ဘယ်သူမှမယူကြတဲ့ - အမွေကောင်းများ

Category: သူ့အမြင်
Published on Saturday, 01 August 2015 02:54
Written by ခင်မောင်ညို (ဘောဂဗေဒ)

http://www.usp.nus.edu.sg/highlights/images/2014/steer-myanmar-usp-05.jpg

(၁)

အဋ္ဌမတန်းကျောင်းသားဘဝလောက်က ရခဲ့ဖူးသော စာအုပ်နှစ်အုပ်ကို မှတ်မိသည်။ တစ်အုပ်မှာ ထိုစဉ်က ပြဋ္ဌာန်းခဲ့သော အင်္ဂလိပ်စာအုပ်တစ်အုပ်နှင့် ပတ်သက်သည့် Meaning တွေပါသည့် စာအုပ် ဖြစ်သည်။ Acres ကို ‘ဧကများ’ ဟုရေးရမည့်အစား Typing Error ဖြစ်၍ ‘စကများ’ ဟုရေးထားသည့် အတိုင်းမှတ်သားခဲ့ရာ အတန်းထဲရောက် အင်္ဂလိပ်စာဆရာဦးတင်လှိုင်ပြောမှ အမှန်အတိုင်းသိသည်။ ‘Looking at the Children of other Land’s (ရပ်ဝေးမြေခြားကလေးများ) စာအုပ်ထင်သည်။ ထို Meaning စာအုပ်ရေးသူကို အတော်အထင်ကြီးသွားခဲ့ဖူးသည်။ အတူပါလာသော ဦးထွန်းငြိမ်း အဘိဓာန်ကိုတွေ့မှ ဒီအဘိဓာန်ကို ကြည့်ရေးတာဖြစ်မယ်ဟု သဘောပေါက်သွားသည်။ ဖခင်ကြီးထံမှ ပထမဆုံးရသောစာအုပ်ကို ချစ်တပည့်တစ်ယောက်အား ချီးမြှင့်လိုက်ရာသူ၏ အိမ်တွင်းအခိုးခံရ၍ ဇာတ်လမ်းဆုံးသည်။

ကိုးတန်း၊ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း) ကျောင်းသားဘဝတွေမှာ ထိုစဉ်ကမြင်းမူနှင့် စစ်ကိုင်းရှိ စာအုပ်ဆိုင်တွေက စာအုပ်တွေဝယ်တတ်လာရာ မိဘတွေပေးသော ပိုက်ဆံကိုအတော်သုံးဖြစ်သည်။ တက္ကသိုလ်ရောက်တော့ စာကြည့်တိုက်၊ စာအုပ်အငှားဆိုင်တွေက ငှားဖတ်သလို အလိမ္မာစာပေ (လှည်းတန်း) မှာ အကြွေးစာရင်းရှိပြီး တစ်ခါတစ်ရံ ကြွေးဆပ်ရသည်။ တက္ကသိုလ်ရောက်တော့ ကျောင်းစာကြည့်တိုက်တွေကို ရောက်သည်။

ကိုယ်တိုင်ကလည်း တစ်နေ့စာကြည့်တိုက်ထောင်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ ‘မြပုဝါ’ ဆိုပြီး နာမည် တောင်ရွေးထားသည်။ လက်တွေ့တွင် စာအုပ်တွေက စာကြည့်တိုက်အထိ မရောက်လိုက်၊ ဘွဲ့ကြို သင်တန်းသားဘဝအထိ စာအုပ်တွေက ငါန်းဇွန်အိမ်ရောင်းလိုက်သည့်အထဲ ပါသွားသည်။ နောက်ပိုင်း စာအုပ်တွေက မန္တလေးအိမ်မှာ ခြစား၊ ပြီးတော့အိမ်အပြောင်းအလဲတွေမှာ ပါသွားသည်။ ခပေါင်း ဆောင်အဆောင်မှူးအိမ်မှာ ဗီရိုနှစ်လုံးလောက် ခြစားခံရဖူးသည်။ အဆောင်ကပြောင်းလာတော့ စာ အုပ်ဗီရိုခြောက်လုံးခန့်စာမှာ ထားသိုစရာ အခက်အခဲဖြစ်တော့သည်။ ဒါတောင် စာကြည့်တိုက်တွေကို အမြဲလှူနေခြင်းဖြစ်၍သာ သက်သာသည်။

