောကြသည်။
RP မှာ ကျောင်းသားအားလုံး ပထမနှစ်မှာ သင်္ချာ နှင့် သိပ္ပံဘာသာရပ်များကို သင်ပေးသည်။ ကျောင်းသားတချို့က ဇီဝဗေဒတို့ ရူပဗေဒတို့ အကြောင်း ဘာလို့သင်နေရတာလဲ၊ သူတို့တက်နေတဲ့ ဒစ်ပလိုမာလိုင်းနဲ့လဲ မဆိုင်ဘူး ဆိုပြီး ညည်းညူတတ်ကြသည်။ တကယ်တော့ ဇီဝဗေဒ ဘာသာရပ်မှာ သင်တာတွေကလည်း DNA အကြောင်းတို့၊ သွေးအမျိုးအစားတို့ စသော လူတိုင်းသိသင့်သည့် အကြောင်းအရာများ ဖြစ်သည်။ ဥပမာ အင်ဂျင်နီယာလိုင်းလိုက်သူက အင်ဂျင်နီယာနည်းပညာနှင့် မဆိုင်တာမှန်သမျှ မသိချင်ဖူးဟု ဘောင်ခတ်လိုက်လျှင် ကိုယ်တတ်မြောက် မည့် ပညာတွေကို ကျဉ်းမြောင်းသွားစေသည်။
တချို့ကျောင်းသားတွေက သိပ္ပံလိုင်းတက်နေတာမို့ ၀ိဇ္ဖာလိုင်းကို စိတ်မပါဘူးတို့ ဘာတို့ ပြောတတ်ကြသည်။ တကယ်တော့ ဘာသာရပ်တိုင်း ဟာ ဆက်စပ်မှုတွေ ရှိနေသည်။ အတိုင်းအတာတခုအထိ အခြေခံ ဗဟုသုတ ရထားလျှင် ကိုယ်က သူများထက် အရာရာမှာ ဆက်စပ် တွေးနိုင်သွားသည်။ ဒါကြောင့် နိုင်ငံတကာက ကျောင်းတွေမှာ ကျောင်းသားတွေအတွက် ပိုအကျိုးရှိစေအောင် ခုဆိုရင် inter-disciplinary subjects များကို ပြဌာန်းလာကြသည်။
အသိပညာ၊ အတတ်ပညာ၊ အတန်းပညာ စသော ဘယ်ပညာမဆို ယူတတ်တဲ့သူ ရတာပဲဟု ပြောကြသလို ယူတတ်သော စိတ်မျိုး ထားဖို့လည်း လိုအပ်သည်။ ဘယ်လိုအခက်အခဲမျိုး ကြုံရပါစေ ပညာကို ရအောင်ယူမယ်ဟု သံဓိဌာန်ချထားသောသူက တကယ်ပဲ တစုံတရာကို ပညာယူနိုင်မည်ဟု ကျမယုံကြည်သည်။ ထိုပညာ၏ ရလဒ်သည် ကိုယ့်ကို ပိုတိုးတက်သွားစေတာမျိုး၊ အောင်လက်မှတ်ကောင်း ရစေတာမျိုးတွေ ဖြစ်နိုင်သလို၊ နောင်တချိန် ကိုယ့်ဘာသာ ပြန်ကြည့်သောအခါ သြော် အဲဒီတုန်းက အချိန်တွေ အချည်းနှီးမဖြစ်ခဲ့ဖူး။ ငါတခုခု ပညာရခဲ့ပါလားဟု ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှု ဖြစ်စေတာလည်း ဖြစ်နိုင်ပေသည်။
ခင်နှင်းစိုး
၂၀ ဇူလိုင် ၂၀၁၂
(၂၆ရက် ဇူလိုင်လ ၂၀၁၂ Venus News Journal တွင် ဖော်ပြပြီးဖြစ်သည်)
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









