‘ရန်’နဲ့ ‘အပ်သော’ အရောရော အထွေးထွေး

http://www.zerofoundationafrica.com/wp-content/uploads/2014/07/F92262830F212A734BF15FB013A9ED31-main.jpg

(တစ်)

ကိုယ်ပိုင်ကျောင်း၊ နောက်  တစ်မျိုးပြောရရင် ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေးထားတဲ့ ခေတ်ကာလကြီးထဲမှာ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ စာသင်တဲ့ ဆရာတစ်ယောက်က အလည်ခေါ်တာကြောင့် အပျင်းပြေ သဘောမျိုးနဲ့ လိုက်သွားဖြစ်ခဲ့ပါတယ်။ သူစာသင်မယ့်အချိန်က အလွန်ဆုံးရှိလှ တစ်နာရီ၊ ဒါမှ မဟုတ်တစ်နာရီခွဲဝန်းကျင် လောက်သာရှိတာမို့ သူစာသင်နေတုန်းမှာ ကိုယ်ကဂျာနယ်က လေးဘာလေးဖတ်ရင်းစောင့်၊ ညောင်းတော့ တောင်တွေး မြောက်တွေးတွေး၊ သူစာသင်တဲ့ ကိစ္စပြီးတော့မှ တစ်နေရာရာကို သွားကြကာ စားလိုရာကို စားဆို တဲ့ အစီအစဉ်ကလေးနဲ့ လိုက် သွားဖြစ်ခဲ့တာပါ။

ရုံးခန်းလိုလို အခန်းထဲကို ၀င်လိုက်မိတယ်ဆိုရင်ပဲ ကျွန်တော့်ကို ခေါ်သွားသူဆရာက မျက်နှာတစ်ချက်ကွက်ခနဲ ပျက်သွားပါတယ်။ အခန်းထဲမှာရှိနေသူတွေကလည်း သုံးလေးယောက်လောက်လားမသိ အနေအထားတွေ ပျက်ကုန်ကြပါတယ်။ မိန်းမခပ်ကြီးကြီး တစ်ယောက်နဲ့ခပ်ရွယ်ရွယ်နှစ်ယောက်။

နှိပ်နေကြတာခင်ဗျ။ မိန်းမ ခပ်ကြီးကြီးက ဖိတ်ဖိတ်လက်နေ တဲ့ ကျွန်းသားကြမ်းပြင်ပေါ်မှာ ဖက်ခေါင်းအုံး တစ်လုံးပေါ်မှာ ပက်လက်လှန်လို့။ ခပ်ရွယ်ရွယ် နှစ်ယောက်က အဲသည် မိန်းမကြီး ရဲ့ တစ်ဖက်တစ်ချက်မှာ ထိုင်ကာ သူ့ခြေထောက်နှစ်ချောင်းကို နှိပ် လို့။ အေးအေးလူလူ တောရောက်  တောင်ရောက် စကားပြောရင်း နှိပ်ပေးနေကြတဲ့ အခိုက်မထင် မှတ်ဘဲ ကျွန်တော်တို့ဝင်လာလိုက်ကြတာကြောင့် အနေအထား ပျက်သွားကုန်ကြတာပါ။ မလုံမလဲ မျက်နှာတွေနဲ့ အထဲကိုဝင်သွား ကြပြီး မ၀င်ခင်မှာ ခပ်ကြီးကြီးမိန်းမက ညောင်းလွန်းလို့ ဆရာရေလို့တော့ တစ်ခွန်းပြောသွားခဲ့ပါလေရဲ့။

စာသင်ချိန်ပြီးလို့ ပြန်ကြတဲ့ အခါ သူ့ကားကို သူမောင်းလာသူ ဆရာကခုနက အဖြစ်ကို မကျေ မနပ်နဲ့ ပွစိပွစိလုပ်ပါတယ်။ ခိုင်း တဲ့သူကလည်း မသင့်ဘူး၊ လုပ်တဲ့ သူကလည်း မကောင်းဘူးတဲ့။

အနှိပ်ခံနေတဲ့သူက ပုဂ္ဂလိ က ကျောင်းတည်ထောင်ထားတဲ့ ပိုင်ရှင်တဲ့ခင်ဗျ။ စာလည်းနည်း  နည်းပါးပါး ၀င်သင်သတဲ့။ နှိပ်ပေးနေတဲ့သူတွေက အဲသည့်ကျောင်းက ဆရာမတွေ။

