ရွေးကောက်ပွဲကြောင့် ဘုရွှေမော်ရွာကွဲ မူလတန်း ကျောင်း ချက်ချင်းရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဘုရွှေမော်ကျေး ရွာမှ ခွဲထွက်သွားသော ဘုရွှေမော်ရွာသစ်ကို သက်ဆိုင် ရာ အစိုးရ အာဏာပိုင်များက ချက်ချင်း မူလတန်း ကျောင်း ချပေးလိုက်ကြောင်း သတင်း ရရှိသည်။

ပညာရေး ၀န်ထမ်း တစ်ဦးက “ အဲဒီရွာက တော်တော်ကို ကံကောင်းတယ်။ ချက်ချင်း ရွာကွဲတယ်။ ချက်ချင်းကျောင်းရတယ်။ ရှေ့မှာ ရွေးကောက်ပွဲ ရှိနေတော့ အစိုးရက ရွာသားတွေဆီက ထောက်ခံမဲ လိုချင်တော့ ချက်ချင်း ကျောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ သာမန်အချိန်ဆို ခုလို ချက်ချင်း ကျောင်းရဖို့ဆိုတာ မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့နယ် ဘုရွှေမော်ရွာတွင် ဘုန်းကြီးကျောင်းကိစ္စကြောင့် ရွာကွဲပြီးနောက် အိမ်ခြေ ၁၅၀ ခန့်သည် အဆိုပါ ရွာမှ ခွဲထွက်လာပြီး လုမု ကျေးရွာအနီးတွင် များမကြာမှီက ရွာသစ် တည်ဆောက် ခဲ့သည်။

ရွာသစ်တည်ပြီး ချက်ချင်းဆိုသလို ကြံ့ဖွံ့အာဏာပိုင်များ ရောက်ရှိလာပြီး ရွာသားများကို အဖွဲ့ဝင် အဖြစ် သိမ်းသွင်း စည်းရုံးကာ မူလတန်းကျောင်းကို ချပေးလိုက်ခြင်း ဖြစ်သည်။

“ ကြံ့ဖွံ့ ပါတီကို အဓိက ကျော့ထောက်နောက်ခံ ပြုထားတဲ့ ဦးကျောက်တောင်က ကျောင်းဆောင် အတွက် ကုန်ကျမယ့် စရိတ်စခ အားလုံးကို တာဝန်ယူ ထားတယ်လေ။ ကျောင်းရအောင်လည်း သူကဘဲ ဦးဆောင်ကြိုးပမ်းပေးထားတော့ သူကျော့ထောက်နောက်ခံ ပြုထားတဲ့ ကြံ့ဖွံ့ ပါတီကိုဘဲ ရွာသားတွေက မဲပေးကြရတော့မယ်လေ” ဟု နိုင်ငံရေး လူပ်ရှားသူ လူငယ် တစ်ဦးက ပြောသည်။

ယခုအခါ ဦးကျောက်တောင်သည် အဆိုပါ ဒေသရှိ မအီမြို့မှ ရိုးတောင်ထဲရှိ ခြေတော် အရောက် ၃၂ မိုင်လမ်းတစ်ခုကိုလည်း ဖေါက်လုပ်နေကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် လာမည့် ရွေးကောက်ပွဲတွင် တစညနှင့် ကြံ့ဖွံ့ ပါတီ နှစ်ခုသာ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ကြံ့ဖွံ့ ပါတီကို ဦးကျောက်တောင်က ကျော့ထောက် နောက်ခံ ပြုထားသဖြင့် တောင်ကုတ်တွင် ကြံ့ဖွံ့ ပါတီ အနိုင်ရမည်မှာ ရာနုန်းပြည့် သေချာနေကြောင်း တောင်ကုတ်က လာသော သတင်းများအရ သိရသည်။

Source : နိရဉ္စရာ

Powered by Bullraider.com