အနာဂတ်ကို ဘယ်သူတွေ ဖျောက်ထားသလဲ

http://4.bp.blogspot.com/-nKQEh4aLFCE/VSRMNWk0wJI/AAAAAAADF6o/tZTlDDkVR1w/s1600/4.jpg

ကျွန်တော် လူငယ်တွေ အရက်မူးနေတာ အပြစ်မပြောဘူး။ ဘာကြောင့်လဲဆိုတော့ အရက်ကို နေရာတိုင်းဝယ် လို့ရနေပြီး၊ ဘီယာဆိုင်တွေက လက်ဖက်ရည်ဆိုင်တွေထက်တောင် ပေါနေတဲ့တိုင်းပြည်ဆိုတော့ အတုမြင် အတတ်သင် မူးချင်တိုင်း မူးနေတာ၊ မူးချင်သူအပြစ်လား မူးခွင့်ပေးထားသူအပြစ်လား စဉ်းစားမိပြီး ကလေးတွေ ကို အပြစ်မတင်တော့ဘူး။ ကလေးတွေမူးပြီး ဘာတစ်ခုမှ မစဉ်စားနိုင်လေ နိုင်ငံရေးအရ အမြတ်ထွက်လေလို့ လက်ခံထားတဲ့ တိုင်းပြည်အနာဂတ်ဟာ ပျောက်နေမှာပဲ။ အဲဒီလို အနာဂတ်မဲ့တဲ့ တိုင်းပြည်ဖြစ်အောင် စနစ်တကျ လုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော်ပြောရင် လွန်မှာလား။

တကယ်လို့သာ အဲဒီကလေးတွေအတွက် ကျောင်းတံခါးတွေ အမြဲဖွင့်ထားမယ်၊ သင်ချင်တဲ့ ဘာသာကို သင်ခွင့်ရှိမယ်၊ အိမ်က ပညာမသင်ခိုင်းတာတောင် ကိုယ့်အသိစိတ်နဲ့ကိုယ် ကျောင်းတက်နိုင်တဲ့ အနေအထား မျိုးတွေရှိမယ်၊ စာကြည့်တိုက်တွေ ကောင်းကောင်းအသုံးချလို့ရမယ်၊ အင်တာနက်ဆိုတာ ကျောင်းထဲ ၀င်လိုက် တိုင်း ကြိုက်တဲ့နေရာမှာ သုံးနိုင်မယ်၊ ကျောင်းမပြီးခင်ကတည်းက အလုပ်ပေးမယ့် ကုမ္ပဏီတွေက ကျောင်းသား တွေကို လာခေါ်ကြမယ်၊ အာမခံချက်ရှိတဲ့ပညာရေး၊ အာမခံချက်အပြည့်ပေးထားတဲ့ ပညာရေးဖြစ်မယ်ဆိုရင် သူတို့ ဒီလို မူးချင်မှ မူးမှာပေါ့။

လူငယ်တွေ ပန်းခြံထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေတယ်။ ခင်ဗျားတို့ပြောမှာပေါ့။ ကျောင်းတံခါးတွေ နည်းမျိုးစုံနဲ့ ပိတ်ထားတာကို ခင်ဗျားတို့ မပြောဘူး။ လူငယ်တွေ လမ်းပေါ် ဘာလို့ထွက်သလဲ ခင်ဗျားတို့ပြောမှာပေါ့။ သူတို့ စုဝေးနိုင်တဲ့ သမဂ္ဂဆိုတာမှ မရှိဘဲ။ လူငယ်တွေ မိုက်ရိုင်းတယ်လို့ ခင်ဗျားတို့ပြောမှာပေါ့။ သူတို့ရိုင်းတာ ခင်ဗျား တို့ လူသတ်ပြတာတွေထက် အများကြီးယဉ်ကျေးတယ်။ လူငယ်တွေ တစ်မှု .. နှစ်မှု .. သုံးမှု .. လေးမှု .. ငါးမှု တွေနဲ့ ထောင်ထဲထည့်မယ်။ ကောင်းတာပေါ့။ လက်သီးလက်မောင်းတန်းတတ်တဲ့ ကလေးတွေကို လက်ထိပ် လေးတွေနဲ့ ထားတာ ခင်ဗျားတို့အတွက် လုံခြုံနေတာပဲ။

လူတစ်ယောက်ကို ခွေးရိုက် နွားရိုက် ရိုက်သတ်ပြီး မြေမြှုပ် ထားတာ၊ မိန်းမတစ်ယောက်နဖူးကို သေနတ်နဲ့ ပစ်သတ်လိုက်တာထက် ကလေးတွေရဲ့ ပြစ်မှုက ပိုကြီးတယ်လို့ ယူဆရင် ဗိုလ်နေ၀င်းခေတ်ကလို တစ်ကျွန်း ပို့လိုက်ပါလား။ ကလေးတွေအားလုံး ကိုကိုကျွန်း ရောက်သွားမှ တိုင်းပြည် အေးချမ်းမယ်လို့ ထင်ရင် လုပ်ကြည့် လိုက်ပါလား။

၂၇.၇.၂၀၁၅

Powered by Bullraider.com