‘‘အသက်အရွယ် ကွာတာ တော့ ကွာတာပေါ့ ဆရာရယ်။ ဒါပေမဲ့ မသင့်တော်ဘူးလေ’’

ကျွန်တော်လည်း အဲသည့် ဆရာရဲ့ အမြင်မျိုးရှိတာပါပဲ။ ကြီးသူကို ငယ်သူကပြုစုတာကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ယုတ်စွအဆုံး အစိုးရကျောင်းက ဆရာမကြီးကို ဆရာမငယ်က နှိပ်နယ်ပေးနေတယ်ဆိုရင်တောင်မှ ခွင့်လွှတ်လို့ရပါသေးတယ်။ ဘ၀တူချင်းကြီးသူနဲ့ ငယ်သူရိုသေသမှုပြုတာ။ အခုဟာက အလုပ်ရှင်နဲ့ အလုပ်သမား အနေအထား။ သူ့ကျောင်းမှာ ကိုယ့်ဘ၀ခိုင်မြဲဖို့၊ မျက်နှာသာ အပေးခံရဖို့ ပေးဆပ်နေရတာနဲ့ မတူဘူးလား။

ကားမောင်းသူ ဆရာက ပွစိ ပွစိ။ ယာဉ်ကြောတွေက ရှုပ်ထွေး လှန်းလှပါဘိ။

(နှစ်)

အလုပ်တစ်ခုလုပ်တဲ့အခါ တာဝန်နဲ့ ၀တ္တရားနယ်ပယ် မပြတ်တဲ့အခါ လူမှုဆက်ဆံရေးမှာ အဖုထစ်တွေ ဖြစ်တတ်ပါတယ်။

မြန်မာစာအဘိဓာန်က ‘တာ ၀န်’ကို ‘ဆောင်ရွက်ရန်အမှုကိစ္စ’ လို့ ဖွင့်ပါတယ်။ ‘၀တ္တရား’ကိုတော့ ‘ဆောင်ရွက်အပ်သော အမှုကိစ္စ’ လို့ ဖွင့်ပါတယ်။ အဲသည့် ဖွင့်ဆိုချက်နှစ်ခုမှာ ‘‘ရန်’’နဲ့ ‘‘အပ်သော’’ ကွာခြားပါတယ်။ ‘‘ရန်’’ က မဖြစ် မနေသဘော။ ‘‘အပ်သော’’က ပြု သင့်၊ ဖြစ်သင့်၊ ဆောင်ရွက်သင့်ဆို တဲ့သဘော။

အဲသည့် ပုဂ္ဂလိက ကျောင်း က ဆရာမကလေးတွေရဲ့ တာ ၀န်က စာသင်ဖို့။ အဲဒါသူတို့ ဆောင်ရွက်ရန်။ ကျောင်းပိုင်ရှင် ကို နှိပ်ပေးဖို့၊ မနှိပ်ပေးဖို့ဆိုတာက ဆောင်ရွက်အပ်သလား၊ မအပ်သလားဆိုတဲ့ အပေါ်မှာ မူတည်တဲ့ဝတ္တရား။ ၀တ္တရားကိုပါ တာဝန်နဲ့ ရောထွေးပြီး လုပ်သင့်၊ မလုပ်သင့် မဆင်ခြင်ဘဲ လုပ်တဲ့အခါ လူ့ဘ၀ဟာ ကြည့်ရဆိုးသွား ခဲ့ရပါတယ်။

