တက္ကသိုလ်စာကြည့်တိုက် လေ့လာစရာမရှိ

ပြည်တွင်းတက္ကသိုလ်အသီးသီးရှိ စာကြည့်တိုက်များ၌ အသုံးဝင်သည့် စာအုပ်စာတမ်းများ ရှားပါးလာ သည့်အတွက် ကျောင်းသူ ကျောင်းသားများ သည် ဘာသာရပ်ဆိုင်ရာ စာတမ်းများ ပြုစုနိုင်ရန် အင်တာနက် ကိုသာ အားကိုးနေရကြောင်း သိရှိရသည်။

ရန်ကုန် ဒဂုံတက္ကသိုလ်မှ သတ္တဗေဒ ကျောင်းသူ တဦးက “အတန်းမှာ စာတမ်းပြုစု ခိုင်းတော့ စာကြည့်တိုက်ကို အားကိုးတကြီးနဲ့ ရောက်သွားကြ ရော။ ဟိုရောက်တော့ စာကြည့်တိုက်က ကိုးကားစရာ ဘာစာအုပ်မှ မရှိဘူး။ ဒါနဲ့ ဆရာမကို သွားမေးတော့ အင်တာနက်ကနေ သွားရှာပေါ့တဲ့။ အဲ့လိုပြောတယ်။ အင်တာနက်ဆိုင် ကလည်း ဒီအနီးအနားမှာ ရှိတာ မဟုတ်ဘူးလေ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

တက္ကသိုလ်ကျောင်းဝင်းအတွင်း အင်တာနက်သုံးစွဲ ခွင့်မရှိဘဲ ပြင်ပ အင်တာနက်ဆိုင်များသို့ သွားရောက်သုံးစွဲ နေရ၍ အဆင်မပြေကြကြောင်း ကျောင်းသားများက ပြောဆိုသည်။

ထို့ပြင် စာတမ်းပြုစုရာတွင် အင်တာနက်သုံးစွဲရန် အနီးအနား၌ ဆိုင်အလုံအလောက် မရှိခြင်း၊ ရှိသည့်ကွန်ပျူတာများမှာ အမြန်နှုန်း နှေးကွေးခြင်း၊ ကွန်ပျူတာ ကျွမ်းကျင်မှု မရှိခြင်းတို့ကြောင့် ကျောင်းသူ ကျောင်းသားများအတွက် အခက်အခဲများစွာ ရှိကြောင်း သိရသည်။

“ခေါင်းစဉ်တခုခုကို ရှာလိုက်ရင် စာမျက်နှာပေါင်း သောင်းနဲ့ချီပြီး ရှိတော့ ဘယ်ဟာယူရမလဲဆိုတာ မသိတော့ဘူး။ မထူးဘူးဆိုပြီး ဖြတ်ညှပ်ကပ်လုပ်၊ လက်ရေးမူနဲ့ ပြန်ရေးပြီး တင်လိုက်တာပဲလေ။ စာအုပ်ကနေ ရှာတာထက်တော့ မြန်တယ်။ ဒါပေမယ့် အင်တာနက် သုံးတတ်တာကလွဲရင် ဘာပညာမှ တိုးတာတော့ မဟုတ်ဘူးပေါ့” ဟု ထိုကျောင်းသူက ပြောကြားသည်။

ဌာနဆိုင်ရာက တက္ကသိုလ်ကျောင်း စာကြည့်တိုက်များသို့ စာအုပ်၊ စာတမ်းများ ထပ်မံ ပံ့ပိုးပေးခြင်း မရှိသကဲ့သို့ ပုဂ္ဂလိက အလှူရှင်များနှင့် အဖွဲ့အစည်းတို့ထံမှ လှူဒါန်းမှုများလည်း နည်းပါးလာခြင်းကြောင့် တက္ကသိုလ်စာကြည့်တိုက်များ ယခုကဲ့သို့ ခြောက်ကပ်လာရခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ နည်းပြဆရာတဦးက ပြောသည်။

