အမေရိကန်နိုင်ငံတွင် မူဆလင်ကောလိပ် စတင်ဖွင့်လှစ်

ကာလီဖောနီးယား ပြည်နယ် ဘာကလေ တက္ကသိုလ်နှင့် တွဲဖက်ပြီး အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး လေးနှစ်သင် မူဆလင် ကောလိပ်ကို မကြာခင်က ဖွင့်လှစ်ခဲ့သည်။ 'ဇေတုန' ကောလိပ်(Zaytuna) ဟု အမည်ပေးထားပြီး အာရဗီ စကားအရ သံလွင်ခက် ဟု အဓိပ္ပါယ်ရသည်။

ဓာတ်ပုံ - VOA

ဇေတုန ကောလိပ်သည် အစ္စလမ် ဥပဒေများ၊ အရဗီ ဘာသာစကားနှင့် ဘာသာရေးကို အထူးပြုသင်ကြားပြီး၊ အထွေထွေ ဘာသာရပ်များ အနေဖြင့် အမေရိကန် သမိုင်း၊ အရှေ့အလယ်ပိုင်းသမိုင်း၊ မနုဿဗေဒ၊ ဒဿန၊ စာပေနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်တို့ကို အထူးပြုသင်ကြားသည်။
နာမည်ကျော် ဘာကလေ တက္ကသိုလ်တွင်ပင် မွေးဖွါးကြီးပြင်းခဲ့သူ လက်ရှိ ဇေတုန ကောလိပ်ကို ပူးတွဲတည်ထောင်သူ ပါမောက္ခ အိုင်မန်ဇဒ် သည် အမေရိကန်လေတပ်တွင် ထမ်းဆောင်ဖူးပြီး၊ ၁၉၇၇ ခုနှစ်တွင် အစ္စလမ်ဘာသာကို ကူးပြောင်းလက်ခံခဲ့သူဖြစ်သည်။
သူက “အမေရိကန် ပြည်ထောင်စုကို နားလည်ဖို့ ထိရိန်နင်ပေးထားရမယ့် ပညာတတ် မူဆလင် ဆရာဆရာမတွေ လိုနေပါတယ်။ အစ္စလမ်ဘာသာမှာလည်း ပျော့ပျော့ပြောင်းပြောင်း ရှိကြရမှာ ဖြစ်သလို၊ အခြား အမေရိကန်တွေနဲ့လည်း သက်တောင့်သက်သာ ရှိကြရမှာဖြစ်တယ်။ ဒီတိုင်းပြည်ကြီးမှာ အမေရိကန် မူဆလင် သန်းပေါင်းများစွာ ရှိနေပေမယ့်၊ မူဆလင်ဆရာတွေဟာ ပြည်ပက ထရိန်နင်တွေ လက်ခံသင်ယူခဲ့ကြတာ။ ဒါမဖြစ်သင့်ဘူး။ ကိုယ့်မြေကိုယ့်ရေနဲ့ ကိုက်မယ့် အစ္စလမ် ပညာရှင်တွေ လိုပါတယ်” လို့ ဗွီအိုအေကို ပြောကြားခဲ့သည်။
သတင်း VOA

Powered by Bullraider.com