မီးဖွင့်ပြီးပြီလား

Category: သူ့အမြင်
Published on Sunday, 02 August 2015 01:31
Written by တင်ညွန့်

http://4vector.com/thumb_data/v4l-126670.jpg

ကျွန်တော် ရုံးတစ်ရုံးကိုရောက်ခဲ့ပါတယ်။ အရေးကြီးတဲ့ စာတန်းတစ်ခုကို ကျွန်တော်ယူစရာရှိတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ပေးထားပြီးသား၊ အတည်ပြုပြီးသားကို ပြန်လည် စစ်ဆေးပေးရန်နှင့် မှတ်ချက် ရေးရန် ဆိုတဲ့အတွက် လူကြီးတစ်ယောက် ရေးထားတဲ့ မှတ်ချက်ကို ဖတ်ချင်လို့ print လာထုတ်ခိုင်းတာဖြစ်ပါ တယ်။

ကျွန်တော်က ကွန်ပျူတာ အော်ပရေတာ ကောင်မလေးရှေ့မှာထိုင်ပြီး သူထုတ်ပေးမယ့် စာရွက်တွေကို စောင့်နေပါတယ်။ ကောင်မလေးက ဖုန်းပြောလိုက်၊ စာရွက်တွေ မွှေနှောက်လိုက်၊ ဟိုအော်၊ သည်အော်နဲ့ တစ်ရုံးလုံးကိစ္စ သူတစ်ယောက်တည်း လုပ်နေရသလို ပုံဖမ်းနေပါတော့တယ်။

သူက ကွန်ပျူတာ ဖွင့်တယ်ဗျ။ UPS က တတီတီအော်နေတယ်။ မီးမတက်ဘူး။ ကွန်ပျူတာ ဖွင့်လို့မရတာကို အဖြေ မရှာဘူး။ ဖုန်းနဲ့ ဟိုဆက်၊ သည်ဆက် လိုက်လုပ်နေတယ်။ ကျွန်တော်က တစ်ထိုင်တည်းနဲ့ မျက်စိ ကစား လိုက်တော့ အဖြေကိုတွေ့တယ်။ UPS က အော်မှာပေါ့။ UPS နဲ့ ဆက်ထားတဲ့ ပလပ်ပေါက်က ခလုတ်ကို ဖွင့်မှ မဖွင့်ရသေးတာ။ ပြောလိုက်ရင်လည်း ဒီအဘိုးကြီး လျှာလာရှည်တယ်ဆိုပြီး အဟောက်ခံရဦးမယ်။

ဒီလိုနဲ့ ကြည့်နေလိုက်တာ နောက်ထပ် ၁၅ မိနစ်လောက်ကြာတော့

“ကွန်ပျူတာက ဘာဖြစ်တယ် မသိဘူး။ ဖွင့်မရလို့ မနက်ဖြန်မှ လာပါလား” တဲ့။ မြောက်ဒဂုံကနေ မြို့ထဲတစ်ခါ လာရတာ သက်စွန့်ကြိုးပမ်းပါ။ နောက်တစ်နေ့ထပ်လာဖို့ဆိုတာ မလွယ်လို့ “သမီးရယ် သေသေချာချာ ပြန်စစ်ကြည့်ပါဦး” လို့ပြောလိုက်တော့ လူကို ဘုကြည့်ပြန်ကြည့်ပြီး “တတ်ရင် ကိုယ်တိုင်လာလုပ်သွား” တဲ့ဗျာ။

တစ်ခါတစ်လေ ခက်တယ်ဗျ။ လူငယ်တွေက လူကြီးတွေ၊ အဘိုးကြီးတွေဆိုရင် အထင်သေးတတ်တယ်။ ကွန်ပျူတာနဲ့ ပတ်သက်ရင် ဗဟုသုတမရှိဘူး၊ အတွေ့အကြုံမရှိဘူးဆိုပြီး အထင်သေးတတ်ကြတာပါ။ ကျွန်တော်ကလည်း သူမမွေးခင်လောက်ကတည်းက ကွန်ပျူတာသုံးနေတာ။ ကွန်ပျူတာတစ်လုံးကို တစ်စချင်း ပုံထားရင်တောင် ပြန်ဆင်တတ်သဗျ။ ဒါပေမဲ့ ဒါတွေ ပြောမနေတော့ပါဘူး။ ခုံပေါ်က ထလိုက်ပြီး သူ့ဘေးက မီးခလုတ်ကို သွားဖွင့်ပေးလိုက်တော့ သူကြောင်ပြီးကြည့်နေတယ်။

အဲဒါပဲဗျာ။ လူငယ်တွေကို တစ်ခုပြောချင်တာက ပိတ်ထားတဲ့ခလုတ်ကို ဖွင့်ပြီးပြီလားဆိုတာ သေသေချာချာ စစ်ဆေးပြီးမှ လုပ်ကိုင်လို့မရတာကို အဖြေရှာကြပါ။ ဘာမဟုတ်တဲ့ မီးခလုတ်လေး တစ်ချက်နှိပ်လိုက်တာက လည်း အရေးပါတတ်တယ်ဆိုတာ သတိထားစေချင်လို့ပါ။

၁.၈.၂၀၁၅

Powered by Bullraider.com