နည်းပညာ တက္ကသိုလ်ဆရာမတစ်ဦးကို စစ်သားတစ်ဦးကြံစည်၊ ကျောင်းသားများ မကျေနပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ နည်းပညာ တက္ကသိုလ်က ဆရာမတစ်ဦးကို လုံခြုံရေးယူတဲ့ ခလရ ၄၇ က တပ်သားတစ်ဦးက ကြံစည်ခဲ့တဲအပေါ် ကျောင်းသားတွေက မကျေမနပ် ဖြစ်နေကြဆဲပဲလို့ သိရပါတယ်။

ဗန်းမော် နည်းပညာတက္ကသိုလ်ကို တာဝန်နဲ့ အသစ်ပြောင်းလာခါစ အသက် ၂၀ ကျော် ကျူတာဆရာမတစ်ဦးကို တက္ကသိုလ်အနီး ခလ၇ ၄၇ က လုံခြုံရေးတပ်သား တစ်ဦး  အတင်း အဓမ္မပြုဖို့ ကြံစည်တာဖြစ်တယ်လို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။ ဖြစ်ပုံက အခုလ ၈ ရက်နေ့ မနက် ၈ နာရီမှာ ဆရာမက ကျောင်းက ကွန်ပျူတာကို လာရောက်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ကွန်ပျူတာသုံးနေစဉ် ရုတ်တရက် မီးပျက်သွားတာကြောင့် ရုတ်တရက်ပဲ ကျောင်းအနားရှိ သူ့ရဲ့အဆောင်ကို ချက်ချင်း ထပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဆောင်ပြန် ရောက်ပြီး မကြာမီ ကွန်ပျူတာ မပိတ်မိလို့ စိတ်မချဘူးဆိုပြီး ကျောင်းဝင်းထဲ ပြန်လာရာမှာ အခုလို ကြံစည်တာ ခံရတာဖြစ်ပါတယ်။ ဒီကိစ္စကို တစ်ကျောင်းလုံး သိသွားတဲ့အတွက် တပ်ရင်းမှူးကိုယ်တိုင် ကျောင်းအုပ်ကြီးဆီ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်လို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

အဲဒီနောက် အဖြစ်မှန်ကို အခုထိ ဖုံးဖိထားပြီး ဆရာမကိုလည်း ဒီအမှုကျေအေးဖို့ အတင်းလတ်မှတ် ထိုးခိုင်းခဲ့တာကြောင့် မကျေမနပ်ဖြစ်ရတယ်လို့ ကျောင်းသားတစ်ဦးက ရှင်းပြပါတယ်။ "ဆရာမက ကွန်ပျူတာခန်းထဲ ၀င်တဲ့အချိန်မှာ နောက်ကနေ ပါးစပ်ကိုပိတ်တယ်။ ပိတ်တဲ့လက်ကို သွားနဲ့ကိုက်ပစ်တော့ (သူက)နမ်းပြီးတော့ ဆရာမကို လည်ပင်းညှစ်တယ်။ ဆရာမကလည်း သူ့ကို လည်ပင်းပြန်ညှစ်တယ်။ အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆရာမက ထွက်ပြေးသွားတယ်ပေါ့။ ဟိုလိုတော့ ဆရာမက ထိခိုက်နစ်နာမှု တစ်စုံ တစ်ရာမရှိပါဘူး"။

ကျောင်းနဲ့ ခလရ ၄၇ က လေးဖာလုံလောက်ပဲ ဝေးတာ။ သိပ်တော့ မဝေးဘူးပေါ့နော်။ ပြီးတော့ သူတို့တွေကပဲ အဲဒဒီအချိန်မှာ လုံခြုံရေးက ရှိနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၇ ရက်နေ့က ဗိုလ်ချုပ်သာအေး ကျနော်တို့ ကျောင်းကို လာဖို့ အစီအစဉ်ရှိတယ်လေ။ မလာဖြစ်တာလည်း ပါတာပေါ့။

"အားလုံးဝိုင်းပြီး စုံစမ်းတဲ့အခါ ခလရ ၄၇ ကဆိုတာ သိတယ်လေ။ သိတော့ နောက်တစ်နေ့မှာပဲ ခလရ ၄၇ က ဒု-ဗိုလ်မှူးကြီး မျိုးဝင်းကနေ နည်းပညာတက္ကသိုလ်က ကျောင်းအုပ် ဒေါက်တာသန်းနိုင်ဦးကို လာပြီးညှိတယ်။ နောက်တော့ ဘယ်လိုဖြစ်သွားတယ် မသိပါဘူး။ ဆရာမက မကျေမနပ်နဲ့ လတ်မှတ်ထိုးပေးလိုက်ရတယ်။ အဲဒီကိစ္စကို ကျနော်တို့ ကျောင်းသား တွေက လုံးဝမကျေနပ်ဘူး။"

အတင်း အဓမ္မပြုဖို့ ကြံစည်တဲ့ အဲဒီတပ်သားကို အရေးမယူတဲ့အတွက် ကျောင်းသားတွေက ပိုပြီးမကျေမနပ် ဖြစ်နေကြတာလို့ ဆိုပါတယ်။ မနှစ်ကလည်း ဆရာမတွေနေတဲ့ အဆောင် ထဲကို တပ်သားတစ်ဦး ၀င်ရောက်ခဲ့ဖူးပြီး၊ ဒီလိုပဲ သတင်းအမှောင်ချထားတယ်လို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

သူတို့ကို အရေးမယူရင် ပိုပြီးအတင့်ရဲလာလိမ့်မယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ ဒါကြောင့် ကျောင်းအုပ်ကြီး ဒေါက်တာသန်းနိုင်ဦးကလည်း ကျောင်းသားတွေအနေနဲ့ မကျေနပ်ရင် တစ်ဦးချင်းရုံးခန်းကို လာရောက်ပြောဆိုနိုင်တယ်လို့ ပြောကြောင်း အဲဒီကျောင်းသားက ပြောပါတယ်။ နည်းပညာတက္ကသိုလ် ဗန်းမော်ဟာ ခလရ ၄၇ အနီး ခိုကျင်ရွာမှာ တည်ရှိပြီး ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော် ရှိတတတယ်လို့ သိရပါတယ်။

Source : DVB

Powered by Bullraider.com