နာဂစ်ကျောင်းဆောက်လုပ်ရေး လုပ်သားများ ငွေလိမ်ခံရ

နာဂစ် မုန်တိုင်းဒဏ်ထိတဲ့ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ စာသင်ကျောင်းတစ်ကျောင်း ပြန်လည် ဆောက်လုပ်ရေးမှာ တာဝန်ယူဆောက်လုပ်တဲ့ ကုမ္ပဏီက ငွေမရှင်းပဲ ထွက်ပြေးသွားလို့ အလုပ်သမားတွေ ငွေကြေးနစ်နာနေကြပါတယ်။

နာဂစ် မုန်တိုင်း တိုက်ခတ်ခံပြီးတဲ့နောက် ဂျပန်ကြက်ခြေနီ အဖွဲ့ လှူဒါန်းငွေနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပူးတွဲလုပ် ဆောင်တဲ့ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ အထက်တန်းကျောင်း ဆောက်လုပ်ရေးကို ဂန္ဓ၀င်နန်းတော် ဆောက်လုပ် ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်ရာမှာ ကုမ္ပဏီဒါရိုက်တာက ငွေမရှင်းဘဲ ထွက်ပြေးတာကို ကုမ္ပဏီပိုင်ရှင်က တာဝန်ယူ မပေးဘူးလို့ ဆိုပါတယ်။

ဒီအကြောင်းကို စက်ဆန်းကျေးရွာက ငွေကြေးဆုံးရှုံးနစ်နာခဲ့တဲ့ အလုပ်သမား ကိုခင်မောင်ဝင်းက ခုလို ပြောပြပါတယ်။

“ဂန္ဓ၀င်နန်းတော် ကုမ္ပဏီ ဒါရိုက်တာက ဦးကျော်မောင်မောင်သန်း၊ ကုမ္ပဏီပိုင်ရှင်က ဦးဋ္ဌေးလွင်၊ ဦးကျော်မောင်မောင်သန်း ဒါရိုက်တာက ထွက်ပြေးပုန်းရှောင်နေတယ်။ ကျနော်က အလုပ်သမား၊ ငွေကြေးရမှာက ခုနှစ်သိန်းလောက်ရှိတယ်။ ကျန်တာတွေကတော့ အုတ်၊ သဲ၊ ကျောက်ဖိုးတွေ၊ ချေးငှားထားတဲ့ ငွေကြေးဖိုးတွေ၊ ပြီးတော့ ကျနော်တို့ ငွေကြေးဖိုးတွေကော ရပ်ရွာက ငွေကြေဖိုးတွေကော စုစုပေါင်း သိန်းရှစ်ဆယ်၊ သိန်းကိုးဆယ်လောက်ရှိမယ်။”

“အဲဒါကို လိမ်ပြီး ထွက်ပြေးသွားတယ်။ ဦးကျော်မောင်မောင်သန်း လိမ်သွားတာ ၂ လလောက်ရှိပြီ။ ကျနော်တို့က ကုမ္ပဏီက လာနိုး လာနိုးနဲ့ စောင့်နေတာ တစ်လလောက်ဖြစ်သွားတယ်။ မလာတဲ့အခါကျတော့ သူတို့ရန်ကုန် ကုမ္ပဏီရုံးချုပ်ကို တက်လာတယ်။ တက်လာတော့ ဟိုရှောင်ဒီရှောင်နဲ့ တော်တော်နဲ့ မတွေ့ဖြစ်ဘူး၊ ဦးဋ္ဌေးလွင်နဲ့တွေ့တော့ ကျနော်တို့ကို တာဝန်မယူဘူးပြောတယ်။”

ဂျပန်ကြက်ခြေနီအသင်းက ကျပ်ငွေသိန်းပေါင်း ၅၄၀ လှူဒါန်းမှုနဲ့ ဆောက်တဲ့ ဒီတစ်ထပ်ကျောင်းဟာ အောက်ခံအထူငါးပေ၊ အင်္ဂတေခင်းနဲ့ အကြမ်းထည်ပြီးစီးပြီး အချောသပ်ကာနီးမှ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ဒီကိစ္စကို ရဲမတိုင်၊ တရားမစွဲဘူးလားလို့ မေးမြန်းရာမှာ အဲဒီလို ဥပဒေကြောင်းအရလုပ်ရင်  ငွေကြေးထပ်ကုန်မှာစိုးတယ်လို့ ကိုခင်မောင်ဝင်းက ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ဂန္ဓ၀င်နန်းတော် ကုမ္ပဏီပိုင်ရှင် ဦးဋ္ဌေးလွင်မေးမြန်းရာမှာ အဲဒီပုဂ္ဂိုလ်က ထွက်ပြေးတာမဟုတ်ဘဲ ရှောင်နေတာဖြစ်ပြီး နောက်လကုန်ကျရင် ရှင်းပေးမယ်လို့ သူ့ကို ပြောလာတယ်လို့ ဆိုပါတယ်။ သူတော့ အဲဒီငွေကြေးတွေကို စိုက်မပေးနိုင်ဘူးလို့ ပြောပါတယ်။

“သူတော့ လိမ်တာတော့ မဟုတ်ဘူး။ လတ်တလော အကြပ်အတည်းဖြစ်သွားလို့၊ နောက်လကုန်ရင် အဲဒီကောင်လေးက သူတို့ကို ပေးမယ် ကျနော့်ကိုပြောထားတယ်။ လောလောဆယ် ရှောင်နေတယ်။ အဲဒါကို သူတို့ကို ကျနော်ပြောပြတယ်။ အဲဒါကို သူတို့က ကျနော့်ကို အတင်းစိုက်ခိုင်းတယ်။ ကျနော်ကတော့ စိုက်မပေးနိုင်ဘူး။ ကလေးလုပ်ထားတဲ့ကိစ္စ စိုက်မပေးနိုင်ဘူး။

Source : DVB

Powered by Bullraider.com