မူပြောင်း လူပြောင်း ခေတ်ကောင်းဆီသို့

ကျွန်တော်တို့ မည်မျှပြောပြော၊ မီဒီယာတွေက မည်မျှအော်အော် အချို့သော ကိစ္စများသည် သူ့သဘောနှင့်သူဆောင်ပြီး မပြောင်းလဲနိုင်အောင်ရှိနေပါသည်။ ပြောင်းလဲရကောင်းမှန်း မသိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သလို၊ ပြောင်းလဲစရာ မလိုဟု ထင်နေကြသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

မကြာသေးမီက လူမှုရေးကွန်ရက် Website တစ်ခုဖြစ်သော Facebook ပေါ်တွင် နယ်မြို့လေးတစ်မြို့ရှိ မြန်မာ့ စီးပွားရေးဘဏ် (၂) က ဝန်းထမ်းမမ တစ်ဦးသည် ပင်စင်စားတစ်ဦးက သူ့စားပွဲပေါ်သို့ စာအုပ်လာထပ်သည်ကို နေရာမှား လာထပ်ရကောင်းလာဆိုပြီး အော်ငေါက်ရုံမက၊ ပင်စင်စာအုပ်ကိုပင် ဆွဲလွှင့်ပစ်လိုက်ကြောင်း သတင်းကိုဖတ်လိုက်ရပြီး၊ ထို အစိုးရဝန်ထမ်းဘဏ်မမ၏ပုံကိုလည်း ခိုးရိုက်ပြီးတင်ထားပုံရသည် ခပ်ဝါးဝါးတွေ့လိုက်ရသည်။

ပင်စင်စားဆိုသည်မှာ တစ်ချိန်က ဝန်ထမ်းတွေသာဖြစ်သည်။ တိုင်းပြည်အတွက် သူတို့လည်း တစ်ချိန်က တစ်တပ်တစ်အား တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ပါသည်။ ပင်စင်ယူချိန်ကျမှ သူတို့ကို “အိုပယ်” ဟုသဘောထားကာ မိုက်ရိုင်းစော်ကား သည့် အပြုအမူများကို လုပ်ဆောင်ပြခြင်း (လုပ်ဆောင်ခြင်းကို ခွင့်ပြုသည့်) ဌာနအတွက် ကျွန်တော် စိတ်ပျက်ကာ ရှုံ့ချမိပါသည်။

ကျွန်တော်သည် ပင်စင်စားတစ်ယောက်ဖြစ်ပါသည်။ တစ်လောက နယ်ပြန်ပြီး ပင်စင်သွားထုတ်စဉ် တိုးမြှင့် ပင်စင်လစာ မခံစားရသေးသဖြင့် ပင်စင်ဦးစီးတွင်သွားပြီး လက်မှတ်ထိုးခိုင်းသောကြောင့် ပင်စင်ဦးစီးရုံးသို့ ရောက်ခဲ့ပါသည်။

ကျွန်တော် ရုံးထဲဝင်လိုက်သည့်အခါတွင် အမျိုးသမီးတစ်ဦးက ထိုင်ခုံမှထလာပြီး “ဘာကိစ္စ ရှိပါသလဲရှင်” “ဘာများ ကူညီရမလဲရှင်” ဟု ပြာပြာသလဲ မေးကာ၊တစ်နေရာမှ ခုံကို သွားယူလာပြီး “ထိုင်ပါရှင်” ဟု ပြောလာပါသည်။

ကျွန်တော့်တစ်သက်နှင့်တစ်ကိုယ် အစိုးရရုံးများသို့ ကြိမ်ဖန်များစွာ ရောက်ဖူးပါသည်။ ဤမျှ ဖော်ရွေ ပြူငှာစွာ ဆက်ဆံသော ရုံးကို ကျွန်တော့်တစ်သက်တွင် တစ်ကြိမ်မျှ မတွေ့ကြုံဖူးသောကြောင့် အံ့အားသင့်ခဲ့ရပါသည်။

ကျွန်တော်က ပင်စင်ကိစ္စကိုပြောပြီး စာအုပ်လေး ထုတ်ပေးလိုက်သောအခါ သူမက “သမီးရေ ဒီအန်ကယ်ကို ပင်စင်တိုး တွက်ပေးလိုက်ပါကွယ်” ဆိုကာ ကောင်မလေးတစ်ယောက်ကို ခေါ်ပြီး လွှဲလိုက်သည်။ “ခဏလေးစောင့်ပါနော်” ဟုလည်း ကျွန်တော့်ဘက်လှည့်ပြီး ပြောလိုက်သေးသည်။