(၂) တော်တော်အသည်းယားသော ကိစ္စတစ်ခုရှိသည်။ စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်မှာ ဖဆ ပလခေတ်လောက်ကတည်းက စာအုပ်တွေရှိသည်။ အထူးသဖြင့် မြန်မာလိုရေးထားသော ဘောဂဗေဒ စာအုပ်တွေ။ စီးပွားရေးစာအုပ်တွေရှိသည်။ အထွေထွေအုပ်ချုပ်ရေးပညာ စာစောင်တွေကိုလှန်၍ပင် မကြည့်ဘူး။ ရည်ညွှန်းအခန်းထဲမှာ ရှိသည်။

ပြဿနာက ခေတ်အဆက်ဆက်ရေးခဲ့သော စာအုပ်တွေကို နောင်လာနောက်သားတွေက လှည့်မ ကြည့်၊ တန်ဖိုးမထား၊ ထားရကောင်းမှန်းမသိ။ မဟာဘွဲ့တန်း၊ တိုးလိုးတန်းလန်းတက်ခဲ့စဉ်က Keynes (ကိန်းစ်) ၏ သဘောတရားတွေကို မိတ်ဆက်ပေးသော စာအုပ်တစ်အုပ်ကို ရည်ညွှန်းကိုးကားရသည်။ ထိုစာအုပ်ကို ဆရာမောင်စူးစမ်းက တိုင်းပြည်ဝင်ငွေ သဘောတရားဆိုပြီး ဦးတင်ရွှေအမည်ဖြင့် ဘာ သာပြန်ထားသော စာအုပ်တစ်အုပ်ပို သွားတွေ့မိသည်။ ကာလအတန်ကြာသည်အထိ စာပေဗိမာန် တွင် ထိုစာအုပ်တွေ ဖုန်တက်ပြီးပုံနေသည်ကို တွေ့ဖူးသည်။

ယခုအချိန်တွင် ဆရာမောင်စူးစမ်းနှင့် သူရေးသားခဲ့သော စာအုပ်စာတမ်းတွေအကြောင်း သိရှိသူ များများစားစားရှိတော့မည်မထင်။ ဈေးနှုန်းသီအိုရီကို သင်ကြားရသောအခါမွှေနှောက်ရင်း ဒေါက်တာ ဗိုလ်လေးရေးသားခဲ့သော စာတမ်းတစ်စောင်ကို တွေ့သည်။ လက်နှိပ်စက်မူဖြင့် အင်္ဂလိပ်ဘာသာနှင့် ရေးထားသော ဆရာကြီးဦးသက်ထွန်း၏ မြန်မာ့စီးပွားရေး စီမံကိန်းစာတမ်းတစ်စောင်ကို တွေ့ဖူး သည်။ စာသင်ခန်းထဲမှာက မြန်မာဘာသာဖြင့် သင်ရသည်။

ကိုယ်တိုင်စာဖတ်နိုင်၊ စာရေးနိုင်သောအခါ ဘောဂဗေဒဘာသာရပ်နှင့် ပတ်သက်၍လိုအပ်နေသော ဧရာမကွက်လပ်ကြီးကို ဖြည့်ဆည်းရန်အကြံနှင့်လုပ်ခြင်းဖြစ်သည်။ သို့သော်ကိုယ့်ရှေ့က ဆရာ့ ဆရာ ကြီးများ၏ စာတွေကိုမည်သူမျှရှိမှန်းမသိ၊ ဖတ်ရမှန်းလည်းမသိဖြစ်နေသည်ကို တွေ့ရသည်။

