ထောင်ကျဖက်ရှင် ခေတ်အမြင်

အားအားရှိ ဆူးလေစေတီကိုပတ်ကာ ဆန္ဒပြသူတွေ လာရောက်ကြသည်ကို မကြာခဏတွေ့ရသည်။လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း မဟာဗန္ဓုလပန်းခြံထောင့်တွင် လွတ်လပ်စွာဟောပြောခွင့်ပြုသည့်အနေဖြင့် စင်မြင့်တစ်ခုဆောက်ပေး ထားပြီး ဟောချင်သလိုဟော၊ ပြောချင်သလို ပြောခွင့်ပေးထားဖူးသည်ဟု စာတွေထဲတွင် ဖတ်ဖူးသည်။ နိုင်ငံရေးတွေ တက်ဟောကြ သည်။ နောက်ပိုင်း မူးမူရူးရူးနှင့် တက်ဆဲသူတွေပေါလာသဖြင့် ထိုနိုင်ငံရေးစင်မြင့်ကို ပိတ်လိုက်ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးစင်မြင့်သည် မြို့တော်ခန်းမရှေ့ ဖြစ်လာသည်။ တစ်ကိုယ်တော်၊ နှစ်ကိုယ်တော်၊ အုပ်စုတွေဖွဲ့ကာ သပြေပန်းခက်တွေကိုင်ပြီး ရောက်လာကြသည်။ ပါးစပ်က အော်ချင်တာတွေ အော်ကြသည်။ လက်ထဲတွင်ကိုင်လာသော အလံတွေကလည်း ဘာအလံတွေမှန်းမသိ။ ထိုင်သပိတ်၊ ထသပိတ်၊ အော်သပိတ်တွေအပြင် နောက်ပိုင်း လေထဲတွင် ပျံသည့် ဈာန်သပိတ်တွေလည်း ပေါ်လာနိုင်သည်။

တစ်နေ့ လမ်းထဲက ဆိုက်ကားဆရာ ကိုချစ် ယောက္ခမအိမ်ရှေ့သွားပြီး ဆန္ဒထုတ်ဖော်သည်။ သူက “ခင်ဗျားတို့ကို လာဆဲနေတာ မဟုတ်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ဒီမိုကရေစီနည်းကျကျလာပြီး ဆန္ဒထုတ်ဖော်နေတာ။ ကျုပ်မိန်းမကို အိမ်ပြန်ပို့ပေး။ ဒီည ၇ နာရီမှ အိမ်ကို မရောက်ရင် ရပ်ကွက်ထဲလှည့်ပြီး ဆန္ဒထုတ်ဖော်ဖို့ ဆုံးဖြတ်ထားတယ်” ဟု ရာဇသံ ပေးသွားသည်။ နောက်ပိုင်း ဘာသံမှ မကြားတော့။ သူ့မိန်းမအိမ်ပြန်ရောက်သွားပုံရသည်။

ကျွန်တော့်တူတစ်ယောက်ကလည်းတစ်မျိုး ပြဿနာရှာသည်။ သူလည်း တစ်နေ့ တစ်နေ့ ဆူးလေစေတီကိုသွားပြီး သပိတ်မျှော် သည်။ သပိတ်မှောက်သူတွေ စီတန်းလှည့်လည်မည်ကြားလျှင် သူရောက်အောင်သွားပြီးထိုအဖွဲ့များနှင့် ပူးပေါင်းတတ်သည်။ ကျွန်တော်က သူ့ကို အဘယ်ကြောင့် ဤသို့လိုက်လုပ်နေရသနည်းဟု မေးကြည့်သောအခါ “ထောင်ကျအောင်လို့” ဟုပြော သည်။

အတော်လေး အံသြစရာကောင်းသည့် အတွေးအခေါ်ဖြစ်သဖြင့် အဘယ်ကြောင့် ထောင်ကျချင်ရသနည်းဟု မေးကြည့်မိသည်။

“ဘကြီးကလည်း ထောင်ကျတာဆန်းတာမှတ်လို့။ ထောင်ကျပြီး အစိုးရက ပြန်လွှတ်ပေးရတာပဲ။ မြန်မာပြည်မှာ ထောင်ကျ လိုက်၊ ပြန်ထွက်လိုက်၊ ဆန္ဒပြလိုက်၊ ထောင်ကျလိုက်၊ ပြန်ထွက်လိုက်နဲ့ ဘယ်လောက်ပျော်စရာ ကောင်းသလဲ။ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ အချင်းချင်းတွေ့ရင်တောင် ထောင်မကျဘူးရင် ဂုဏ်ရှိတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ထောင်ထွက်လို့ မိတ်ဆက်ရတာ သိပ်အရသာရှိတာ”

သွားပြီ။ ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီလို့ အော်လိုက်ခြင်းထက်၊ ကမ္ဘာပျက်ပြီဟုသာ အော်လိုက်ချင်သည်။ ပြီးတော့ သူက ပြောသေးသည် ။ “ဘဘ…သားက ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်ပြီးသား” တဲ့။ ကျွန်တော်က အဘယ်ကြောင့် သရဏဂုံ တင်ထားတာလဲမေးလိုက်တော့ “မသိဘူးလေ သပိတ်မှောက်ရင် လုပ်ရတယ်ပြောလို့ လုပ်လိုက်တာပဲ” ဟုဆိုသည်။

