အခြေခံပညာသင်ယူနေကြသော ကျောင်းသား အချို့ မြန်မာစာဘာသာရပ် တတ်ကျွမ်းမှု အားနည်း

အခြေခံပညာ သင်ယူနေကြသော ကျောင်းသား အချို့ မြန်မာစာဘာသာရပ်တတ်ကျွမ်းမှု အားနည်းချက်များ ရှိသည့်အပြင် ယင်းဘာသာဖြင့် ကျရှုံးသူများပင် ရှိလာကြောင်း ပညာရေး အသိုင်းအ၀ိုင်းများထံမှ စုံစမ်းသိရှိ ရပါသည်။

ထို့ပြင် မြန်မာစာရေးသားရာတွင် အရေးကြီးဆုံး မှန်သုံးမှန်ဖြစ်သည့် စာလုံးပေါင်းသတ်ပုံမှန်ကန်မှု၊ အသုံးအနှုန်းမှန်ကန်မှုနှင့် ၀ါကျဖွဲ့ထုံးမှန်ကန်မှုတွင် ပထမဆုံးအဆင့် ဖြစ်သည့် စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုအဆင့်တွင်ပင် အမှားအယွင်း များစွာသုံးစွဲလျက်ရှိသည်ကို ယနေ့ ခေတ်ကျောင်းသားများသာမက လုပ်ငန်းခွင်ဝင်ရောက်နေသော ဘွဲ့ရလူငယ်များတွင်ပင် တွေ့မြင်နေရသည်ဟု ၀ါရင့်စာရေးဆရာကြီး တစ်ဦးက ပြောပြခဲ့သည်။

"ကွန်ပျူတာ၊ အင်တာနက်၊ တခြားဘာသာစကားတွေ သင်ယူမှုကြောင့် ပညာရေးကို မထိခိုက်နိုင်ပါဘူး။ ဒါပေမယ့် လေ့လာမှုတွေ အားလုံးဟာ သာတူညီမျှဖြစ်သင့်ပါတယ်။ မြန်မာစာ၊ မြန်မာစကားဟာ ကိုယ့် ဘာသာစကားဆိုပြီး ပေါ့လျော့လို့ မရပါဘူး။ ကိုယ့်ဘာသာစကားမို့ ပိုပြီးပိုင်နိုင်ကျွမ်းကျင်မှုပဲ ရှိသင့်တယ်။ အခုနောက်ပိုင်းကျောင်းသားတွေ အတော်များများ မြန်မာစာ အားနည်းလာကြတာကို တွေ့နေရတယ်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသားတစ်ယောက်ရဲ့ မှတ်စုထဲမှာ ဆရာပီမိုးနင်းရဲ့'တက်ကျမ်း'စာအုပ်ဆိုပြီး မှတ်ထားတာ 'တက်ကျမ်း' ကို 'တက်ကြမ်း'လို့ မှတ်ထားတာ တွေ့လိုက်ရတယ်။ အမှန် ကိုသိရဲ့သားနဲ့ အမှတ်တမဲ့ရေးလိုက် တာဆိုရင်တော့ နောက်ဆိုသတိထားနိုင်ပေမယ့် စာလုံးပေါင်းအမှန် မသိလို့ဆိုရင်တော့ အဲဒီကျောင်းသားရဲ့ မြန်မာစာတတ်ကျွမ်းမှုဟာ တော်တော်အားနည်းနေတာပါ။ မြန်မာဘာသာမှာ အောင်မှတ်မရရင်လည်း စာမေးပွဲတစ်ခုလုံး ကျရှုံးနိုင်တယ်ဆိုတာ ကျောင်းသားတွေ သတိပြုသင့်ပါတယ်" ဟုအငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောကြားခဲ့ပါ သည်။

တက္ကသိုလ်ဝင်တန်း၌ မြန်မာစာ ဂုဏ်ထူးထွက်သူဦးရေမှာ အင်္ဂလိပ်စာ ဂုဏ်ထူးထွက်သူထက် နှစ်စဉ်ထက်ဝက်ကျော် နည်းနေဆဲဖြစ်ကြောင်း နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တက္ကသိုလ်ဝင်တန်း စာစစ်အတွေ့အကြုံရှိ သူဆရာတစ်ဦးက ပြောပြခဲ့သည်။ မြန်မာစာဂုဏ်ထူး ထွက်ရှိမှုနည်းရခြင်း၏ အချက်များအနက် အများစုမှာ စာစီစာကုံးကို အဆင့်မီ စွာရေးသားနိုင်ခြင်း မရှိသည့်အတွက် ဖြစ်ပြီး ယင်းအတွက်ပေးထားသည့် အမှတ်ပေါင်း ၂၀ တွင် ရှစ်မှတ် အနည်းဆုံးရရှိမှသာ ဂုဏ်ထူးထွက်ရှိမှုနှင့် ကိုက်ညီသည်ဟု သတ်မှတ်ကြောင်း မြန်မာစာစာစစ် အတွေ့အကြုံရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ကျရှုံးခဲ့သည့် ကျောင်းသားတစ်ဦးကလည်း "မြန်မာစာကို အပေါ်ယံကြည့်လိုက်ရင် ကိုယ့်ဘာသာစကားဆိုတော့ လွယ်မလိုလိုနဲ့ လျှော့တွက်ပြီး စာမေးပွဲနီးမှ အကုန်ပေါင်းကျက်မယ်ဆိုပြီး ထားခဲ့တာ။ စာမေးပွဲနီးမှကျက်တော့ ဘယ်လိုမှ မရတော့ဘူး။ ခက်ဆစ် တွေလည်း ရော၊ နောက်ဆုံးဘယ် ကဗျာကို ဘယ်သူရေးတယ်၊ ဘယ်ခေတ်မှာ ရေးတယ်ဆိုတာက အစ ရောနေတော့ မြန်မာစာမှာ တော်တော် မဖြေနိုင်ခဲ့ဘူး။ ဒါကြောင့် ကျတယ်ထင်တာပဲ"ဟု ပြောကြားခဲ့ပါသည်။

"ကျတဲ့သူကတော့ စာပုံမှန် မကျက်တာရယ်။ ပြီးတော့ စပေါ့ လိုက်တဲ့သူတွေပါ။ မြန်မာစာကို မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ကျွမ်းကျင်မှုမရှိဘဲ အားနည်းတဲ့ အခြေခံအချက်က လူငယ်တွေစာဖတ် အားနည်းလွန်းလို့ပါ"ဟု မြောက်ဒဂုံမြို့နယ်ရှိ မြန်မာစာဆရာမတစ်ဦးက ပြောပြခဲ့သည်။

ယနေ့ခေတ်အခါတွင် လူငယ်များသည် ခေတ်သစ်နည်းပညာများ နောက်သို့ လိုက်လျက်ရှိနေကြရာ မိမိတို့၏ ဘာသာစကား၊ မိမိတို့၏ စာပေပညာရပ်တွင် အားနည်းချက်များ ရှိနေကြောင်း၊ ခေတ်နှင့်အမီ လိုက်နိုင်ရန် ခေတ်သစ်နည်းပညာကို သင်ယူလေ့လာခြင်းသည် မျိုးဆက်သစ်များ၏ တာဝန်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားစာပေပညာတွင်လည်း ကျွမ်းကျင်မှုရှိရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ် ပြောကြားခဲ့ကြသည်။

Source : Weekly Eleven

Powered by Bullraider.com