ယူပြီးပြန်ထား ကုသိုလ်ပွား

Category: သူ့အမြင်
Published on Sunday, 15 December 2013 11:40
Written by ကျော်ဗလ

ကျွန်တော် နံနက်တိုင်း မလွှကုန်းဘူတာကနေ မြို့ထဲကို ရထားစီးလေ့ရှိပါတယ်။ ဘူတာရောက်တိုင်း စိတ်ကြည်နူးစရာ မြင်ကွင်းကတော့ လက်မှတ်ရောင်းတဲ့ ရုံဘေးမှာ ချထားတဲ့ ထိုင်ခုံလေးတွေပေါ်ထိုင်ရင်း ရထားစောင့်နေစဉ် စာစောင်လေးတွေ ဖတ်နေကြတာကို တွေ့မြင်ရတာပါပဲ။

ဒီနှစ်အတွင်း ထူးခြားချက်က စာပေရေချမ်းစင်ဆိုတာတွေ နေရာအနှံ့ပေါ်လာတယ်။ ကျွန်တော် သတိထားမိတာကလည်း ဘူတာတစ်ဝိုက်ဖြစ်နေတော့ ရန်ကုန်ဘူတာကြီး အပါအဝင် အခြားဘူတာလေးတွေမှာ စာပေရေချမ်းစင်တွေ ဖွင့်ထားတာ သတိ ထားမိပါတယ်။ မြန်မာ့မီးရထားရဲ့ အစီအစဉ်တွေကို သဘောကျမိပါတယ်။

စာပေရေချမ်းစင်တွေဖွင့်ပြီး တစ်လလောက်ကြာတော့ စာအုပ်လေးတွေ၊ စာစောင်လေးတွေ လျှော့နည်းလာတာတွေ့ရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူးပေါ့။ စာအိတ်လေးတွေနဲ့ ထောင်ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ နေရာတွေမှာ စာအုပ်တွေ ဟောင်းလောင်းဖြစ်ကုန်တာ စိတ်မကောင်းစွာ တွေ့လိုက်ရတယ်။

မီးရထားဆိုတာ မြန်မာနိုင်ငံမှာက စံတော်ချိန် သိပ်မကိုက်တာများပါတယ်။ ရထားတွေ မှန်တယ်ဆိုတာတောင် အနည်းဆုံး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်နောက်ကျတာကို သီးခံပြီး လူတွေစောင့်ကြရတယ်။ အဲဒီအချိန်လောက်ကတော့ မြန်မာပြည် သားတွေ အပျော့ပါ။ ဒါကို မီးရထားဌာနက ပြည်သူတွေအတွက် ပြန်ပြီးကုစားပေးတဲ့ အနေနဲ့ စာပေရေချမ်းစင်တွေ ထူထောင် ပေးလိုက်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် စာပေမြင့်မှ လူမျိုးတင့်မှာဖြစ်လို့ စာပေကို ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်အောင် လုပ်ပေး တာကိုပဲ ကျေးဇူးတင်မိတယ်။

ဂျပန်သတင်းစဉ်တစ်ခုက ဖော်ပြတဲ့ ရုပ်သံသတင်းတစ်ခုမှာ သူတို့ ဂျပန်တွေ ဘယ်လောက်စာဖတ်ကြောင်း ပြသွားတယ်။ ဘတ်စ်ကားပေါ်လည်း မတ်တပ်ရပ်လျက်ဖတ်နေကြတာတွေ၊ ရထားစီးလည်း မတ်တပ်ရပ်လျက် ဖတ်နေကြတာတွေ၊ ကားဆိပ်၊ လေဆိပ်တွေမှာ စောင့်ဆိုင်းရင်း စာအုပ်တွေ ဖတ်နေကြတာ။ စာကြည့်တိုက်ကြီးတွေကလည်း ဟီးထနေပြီး ညလုံးပေါက်၊ ၂၄ နာရီလုံးလုံးဖွင့်ထားတာတွေကို ဂုဏ်ယူပြီး ပြရလောက်အောင် ကျွန်တော်တို့ မြန်မာပြည် ဘယ်နေရာမှ မရှိတာကိုလည်း စိတ်မကောင်းဖြစ်မိတယ်။

ဂျပန်လူငယ်တွေ အရမ်းစာဖတ်လာကြတယ်။ ဂျပန်လူငယ်တွေသာ မဟုတ်ပါဘူး။ နိုင်ငံတကာလူငယ်တွေလည်း စာအတော် လေး ဖတ်လာကြတယ်။ ခေတ်မီတိုးတက်လာတော့ တက်ဘလက်လေးတွေ၊ ဖုန်းလေးတွေထဲ e-Book လို့ခေါ်တဲ့ အီလက် ထရွန်းနစ်စာအုပ်လေးတွေထည့်ပြီးတော့လည်း တောက်လျှောက်စာဖတ်လာတာတွေ့ရတယ်။