ကျွန်တော်တို့သားသမီးတွေ၏ mind-set တွေ အခန်းပျက်ကုန်ပြီ။ ပညာတတ်အောင်သင်၊ ပညာဖြင့် ဘဝကိုတည်ဆောက်၊ ပညာဖြင့်ပြုပြင်၊ ပညာဖြင့်မြှင့်တင်ရမည်ဆိုသည့်အသိတရားမျိုးတွေ ပျောက်ဆုံးကုန်ပြီထင်သည်။ နှစ်ပေါင်းများစွာ စနစ် တကျ ဖျက်ဆီးခြင်းခံထားရသော သူတို့စိတ်ဓာတ်များကို မည်သို့ပြုပြင်ကြမည်နည်း။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ရာ၌ ထောင်ကျလျှင် ဘာတစ်ခုမျှ မလုပ်နိုင်သည်ကို မြင်ပြီး ဝရမ်းပြေးအဖြစ်ခံသည်။ ဒုက္ခဆင်းရဲခံပြီး တိုင်းပြည်ကထွက်ပြေးသည်။ ပါးရိုက်ခံပြီး စစ်သင်တန်းတက်ခဲ့သည်။ တိုင်းပြည်ကို အသက်စွန့်ပြီး ပြန်လည်တိုက်သည်။ အသေခံပြီး လွတ်လပ်ရေးလုပ်ဆောင်ခဲ့ကာ အာဇာနည်ဘွဲ့ထူး ရယူခဲ့ သည်။ ထိုသဘောတရားတွေကို ကျောင်းတွေက သူတို့မသင်။ လွတ်လပ်ရေး၊ အာဇာနည်၊ တော်လှန်ရေးဆိုသည့် သဘောတရားများ၊ စာလုံးများကိုသူတို့ မရင်းနှီးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သောကြောင့် ထောင်ကျလျှင် သူရဲကောင်းဖြစ်သည်။ နိုင်ငံခြားသွားရသည်။ ကောင်းကောင်းနေရသည်။ ကားစီးရသည်။ ဂုဏ်ရှိသည်ဆိုသည့် အတွေးအမြင် တွေကို မည်သို့ ပြုပြင်ကြမည်နည်း။

ချာလီချက်ပင် ဟာသကားလေးကို အမှတ်ရမိသည်။ ပြင်ပလောကတွင် စားစရာကလည်းမရှိ။ အိပ်စရာနေရာလည်းမရှိ။ ထောင်ထဲတွင် နွေးနွေးထွေးထွေးနေရသည်။ အချိန်တန်လျှင် စားရသဖြင့် ထောင်မကျ, ကျစေရန် မှန်တွေကို လိုက်ခွဲ၊ ရဲတွေကိုလိုက်ဗရုတ်ကျသော်လည်း မည်သို့မျှ ထောင်မကျပုံကို ဟာသမြောက်စေရန် ရိုက်ပြထားသည့် ဇာတ်ကားလေး ဖြစ်သည်။

ကျွန်တော်ကိုယ်တိုင် အခမ်းအနားတစ်ခုကို တက်ဖူးစဉ်က အဖြစ်အပျက်လေးကို အမှတ်ရမိသည်။ အားလုံးက သူတို့ ကိုယ်သူတို့ နိုင်ငံရေး အကျဉ်းသားတွေအဖြစ် မိတ်ဆက်သည်။ ၈၈ အတွက် ထောင်ထဲဝင်ခဲ့ရသူများ၊ ရွှေဝါရောင်အတွက် ထောင်ထဲရောက်ခဲ့ရသူများ၊ ထောင်ထွက် စာရေးဆရာ၊ ထောင်ထွက် ကျောင်းသား၊ ထောင်ထွက် နိုင်ငံရေးသမား၊ ထောင်ထွက်…ထောင်ထွက်… ထောင်ထွက်တွေချည်းဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ်ထပြီးတော့တောင် မိတ်မဆက်ဖြစ် တော့။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ထောင်မပြောနှင့် ရဲစခန်း၊ တရားရုံးသို့ပင် မရောက်ဖူးသောကြောင့် ဖြစ်သည်။