ကံအားလျော်စွာ ပါမောက္ခချုပ် (ငြိမ်း) ဆရာကြီးဦးမြတ်သိန်း၏ စာအုပ်တွေကို ဘွဲ့လွန်တန်းတွင် တွေ့နေရသေးသည်။ ဆရာကြီးဒေါက်တာမောင်မြင့်ရေးသော စာတမ်းတွေဆိုလျှင် ဖတ်ဖူးရန်အသာ ထား၍ နာမည်ပင်မကြားဖူးသေးသူတွေက အများကြီး။ ဘယ်သူတွေက ဘယ်နေရာတွေသွားပြီး ဘာ ပညာတွေရှာကြပါလိမ့်၊ ရှေးကတီထွင်ခဲ့ပြီးသား ‘ဘီး’ ကို ထပ်မံတီထွင်ရန် လိုအပ်ပါသလား။

ဘွဲ့ကြိုတန်းတစ်ခုတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအကြောင်း သင်ခဲ့ရရာနောင်အတန်ကြာမှ ထိုသင်ခန်းစာ သည် ဆရာကြီးဒေါက်တာလှမြင့်ရေးသားပြုစုသော စာအုပ်ထဲမှဖြစ်နေသည်ကို တွေ့ရသည်။ ကမ္ဘာ ကျော် မြန်မာပညာရှင်များဖြစ်သော ဒေါက်တာဆွန်ဒရမ်၊ ဒေါက်တာလှမြင့်ရေးသားပြုစုသော စာအုပ် ထဲမှဖြစ်နေသည်ကို တွေ့ရသည်။ ကမ္ဘာကျော် မြန်မာပညာရှင်များဖြစ်သော ဒေါက်တာဆွန်ဒရမ်၊ ဒေါက်တာလှမြင့်၊ ဒေါက်တာထွန်းသင်၊ ဒေါက်တာထွန်းဝေ၊ ဒေါက်တာဖင်းလေးတို့ကိုဆိုလျှင် သူတို့စာ တွေကို ဖတ်ဖူးရန်အသာထား နာမည်ပင်ကြားဖူးကြမည် မထင်။

အကြောင်းအားလျော်စွာ စာဖတ်ရန်တိုက်တွန်းသော ဟောပြောမှုတွေ၊ ရေသားမှုတွေကို မကြာခဏ တွေ့ရသည်။ သို့သော် ဘယ်နေရာတွေမှာ ဘာတွေရှိနေသည်ဟူသော သိုက်စာကိုတိတိကျကျ မပြောနိုင်။ တစ်ခါတစ်ရံတွင် ခေတ်အခြေအနေအရ လိုလျှင်လိုသလို၊ မလိုလျှင် မလိုသလိုလှီးထုတ်ခံ ရသော ခေတ်တွေရှိခဲ့ဖူးပါသည်။

တစ်ခါတစ်ရံ မိမိကျမ်းပြုသည့်အခါ ကူးချရန်အလို့ငှာ ရှေးကပြုစုပြီးကျမ်းတွေကို အမည်ပင်မဖော်ပြဘဲ ရယူသည့်အဖြစ်မျိုးကိုလည်း ကြုံဖူးပါသည်။ မြန်မာတိုင်းမ်ဂျာနယ်ပေါ်ခါစက သတင်းထောက်တစ်ဦး နှင့်တွေ့ရာ မြန်မာနိုင်ငံတွင် စီးပွားရေးပညာတွေ လေ့လာသင်ယူသင့်သည်ဆို၍ ဘယ်နှစ်တွေက တည်းက ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်ဟု ပြောရပါသည်။