မည်သို့ဆိုစေ ရုံးတစ်ရုံးသို့ဝင်လိုက်လျှင် အဆင်မပြေမှုပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ရတတ်သောကြောင့် စိတ်ပျက်ရမည်ဟု ထင်ခဲ့ရသော ကျွန်တော့်အဖို့ စိတ်ကြည်နူးသွားမိသည်ကိုတော့ ဝန်ခံရမည်ဖြစ်ပါသည်။

ကျွန်တော် လွန်ခဲ့သည့် ငါးနှစ်ခန့်က ပင်စင်ထုတ်ရက်ကျော်သွားသောကြောင့် ကြုံတွေ့ခဲ့ရသော ပြဿနာတစ်ခုကို ပြောပြချင် ပါသည်။ အမှုမဲ့အမှတ်မဲ့ ပင်စင်ထုတ်ရန် တစ်လကျော်သွားသောကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက် လိုသည်ဆိုသဖြင့် ထိုရုံးသို့ထွက်ခဲ့သည်။

ထိုရုံးတွင် စာကိုမှတ်ပုံတင်စာရင်းသွင်း၊ သက်ဆိုင်ရာ ဦးစီးမှူးကိုသွားတွေ့ရန်စောင့်ရသည်။ ဦးစီးမှူးက အစည်းအဝေးရှိ သည် ဆိုသဖြင့် တစ်နာရီခန့်စောင့်ရသည်။ အစည်းအဝေးပြီးတော့လည်း ထမင်းစားနေသည်ဆိုသဖြင့် နောက်ထပ် နာရီဝက် စောင့်ပြီးမှ ဝင်တွေ့ရသည်။

ဦးစီးမှူးဆိုသူက တစ်ချက် မျက်စိကို လှန်ကြည့်လိုက်ပြီး

“ဦး… သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာ ထောက်ခံချက်ပါလား” ဟုမေးလိုက်သည်။

“ဦး… ဆိုတာ ကျွန်တော်ပါပဲခင်ဗျာ”

“ဟုတ်ပြီလေ ခင်ဗျားဟာ ဦး… ဆိုတဲ့ သက်သေ အထောက်အထားကိုပြောတာ”

“ကျွန်တော်ကိုယ်တိုင်လာနေပြီလေ။ သက်သေလိုသေးလို့လား”

“မဟုတ်ဘူး။ ကျွန်တော်ပြောတာက ခင်ဗျားဟာ ဦး… ဆိုတာရယ်။ သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာရယ် ထောက်ခံချက် လိုတယ်”

ခက်တော့ ခက်ပြီ။ ကာယကံရင် ကိုယ်တိုင်လာနေသည်ကို ထောက်ခံချက်ယူခိုင်းနေခြင်းဖြစ်သည်။

“ကောင်းပြီလေ ကျွန်တော် ဘယ်မှာသွားပြီး ကျွန်တော် မသေသေးကြောင်း ထောက်ခံချက် ယူခဲ့ရမှာလဲ” ဟု မေးလိုက်သည်။

“ခင်ဗျား လက်ရှိနေထိုင်တဲ့ ရပ်ကွက် ထောက်ခံချက်လိုတယ်။ ပြီးတော့ သက်ဆိုင်ရာ ရဲစခန်းထောက်ခံချက်လိုတယ်”

ကျွန်တော်စိတ်ပျက်စွာဖြင့် ပြန်ထွက်လာခဲ့ရသည်။ ထိုနေ့တွင် ကျွန်တော်နေထိုင်သည့်မြို့သို့ ချက်ချင်းပြန်ရန်အတွက် ညနေ ငါးနာရီ ကားလက်မှတ် ဖြတ်ထားသည်လည်း ဆုံးတော့မည်။ အုပ်ချုပ်ရေးမှူးဆိုသူတောင်းသည့် ရပ်ကွက်ထောက်ခံစာ သွားယူတော့ ရပ်ကွက်ရုံးက ည ၈ နာရီလောက်မှ ဖွင့်မည်ဟုဆိုသည်။

ညဘက်တွင် ရပ်ကွက်ရုံးသို့ ဤရပ်ကွက်တွင် ဦး… သည် လက်ရှိ နေထိုင်သူဖြစ်ကြောင်း ထောက်ခံချက်ကို သွားယူလိုက်ရ သည်။ ကျွန်တော်က မသေသေးကြောင်း ထောက်ခံပေးလို့မရဘူးလားဟု မေးလိုက်သည့်အခါ ဤမျှလောက်ဆိုလျှင် ရပါပြီဟု ဆိုသည်။