ကျွန်တော် ရထားစီး၊ ကားစီးစဉ်မှာ မြန်မာလူငယ်လေးတွေလည်း ဖုန်းနဲ့၊ တက်ဘလက်နဲ့ မျက်နှာကမခွာ ကြည့်နေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ စာတွေဖတ်နေကြတာမဟုတ်ဘူး။ ဂိမ်းတွေ ကစားနေကြတာ။ အဲသည်လောက်အထိ ခံယူချက်တွေ ကွာတယ်။ အနာဂတ်တွေကွာတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက AFP သတင်းတစ်ပုဒ်မှာ Take a book, leave a book ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ် ဖတ်လိုက်ရတယ်။ ဝါရှင်တန်မြို့မှာရှိတဲ့ လူနေရပ်ကွက်တစ်ခုအတွင်းက အိမ်ရှေ့ မြက်ခင်းတွေပေါ်မှာ မြန်မာနိုင်ငံရဲ့ အမြင်နဲ့ ပြောရရင် နတ်စင်လို အမိုးအကာ၊ တံခါးတွေနဲ့ စင်လေးတွေ ပေါ်လာတယ်။ တံခါးဆိုတာလည်း မှန်တံခါးလေးတွေနဲ့ သပ်သပ် ရပ်ရပ်လေးပါ။ အထဲမှာ စာအုပ်တွေထည့်ထားတယ်။

စာအုပ်စင်လေးတွေမှာ သတိထားမိတာက "Take a book. Return a Book" ဆိုတဲ့ စာတန်းလေးတွေ ကပ်ထား တာကလွဲပြီး အခြားသတ်မှတ်ချက်တွေ ဘာမှ မရှိပါဘူး။ သဘောကတော့ “ယူပြီး ပြန်ထား” လို့ ပြောထားတာပါ။ သူတို့ဆီမှာလည်း ယူပြီးရင် ပြန်မထားတတ်တာတွေရှိလို့ သတိပေးထားပုံရပါတယ်။ ကိုယ့်အိမ်ထဲက ဖတ်ပြီးသား စာအုပ်လေးတွေကို အလကား သိမ်းထားမယ့်အစား အိမ်လေးတွေနဲ့ထည့်ပြီး ပညာဒါနပြုထား ကြတာကိုတော့ သဘော ကျမိတယ်။

မြန်မာပြည်မှာကတော့ စာပေရေချမ်းစင်၊ သူတို့ဆီမှာကတော့ “အသေးစား စာကြည့်တိုက်” လို့ အမည်ပေးထားတဲ့ စာအုပ်အိမ် လေးတွေဟာ ခုဆိုရင် ဝါရှင်တန်ဒီစီမြို့တစ်ဝိုက်မှာ အလျှိုအလျှိုပေါ်လာတာဟာ စာဖတ်ဖို့ ပြည်သူအချင်းချင်း ယိုင်းပင်းကူညီ နေကြခြင်းဖြစ်ပါတယ်။ သူတို့က ဒီလိုလုပ်ဆောင်နေတာကို “အိမ်နီးနားချင်းများအား ဂုဏ်ပြုခြင်း” ဆိုပြီး တော့လည်း“ သူ့ဂုဏ်ကိုမြှင့် ကိုယ့်ဂုဏ်တင့်” အနေအထားရောက်အောင် ဖော်ဆောင်ပေးနေကြတာဖြစ်ပါတယ်။

ရပ်ကွက်တွင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သူတို့ထူထောင်လိုက်ကြတဲ့ စာကြည့်တိုက်လေးတွေဟာ ပိုက်ဆံမယူပါဘူး။ စာအုပ် ၂၀ ထည့်ထားပေးရင် ၂၀ ထက်ပိုလာတာလည်းရှိတယ်။ ကိုယ်ထည့်ထားတုန်းက စာအုပ်တွေလည်း ရှိချင်မှ ရှိတော့မှာ ဖြစ်ပေ မယ့်၊ နောက်ထပ်စာအုပ်တွေ ရောက်လာတတ်တော့ ကိုယ့်လိုပဲ စာပေအသိရှိတဲ့လူတွေပါလားဆိုပြီး ဝမ်းသာမိတယ်လို့ အဲဒီ ရပ်ကွက်ထဲက တစ်ဦးကပြောကြားထားတယ်။

၂၀၀၉ ခုနှစ်လောက်ကတည်းက မူလတန်းကျောင်းတွေရှေ့မှာ စာကြည့်တိုက် အသေးစားလေးတွေ လိုက်ဆောက်ပေးပြီးတော့ ကလေးစာအုပ်တွေ မပြတ်ဖြည့်ဆည်းပေးနေတဲ့ သူတစ်ယောက်လည်း ရှိပါတယ်။ သူ့အမေက ကျောင်းဆရာမ တစ်ဦးပါ။ ခုတော့ ကွယ်လွန်သွားပြီဖြစ်ပေမယ့် အမေ့လက်ငုတ်လက်ရင်းကို သူကဆက်လုပ်ပြီး ယနေ့တိုင် ကျောင်းရှေ့က စာအုပ်စင် လေးထဲကို စာအုပ်တွေ မပြတ်လိုက်ထည့်ပေးနေဆဲဖြစ်ပါတယ်။