နိုင်ငံခြားသားတစ်ယောက်နဲ့တွေ့ရာတွင် သူက ‘မြန်မာမှာ MBA သင်တန်းရှိသလား’ ဟု မေးသဖြင့် ‘နှစ် ၂၀ သက်တမ်းရှိသွားပြီ’ ဟု ပြောရသည်။ ပုဂံယွန်းကျောင်းတွင် သြစတြေးလျပါမောက္ခတစ် ယောက်နှင့်တွေ့ရာ ‘အခြေခံအရောင်းမြှင့်တင်ရေးတွေသင်ဖို့၊ နိုင်ငံခြားကဆရာတွေခေါ်ဖို့ မလိုပါဘူး ကွာ’ ဟု ပြောပစ်ခဲ့သည်။ သူတို့လာချင်လို့လာတာဆိုရင်တော့ မပြောလိုပါ။

အမ်ဘီအေအတက်ချင်ပါသည်ဆိုသော ကျောင်းသားတွေက ‘ဖေ့စ်ဘွတ်ခ်မှာ ဘာဖတ်ရမလဲ’ ဟု မေးရာ ‘GMAT ဖတ်’ ဟုပြန်ဖြေသည်။ ‘အပြည့်အစုံပြောပါ။ ဘာတွေလဲ’ ဟု ထပ်မေးကြသည်။

(၃) ပြောချင်သည်မှာ ပညာရှာလိုသူ၊ ပညာသင်လိုသူတွေအတွက် အင်္ဂလိပ်လိုပဲဖတ်ဖတ်၊ မြန်မာလိုပဲ ဖတ်ဖတ် ဖတ်စရာတွေအများကြီးရှိသည်။ ဈေးကွက်စီးပွားရေးစနစ်ကူးပြောင်းသည့် ၁၉၉၀ ပြည့်နှစ် ဝန်းကျင်က အိုင်ယာကော့ကာဟူသော လုပ်ငန်းရှင်တစ်ယောက်အကြောင်း အမေရိကန်သံရုံးက ဘာသာပြန်ဆိုထုတ်ဝေဖူးသည်။ Kotler ၏ Marketing ကိုဆရာမောင်စူးစမ်းက အတွဲကြီးခွဲ၍ ဘာ သာပြန်ပေးဖူးသည်။ အဟောင်းထဲက အကောင်းတွေကိုရှာဖွေလေ့လာရယူစေချင်သည်။

ဒေသကောလိပ်ခေတ်က ဒုတိယနှစ်ကျောင်းသားအားလုံး မယူမနေရဖြစ်ခဲ့သော ‘လုပ်ငန်းအုပ်ချုပ်မှု ပညာ’ စာအုပ်တွေကို တစ်ခါတလေ ဟိုနားဒီနားမှာ တွေ့နေရသေးသည်။ ထိုခေတ်က အတတ်ပညာ စာအုပ်တွေကိုလည်း ကူးကြ၊ ဖြန့်ကြဆဲဖြစ်သည်ကို တွေ့ရသည်။

ပညာရွှေအိုး၊ လူမခိုးဆိုသောစကားကို ပညာရဖို့၊ ရွှေအိုးကြီးလိုသည်ဟု နောက်ပြောင်တတ်ကြသည်။ အလကားမရတာတော့ သေချာသည်။ အရင်းအနှီးစိုက်ကောင်းစိုက်ရမည်။ အရင်းအနှီးမစိုက်နိုင်လျှင် လုပ်အားတွေ၊ ကြိုးပမ်းအားထုတ်မှုတွေ စိုက်ထုတ်ရယူရမည်။ အချောင်မရနိုင်။ နေ့ချင်းညချင်း ပညာ ရှင်မဖြစ်နိုင်။

ရှေးပညာရှင်များထားခဲ့သော အမွေအနှစ်တွေ ပျောက်ကွယ်ရာတွင် ပညာရှင်တွေက မပေးခဲ့၍ချည်း မဟုတ်ဘဲနောက်လာနောက်သားတွေက လိုလိုလားလားလက်ခံမယူ၍ နောင်လာနောက်သားတွေးက လိုလိုလားလား လက်ခံမယူ၍များလားဟု ကျွန်တော်တွေးနေမိရပါကြောင်း။              ။

စံတော်ချိန်သတင်းစာ

ဇူလိုင်လ (၁၇) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com