ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များအတွက် စာသင်ကျောင်း

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များအတွက် သီးသန့် စာသင်ကျောင်းကို မလေးရှားနိုင်ငံ မလက္ကားပြည်နယ်တွင်  ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

လက်မထပ်ဘဲ ကိုယ်ဝန်ဆောင်ထားသော ဆယ်ကျော်သက်မိန်းကလေးများ၏ ဂုဏ်သိက္ခာ ထိန်းသိမ်း ကူညီရန်အတွက် ရည်ရွယ်ထားသည်။ စက်တင်ဘာ ၁၆ ရက်နေ့တွင်ဖွင့်လှစ်သည့်အခါ ကိုယ်ဝန်ဆောင် ကျောင်းသူ ၃၀ ဦးကို စတင် လက်ခံမည်ဖြစ်သည်။

ပြည်နယ်၊ အစ္စလမ်ရေးရာဌာနက တာဝန်ခံဖွင့်လှစ်မည်ဖြစ်ပြီး သင်္ချာ၊ သိပ္ပံနှင့် အခြားဘာသာရပ်များအပါအ၀င် ဘာသာရေး အကြံပြုချက်များလည်း ပါဝင်မည်ဖြစ်သည်။ ကျောင်းနှင့်ကပ်လျက် ဘော်ဒါဆောင်တွင် နေထိုင်နိုင်ကြရန် စီစဉ်ထားရှိသည်။

ကျောင်းဥက္ကဌဖြစ်သူ အဘ်ဒူလ်ရာမန်က ယခုလိုပြောဆိုခဲ့သည်။ “သူတို့လေးတွေ အနာဂတ်ကို ဒုတိယအကြိမ်အဖြစ် တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းပေးတာပါ။ ကလေးမွေးပြီးတဲ့အခါမှာတော့ ပုံမှန်ကျောင်းတွေမှာ ဆက်တက်နိုင်ကြမှာပါ။”

ဤအစီအစဉ်မှာ မိန်းကလေးငယ်များ ကိုယ်ဝန်ရရှိပြီးနောက်ပိုင်း ကျောင်းထွက်ကြရသည့်ကိစ္စကို စိုးရိမ်ပူပန်မှုရှိကြောင်း အရာရှိများမှ ဖွင့်ထုတ်လာကြသည့်အတွက် လုပ်ဆောင်ရခြင်းဖြစ်သည်။

မိခင်ငယ်အချို့မှာ ကလေးများကို အမှိုက်ပုံများ၊ တောအုပ်များနှင့် အိမ်သာများထဲတွင် စွန့်ပစ်ခဲ့ကြဖူးသည်။

လက်မထပ်ဘဲ လိင်ဆက်ဆံသည့်ကိစ္စမှာ မလေးရှား မူဆလင်များအကြားတွင် လက်မခံနိုင်ကြပါ။ ယခုနှစ်အတွင်း ကလေးငယ် ၅၀ ခန့်အထိ စွန့်ပစ်ထားခဲ့ကြပြီး အများစုမှာ သေဆုံးခဲ့ကြရသည်။

ယခုနှစ်အတွင်း လက်မထပ်ဘဲ မွေးဖွားသော ကလေးငယ် ၁၇၀ ဦး ရှိပြီဖြစ်သည်ဟု အာဏာပိုင်များကပြောဆိုခဲ့သည်။ ၇၀ ကျော်မှာ ဆယ်ကျော်သက်များမှ မွေးဖွားခဲ့ခြင်းဖြစ်သည်။

မလက္ကားပြည်နယ်ဝန်ကြီးချုပ်က မူဆလင် လူငယ်များအနေဖြင့် လိင်ဆက်ဆံလိုပါက လက်ထပ်ကြပါရန် တိုက်တွန်းလိုက်ပြီး ပြည်နယ်အနေဖြင့် မိသားစုဘ၀ စတင်ရန် ငွေကြေးကူညီပေးမည်ဟု ကတိပြုခဲ့သည်။

မောက္ခနိုင်ငံတကာ ပညာရေးသတင်း

Source: Indo-Asian news KL

Powered by Bullraider.com