စာကြည့်တိုက်ဆိုတာ အချိန်တွေ၊ နေရာတွေ၊ အကန့်အသတ်တွေ၊ အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒါကို သဘောပေါက်တဲ့ ပြည်သူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပြဿနာကို ဖြေရှင်းနေကြတာတွေ့ရတယ်။ နေရာတကာ အစိုးရကို အားကိုးရင် နောက်ကျတာများတယ်။ သူတို့ကအထက်တွေ၊ အောက်တွေ တင်ပြရတာနဲ့ အလုပ်ရှုပ်နေတော့ လက်တွေ့ အကောင်အထည် ဖော်နိုင်စွမ်းတွေလည်း အားနည်းတတ်တယ်။

အရပ်ကူပြီး လူဝိုင်းရင် အကောင်အထည်ဖော်တာ မြန်တာပေါ့။ ပြိုင်တူတွန်းရင် ရွေ့တယ်လို့တောင် ဆိုထားတယ် မဟုတ် လား။ အစိုးရဆိုတာက ပြည်သူတွေ တွန်းပေးချင်တာတောင် စဉ်းစားဦးမယ်ဆိုနေသူတွေဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလို့ရသမျှ ဒီလိုပဲဖြေရှင်းလိုက်တာ အကောင်းဆုံးနဲ့ အမြန်ဆုံး၊ အထိရောက်ဆုံးဖြစ်သွားရပါတယ်။

ကျွန်တော်တို့ လူမျိုးတွေ စာဖတ်ဖို့ အများကြီးလိုပါသေးတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ စာအုပ်တွေ ထုတ်လိုက်ရင် အားရစရာ ကောင်းတဲ့ အနေအထား မရောက်သေးပါဘူး။ စာအုပ်ဆို ထောင်ဂဏန်း၊ ဂျာနယ်က သောင်း ဂဏန်းလောက်နဲ့ Best seller စာရင်းဝင်နေတဲ့ တိုင်းပြည်ဆိုတော့ စာဖတ်အား အလွန်နည်းသေးတယ်လို့ ပြောရလိမ့်မယ်။ ကျွန်တော်ဆိုလိုတာက မြန်မာပြည်မှာ ရာနှုန်းပြည့်တောင်မဟုတ်ဘူး၊ ရာနှုန်းလွန်စာတတ်မြောက်နေကြောင်း ပညာရေးဌာနက အစီရင်ခံစာတွေမှာ ဖတ်ရတယ်။ တစ်တိုင်းပြည်လုံး သန်း ၆၀ လောက်မှာ စာဖတ်နိုင်တဲ့ ဦးရေ သန်း ၃၀ လောက်ပဲထား၊ ဂျာနယ်ထုတ်ဝေအားက သောင်းဂဏန်းဆိုတာ ပြောရမှာ ရှက်စရာတောင်ကောင်းပါတယ်။

ရန်ကုန်မြို့ကြီးပေါ်မှာ တစ်ခါတစ်လေ ရည်ညွှန်းကိုးကားချင်လို့ စာအုပ်ရှာရတာတောင် သိပ်မလွယ်ပါဘူး။ အမျိုးသား စာကြည့်တိုက်ဆိုတာလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ တက္ကသိုလ်စာကြည့်တိုက်ကလည်း စာအုပ်တွေ စုံတယ်လို့သာပြောတာ ငှားလို့မှ မရတာ။ စာအုပ်တွေကို ရည်ညွှန်းအနေနဲ့ လေ့လာချင်တယ်ဆိုရင်လည်း ကြုံဖူးတဲ့သူတွေ သိကြပါလိမ့်မယ်။ မြန်မာ့စာကြည့်တိုက်ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှု ဘယ်လောက်ညံ့ဖျင်းတယ်ဆိုတာ။

မြန်မာ့ဓလေ့က အလွန်ချစ်စရာကောင်းပါတယ်။ မြို့တိုင်း ရွာတိုင်း ဒေသတိုင်းမှာ ရေချမ်းစင်လေးတွေဆောက်ပြီး ရေကုသိုလ် ယူကြတာ။ အလားတူပဲ မကြာခင်က စာပေရေချမ်းစင်ဆိုပြီး စာကုသိုလ်ယူတဲ့ နေရာလေးတွေ ပေါ်လာတော့လည်း စိတ်ချမ်း သာမိပါတယ်။ ဒီလိုပဲ နယူးယောက်စီတီးမြို့ကလို့ စာကြည့်တိုက်သေးသေးလေးတွေကို ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ရပ်ကွက်ထဲမှာဆောက်ပြီး စာပေကုသိုလ်ယူနိုင်ကြမယ်ဆိုရင်တော့ မြန်မာတွေ စာပိုဖတ်လာမလားလို့ စဉ်းစားမိပါတယ်။

Powered by Bullraider.com