၎င်းက “နယ်တက္ကသိုလ် စာကြည့်တိုက်တွေလည်း လေ့လာစရာ ဘာမှမရှိပါဘူး။ ရန်ကုန်မိန်း (ပင်မ) တက္ကသိုလ် စာကြည့်တိုက်မှာလည်း Update လုပ်တာနည်းတဲ့အခါကျတော့ ကိုးကားစရာ စာအုပ်တွေ မရှိသလောက် ဖြစ်ပြီ။ သိပ္ပံပညာနဲ့ပတ်သက်တဲ့ သုတေသန စာရွက်စာတမ်းတွေဆိုရင် ဘာမှမရှိတာ။ သံရုံးတို့၊ ပြင်ပစာကြည့်တိုက်တွေကို အားကိုးနေရတာ ကြာပါပြီ” ဟု ပြောသည်။

လက်တွေ့သင်ကြားတတ်မြောက်မှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ယခု ၂၀၁၀-၁၁ ပညာသင်နှစ်မှစ၍ တက္ကသိုလ် အထူးပြုဘာသာရပ်တိုင်းအတွက် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ လက်တွေ့လေ့ကျင့်မှု စာတမ်း (၁) စောင်စီ ပြုစုရမည်ဟု ညွှန်ကြားခဲ့သည်။

ယင်းသို့ စာတမ်းပြုစုရန် ညွှန်ကြားခဲ့သော်လည်း ကိုးကားရန် ကျောင်းစာကြည့်တိုက်ကို အားကိုးမရသည့်အတွက် အကျိုးဖြစ်ထွန်းမှုမရှိကြောင်း ကျောင်းသားတို့က ပြောဆိုနေကြသည်။

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး (အိုင်အာ) ကျောင်းသားတဦးက “ကျောင်းဝင်းထဲက အင်တာနက်တွေက ဆရာ၊ ဆရာမတွေအတွက်ပဲ သုံးလို့ရတယ်လေ။ ကျနော်တို့က ဒီစာတမ်းအတွက်နဲ့ မြို့အတွင်းပိုင်းအထိ သွားပြီး လုပ်ရတာဆိုတော့ သက်သက်မယ့် အလုပ်ပိုပြီး စရိတ်ကုန်တာပဲ အဖတ်တင်တယ်လေ။ ဘာအကျိုးမှ မရှိဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရက ၂၀၀၀ ခုနှစ်မှစ၍ ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းများအဖြစ် အရှေ့ပိုင်းတက္ကသိုလ်ကို သန်လျင်သို့လည်းကောင်း၊ ဒဂုံတက္ကသိုလ်ကို မြောက်ဒဂုံသို့လည်းကောင်း၊ အနောက်ပိုင်းတက္ကသိုလ်ကို လှိုင်သာယာသို့ လည်းကောင်း၊ စီးပွားရေးတက္ကသိုလ်ကို မြောက်ဒဂုံ ရွာသာကြီးသို့လည်းကောင်း ရန်ကုန်မြို့ပြင်ဘက်သို့ ခွဲ၍ တနေရာစီ တည်ထားခဲ့ပြီး အဆိုပါတက္ကသိုလ်ကျောင်းတဝိုက်တွင် အင်တာနက်ဆိုင်များ ဖွင့်လှစ်ခွင့် မပေးခဲ့ချေ။

မြန်မာအင်ဖိုတက်၏ ၂၀၁၀ ခု ဇွန်လစာရင်းအရ ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် စုစုပေါင်း (၅၁၁) ဆိုင် ရှိသည့်အနက် လက်ရှိ တက္ကသိုလ်ကျောင်းများရှိရာ ရန်ကုန်မြို့အပြင်ဘက် ဝန်းကျင်များတွင် (၁၇) ဆိုင်သာ ရှိကြောင်း သိရသည်။

Source : ခေတ်ပြိုင်

Powered by Bullraider.com