နောက်တစ်နေ့နံနက်စောစော ရဲစခန်းသို့သွားပြီး ထောက်ခံချက်တစ်ခါ ထပ်လုပ်ရသည်။ နယ်မြေတာဝန်ခံက ရာဇဝတ်မှု ကင်းရှင်းကြောင်း လက်မှတ်ထိုး၊ တံဆိပ်တုံးရိုက်ပေးလိုက်သည်။ ကိုယ့်ကိုယ်ကိုယ် အလိုလိုနေရင်း သိမ်ငယ်သွားရသည်။ ပြီးတော့ ပြက္ခဒိန်ဝယ်ပြီး ပြန်ခဲ့ရသည်။

နောက်တစ်ကြိမ် အုပ်ချုပ်ရေးမှူးရုံးသို့ ထပ်ရောက်လာပြန်သည်။ အုပ်ချုပ်ရေးမှူးဆိုသူ နယ်ဆင်းသွားသဖြင့် ယနေ့ပြန် ရောက်၊ မရောက် မသေချာ၊ ထားခဲ့ပါဟု စာရေးလေးတစ်ယောက်ကဆိုသည်။ ထိုအခါ ကျွန်တော်က မသေသေးကြောင်း လက်တွေ့ပြရမည်ဖြစ်သဖြင့် ထားခဲ့၍ မရနိုင်ကြောင်း စာရေးလေးကို ပြောလိုက်သည့်အခါ စာရေးလေးက

“အန်ကယ်က တကယ်ရိုးတာပဲ။ မနေ့ကတည်းက ကျွန်တော့ကို ပေးခဲ့ရင် အားလုံးကိစ္စပြီးပြီ”ဟုဆိုသည်။

ကျွန်တော်နောက်ကို ဘယ်တော့မှ ပင်စင်ထုတ်ရက်မကျော်သွားအောင် ဂရုစိုက်ပြီး အိမ်နံရံတွင် စာကပ်ထားရပါတော့သည်။

ယခု ပင်စင်ဦးစီးရုံးမှ ဝန်ထမ်းများ သဘောကောင်း၊ မနောကောင်း၊ အပြောကောင်းလွန်းသည်ကို စိတ်ချမ်းသာစွာဖြင့် ထိုင်ပြီး ပီတိပွားနေရာမှ ဆယ့်ငါးမိနစ်ခန့်အကြာတွင် ကျွန်တော့်လက်ထဲသို့ တိုးမြှင့်ခံစားခွင့်လစာနှုန်းရေးပြီးစာအုပ်ကို စာရေး မလေးက လာပြန်ပေးသောကြောင့် ကျေးဇူးတင်ကြောင်းပြောပြီး ပြန်ထွက်လာခဲ့ပါသည်။

ဘဏ်သို့ရောက်သောအခါ ကျွန်တော်ကဲ့သို့ လစာတန်းစီသည့် အငြိမ်းစားများ တွေ့ရသဖြင့် ကျွန်တော်က ဝမ်းမြောက်ဝမ်းသာ ကျွန်တော်ပင်စင်ဦးစီးဌာနတွင် တွေ့ကြုံခဲ့ရသည်များကို ပြန်ပြောပြမိပါသည်။ သူတို့က ရယ်မောပြီး

“အဲဒီလိုဖြစ်သွားအောင် ဘယ်လောက်တိုက်ခဲ့ရသလဲဆိုတာ ဆရာမှ မသိတာ။ အရင် အရာရှိတုန်းက အိပ်ယာထဲ လဲနေတဲ့ ဆရာမကြီးတစ်ယောက်ကို ပင်စင်ထုတ်ပေးဖို့ ခေါ်ခဲ့ခိုင်းတာနဲ့ ပြဿနာအတော်လေးဖြစ်လိုက်တယ်။ တိုင်ရယ် တောရယ်နဲ့ အဲဒီအရာရှိ ပြုတ်သွားပြီး ခုရောက်လာတဲ့သူက ပြဿနာမရှာရဲတော့တာ” ဟုဆိုလိုက်သည်။

ကျွန်တော်တို့ ဝန်ထမ်းလောကတွင် တိုက်ယူမှသာ ရနိုင်သည့်နေရာတွေ ရှိနေခြင်းကပင် ပြုပြင်ပြောင်းလဲမှုများကို လက်မခံ နိုင်သေးကြောင်း ထင်ရှားသည်။ မူပြောင်း လူပြောင်း စိတ်ကောင်း စေတနာကောင်းများနှင့် နိုင်ငံကောင်းအောင် ကြံဆောင် သင့်ပြီထင်ပါသည်။

Powered by Bullraider.com