ကျွန်တော်တို့ ခပ်ရွယ်ရွယ် မဂ္ဂဇင်းအယ်ဒီတာတွေ ဘာတွေ လုပ်ခဲ့ကြစဉ်တုန်းက သည်လိုပဲ ပြဿနာမျိုး ကြုံခဲ့ကြရဖူးပါတယ်။  ကျွန်တော့်မိတ်ဆွေက စာအုပ်တိုက်တစ်ခုမှာ တိုက်ထိုင် အယ်ဒီတာဝင်လုပ်ပါတယ်။ တစ်ရက်မှာ စာအုပ်တိုက်ပိုင်ရှင်ဆီကို ဧည့်သည်နှစ်ယောက်လာပါတယ်။ အဲသည့်မှာ ဧည့်ခံဖို့ဖြစ်လာပါတယ်။ ပိုင်ရှင်က တိုက်ထိုင်အယ်ဒီတာကို လက်ဖက်ရည် နှစ်ခွက်လောက် သွားဝယ်ဖို့ ခိုင်းပါတယ်။ မိတ်ဆွေအယ်ဒီတာက စာဖတ်နေတာမို့ မအားသေးကြောင်း ပြောပြီးငြင်းပါတယ်။ ပြောရရင် ဧည့်သည်တွေပြန်ပြီဆိုတာနဲ့ ပိုင်ရှင်နဲ့ အယ်ဒီတာ စကားများကြတော့တာပါပဲ။

ဧည့်သည်တွေ ရှေ့မှာဗျာတဲ့ ပိုင်ရှင်က။ အယ်ဒီတာက ဧည့် သည်တွေ ရှေ့မှာမို့ မကောင်း တတ်လို့ စာဖတ်နေတယ်ပဲ ပြော လိုက်တာတဲ့။ ပိုင်ရှင်က ဒါဆို ခင်ဗျားက ဘယ်လိုများပြောချင် လို့လဲလို့ဆိုတော့ အယ်ဒီတာက အဲဒါကျုပ်အလုပ် မဟုတ်ဘူးလို့ ပြောချင်တာတဲ့။ တိုတိုပြောရရင် နှစ်ယောက်သားလမ်းခွဲတဲ့ အဖြစ် ပါပဲ။

စာအုပ်တိုက် ပိုင်ရှင်မှားပြီး အယ်ဒီတာမှန်တဲ့ ဖြစ်ရပ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ပိုင်ရှင်က တာဝန်နဲ့ ၀တ္တရားကို ခွဲမသိတာပါ။ သူ့လခကိုစားတာ မှန်ပေမယ့် အယ်ဒီတာရဲ့ ဆောင်ရွက်ရန် အမှုကိစ္စက စာမူတွေကို တည်းဖြတ်ဖို့ အမှုကိစ္စသာပါ။ လက်ဖက်ရည်ထွက်ဝယ်ပေးဖို့ ကိစ္စမဟုတ်ပါဘူး။ အဲဒါဟာ အယ်ဒီတာတစ်ယောက်က ဆောင်ရွက်အပ်တဲ့ အမှုကိစ္စလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် ၀တ္တရားလည်း မဟုတ်ပါဘူး။ ပိုင်ရှင်က ဆောင်ရွက်ရန်နဲ့ ဆောင်ရွက်အပ်သောကို ရောထွေးနေတာပါ။

ဝတ္တရားဆိုတာ ပြုသူက သူ့ ကိုယ်သူပြဋ္ဌာန်းထားတဲ့ ကိစ္စပါ။ တာဝန်ကတော့ မဖြစ်မနေ ဆောင်ရွက်ရတဲ့အလုပ်ပါ။

အင်္ဂလိပ်စာမှာ တာဝန်ကို Duty တဲ့။ ၀တ္တရားကိုကျတော့ Obligation တဲ့၊ Commitment တဲ့၊ Accountability တဲ့၊ Liability တဲ့။ ကွဲကွဲပြားပြား အနက်ပေး ထားပါတယ်။

လူလူချင်း ကူညီတာ၊ စောင့် ရှောက်တာ၊ ပြုစုတာ၊ ယုယတာက သက်သက်ပါ။ တာဝန်နဲ့ ၀တ္တရား မကွဲပြားဘဲ ဆောင်ရွက်ရန်နဲ့ ဆောင်ရွက်အပ်သော ရောချတာ က သက်သက်ပါ။ ကျွန်တော်တို့ ဆောင်ရွက်ရန်တွေအတွက် တာ ၀န်ကျေရပါလိမ့်မယ်။ ဆောင် ရွက်အပ်သလား၊ မအပ်သလား ဆိုတဲ့ ၀တ္တရားကိစ္စကတော့ ကိုယ့် နေရာ သူ့နေရာချိန်ဆတတ်ကြ ဖို့ပါပဲ။   ။

7 Day Daily,

No.804 Friday, July 24, 2015
Powered by Bullraider.com