၁၃ ပေမြင့်သည့် တိုက်ပွဲဝင်စက်ရုပ်ကြီးများ တောင်ကိုရီးယားတီထွင်

http://www.livescience.com/images/i/000/088/490/original/DSC_4866.jpg?interpolation=lanczos-none&fit=inside%7C660:*

အမြင့် ၁၃ ပေရှိပြီး လူသားကဲ့သို့ တည့်မတ်စွာ လျှောက်သွားနိုင်သော တိုက်ပွဲဝင်စက်ရုပ်များကို တောင် ကိုရီးယားနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Korea Future Technology ကတီထွင်လျက်ရှိကြောင်း ABC  သတင်းတွင်ဖော်ပြထားသည်။

ဆိုးလ်အခြေစိုက် ယင်းကုမ္ပဏီသည် METHOD-1 ဟု အမည်ပေးထားသော ကြီးမားသည့် စက်ရုပ်ကြီးကို ပထမဆုံး စမ်းသပ်ပွဲထုတ်ပြသခဲ့ပြီး အတွင်း၌ လူကိုယ်တိုင် လိုက်ပါ ထိန်းကျောင်းမည့် စက်ရုပ်ကြီးများကို လာမည့် ၂ နှစ်အတွင်း အဆင်သင့်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။

၂၀၀၉ ခုနှစ်တွင် ပြသခဲ့သော Avatar ဆိုသည့် သိပ္ပံရုပ်ရှင်ဇာတ်ကား ပြီးကတည်း တောင်ကိုရီးယားမှ ပညာရှင် များသည် စိတ်ကူးရပြီး စီစဉ်ခဲ့ကြောင်း၊ သူတို့ တီထွင်ထားသည့် တိုက်ခိုက်ရေးစက်ရုပ်သည် စိတ်ကူးယာဉ် ရုပ်ရှင် ဇာတ်ကားများထဲကအတိုင်း ကောင်းနိုးရာရာများကို ပေါင်းစပ်ဖြည့်သွင်း စီစဉ်ထားခြင်းဖြစ်ကြောင်း ယင်း သတင်းကဆိုသည်။

METHOD-1 စက်ရုပ်ကြီးသည် အရွယ်အစားကြီးမားရုံသာမက ရုပ်ရှင်ဇာတ်ကားများထဲကအတိုင်း ခြေတစ်လှမ်း ချလိုက်တိုင်း မြေကြီး တုန်သွားစေနိုင်ကြောင်း၊ လူကိုယ်တိုင် စက်ရုပ်အတွင်း ထိုင်လိုက်ပြီး လက်များ ခြေထောက်များကို လိုသလို ထိန်းချုပ်နိုင်စေရန် စီစဉ်ထားကြောင်း ပညာရှင်များက ပြောကြားသည်။

စက်ရုပ်ကို အနာဂတ်အတွက် တိုက်ခိုက်ရေးကိစ္စများတွင်ပါ အသုံးပြုရန် ရည်ရွယ်ထားပြီး ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ အားလုံးသည် တိုးတက်နေသည့် နည်းပညာကဏ္ဍအားလုံးကို လိုက်လျောညီထွေရှိကာ အကြမ်းခံ၊ အသုံးတည့်၍ အားလုံးနှင့် အဆင်အပြေဆုံး လုပ်ဆောင်နိုင်စေမည့် စက်ရုပ်များဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ဘူဂါရော့ဗ်က သူ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားသည်။

၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့သည့် မိမိတို့ ပရောဂျက်သည် ပြီးဆုံးလုနီးပါးရှိနေပြီး မည်သည့်လုပ်ငန်းခွင် သို့မဟုတ် တိုက်ခိုက်ရေး ကိစ္စများတွင်မဆို ပစ္စည်းများကို လိုသလို ထည့်သွင်းအသုံးပြုနိုင်ရုံမက လူသားတို့ အသက် အန္တရာယ်ကိုလည်း ဘေးအကင်းဆုံးဖြစ်စေမည်ကြောင်း ယင်းကဆိုသည်။

METHOD-1 စက်ရုပ်သည် အမြင့်ပေ ၁၃ ပေရှိပြီး အလေးချိန် တစ်တန်ခွဲရှိကာ လူသားအတိုင်း တည့်မတ်စွာ လျှောက်လှမ်းနိုင်သည်ဆိုခြင်းကပင် တောင်ကိုရီးယားပညာရှင်များအတွက် ဂုဏ်တက်စရာဖြစ်ခဲ့ကြောင်း ABC သတင်းတွင် ရေးသားထားသည်။

Powered by Bullraider.com