ကျွန်တော်သည် ထောင်မကျဖူးသောကြောင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သည်ဟု ကျွန်တော့်တူတွေးသလို ဘယ်သော အခါကမျှ မထင်သူဖြစ်သည်။ ကျွန်တော့်အဖေသည် စူဇကာစစ်ဆင်ရေးဖြင့် ထောင်ထဲတွင် နှစ်လခန့် နေခဲ့ရသည်။ တော်လှန်ရေး ကောင်စီခေတ်တွင် စီးပွားရေးကျော်စောမှုဖြင့် ချမ်းသာသူများစာရင်သွင်းကာ ထောင်ထဲခေါ်ထည့်ထားခြင်း ဖြစ်သည်။ ကျွန်တော့်အဖေ ထောင်ကလွတ်သည့်အချိန်တွင် ကျွန်တော့် မိခင်နှင့် အဖွားတို့က အိမ်ပေါ်သို့ တိုက်ရိုက် အတက်မခံ။ အောက်မှဆီးကြိုပြီး ထောင်ထဲကဝတ်ဆင်လာသည့် အဝတ်များကို ချွတ်ခိုင်းကာ မီးရှို့လိုက်သည်။ ခေါင်းကို တရော်တွေနှင့် ပွတ်ပြီး တစ်ကိုယ်လုံးအမွှေးနံ့သာတွေနှင့်လောင်းကာ ရေချိုးခိုင်းပြီးမှ အိမ်ပေါ်သို့တက်စေသည်။ ကျွန်တော်က အဖွားကို အဘယ်ကြောင့် ဤသို့လုပ်ရသနည်းဟု မေးသောအခါ အဖွားက

“မြေးရဲ့ အင်္ဂလိပ်တွေက အရမ်း ယုတ်မာတာ။ ထောင်ဘူးဝနဲ့ ထောင်ထဲမှာ အစီအရင်တွေ အများကြီး လုပ်ထားတာ။ ထောင်ထဲ ဝင်လိုက်တာနဲ့ ဘုန်းနိမ့်အောင်၊ လူညွန့်တုံးအောင် စီမံထားတာ။ ဒါကြောင့် မြေးအဖေကို အဲဒီအညစ်အကြေး တွေ ပါမလာအောင် လုပ်ပေးတာ” ဟုဆိုသည်။ အဖွားတို့ခေတ်က အယူအဆများဖြစ်ပါသည်။

ယနေ့ခေတ်ကတော့ ထိုသို့မဟုတ်တော့။ ထောင်ကိုပျော်ပျော်ကြီး အကျခံကြသည်။ ထောင်ကျခြင်းကို ဂုဏ်ရှိသည် နိုင်ငံရေး လုပ်သည်ထင်ပြီး ထောင်ကိုပျော်ပျော်ကြီး မိဘတွေကိုယ်တိုင် လိုက်ပို့သည်။ ထောင်ကျနိုင်မည့် နည်းလမ်းပေါင်းစုံကို ရှာကြံ ကြသည်။ ထောင်ကျလျှင် မီဒီယာထဲတွင်ပါသည်။ ဂျာနယ်တွင်ပါသည်။ တီဗီတွင်ပါသည်။ ရေဒီယိုတွင်ပါသည်။ ကြီးသူတွေက ငယ်သူတွေကို နည်းလမ်းကောင်းတွေ ညွှန်ပြရမည့်အစား ထောင်ထဲသို့ လက်တွဲခေါ်သည်။

ထောင်ထဲတွင် ဘဝတွေနဲ့ရင်းပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အားလုံးအဆုံးရှုံးခံနေခြင်းကို နိုင်ငံရေးဟု မြင်နေရလောက်အောင် ခေတ်အမြင်နှင့် ပြန်ပြီးထင်ဟပ်သင့်ပြီထင်ပါသည်။ ဤခေတ်သည် ကိုလိုနီခေတ်မဟုတ်။ နယ်ချဲ့ကို တိုက်ရမည့်ခေတ်မဟုတ်။ စစ်အာဏာရှင်ကို တိုက်ရမည့်ခေတ်ဟု ပြောရအောင်ကလည်း ဒီမိုကရေစီအစိုးရဟု ကြွေးကြော် ထားသောကြောင့် အပြောရခက်လှသည်။

သို့ဖြစ်ရာ မီတာခတက်လည်းအော်၊ ရေမလာလည်းအော်၊ မီးမလာလည်းအော်၊ တစ်အော်တည်းအော်နေကြရုံဖြင့် တိုင်းပြည် ကောင်းစားလာမည်ဆိုလျှင် အားလုံးထွက်အော်ကြဖို့သာရှိပါသည်။

ကျွန်တော့်အမြင်ကတော့ ထောင်ဆိုသည်မှာ လူငယ်များအတွက် အဖြေမဟုတ်ဟုထင်ပါသည်။ ပညာသည်သာ လူငယ်များ အတွက် အဖြေဖြစ်ပါသည်။ ပညာများများတတ်အောင်သင်ပြီးမှ တော်လှန်ရေးလုပ်သင့်သည်ဟုထင်ပါသည်။ ပညာမတတ် သည့်အနာဂတ်ခေါင်းဆောင်များကို ကျွန်တော်တို့ အလိုမရှိ။ “ထောင်တံခါးများပိတ်လိုက်လျှင် ပညာတံခါးများ ပွင့်သွား လိမ့်မည်” ဆိုသည့်စကားကို အလွန်ကြိုက်ပါသည်။ ပညာမျက်စိဖွင့်ပြီ အလင်းထဲတွင် လျှောက်လှမ်းသင့်ပါသည်။ ပညာမဲ့စွာ အမှောင်ထဲမှာ ဆက်မလျှောက်ရန် တိုက်တွန်းချင်ပါသည်။

Powered by Bullraider.com