နိုင်ငံတကာပရိုဂရမ်များ ကျောင်းတွင်သင်ကြားမှုပိတ်ပင်သဖြင့် တရုတ်မိဘများစိုးရိမ်

Category: မောက္ခနိုင်ငံတကာသတင်း
Published on Thursday, 05 January 2017 08:59
Written by သတင်းအဖွဲ့

http://ichef.bbci.co.uk/news/624/cpsprodpb/2B46/production/_88287011_changzhoucampus3-1.jpg

အသက် ၁၄ နှစ်အရွယ် ဝူတောင်မေးသည် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ရှန်ဟိုင်း ပုဂ္ဂလိကကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသူဖြစ်သည်။ ထိုကျောင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသင်ရိုးများကို နိုင်ငံခြား ပရိုဂရမ်များအတိုင်း သင်ကြားပြီး၊ နိုင်ငံခြားထွက်ကာ ပညာသင်ကြားနိုင်ရေးကို ဦးစားပေး သင်ကြားနေကြ ခြင်းဖြစ်သည်။ သူ့နည်း သူ့ဟန်နှင့် အဆင်ပြေနေကြရာမှ ယခုနှစ်တွင် တရုတ်အစိုးရအမိန့်သစ်များကြောင့် မိဘများ သောကရောက်နေကြရကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။

ယမန်နှစ် အောက်တိုဘာလလောက်ကတည်းက တရုတ်အစိုးရသည် ရှန်ဟိုင်းမြူနီစီပယ် နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကကျောင်းပေါင်း ၂၁ ကျောင်းကို နိုင်ငံခြားကျောင်းများက သင်ကြားနေသည့် ပရိုဂရမ်များ သင်ကြားခြင်း မပြုရန် အမိန့်ထုတ်လိုက်သည်။ Grade 1 မှ Grade 9 အထိ နိုင်ငံတကာ သင်ရိုးများကို ထည့်သွင်း သင်ကြား နေခြင်းများအား ရပ်ဆိုင်းလိုက်ရမည့်သဘောဖြစ်သည်။ ထို့ပြင် တရုတ်အစိုးရက ကျောင်းသင်ရိုးများထဲတွင် နိုင်ငံရေးသဘောတရားများကို ထည့်သွင်းသင်ကြားခိုင်းနေခြင်းကပိုဆိုးသည်။

တရုတ်အစိုးရက ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံခြား လွှမ်းမိုးမှုကို လက်မခံနိုင်ဟု အကြောင်းပြသည်။ အထူး သဖြင့် တရုတ်ကွန်မြူနစ်အစိုးရသည် နိုင်ငံခြားက ပညာရေးတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုကို စိုးရိမ်ကြောက်ရွံ့ လာသည်ကို ပြနေသည်ဟုလည်း သုံးသပ်ရကြောင်း မိဘများက ဝေဖန်ကြသည်။

လက်ရှိလည်း တရုတ်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းများကို နိုင်ငံခြားသားပိုင်ဆိုင်ခွင့်၊ နိုင်ငံခြားသားအမည်ခံယူခွင့် မရှိပေ။ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ထားရခြင်း ရည်ရွယ်ချက်မှာ နိုင်ငံခြားသို့ကျောင်းသွားတက်မည့် ကျောင်းသားများကို ဦးတည်ထားပြီး နိုင်ငံခြားတွင် ဆက်လက်သင်ယူရမည့် ဘာသာရပ်များကို ရည်ရွယ် သင်ကြားနေခြင်းဖြစ်သည်။ တရုတ်အစိုးရအမိန့်သစ်က ပညာရေးကို ချုပ်ချယ်ရာကျသည်ဟု မိဘများက သုံးသပ်ကြသည်။

တရုတ်အစိုးရ အမိန့်သစ်ကြောင့် ကျောင်းများတွင် နိုင်ငံတကာ ပရိုဂရမ်များကို မသင်ရဆိုလျှင် မိမိတို့ သားသမီးများကို နိုင်ငံခြားပို့ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိဟုလည်း ဝူတောင်မေး၏ မိခင်ဖြစ်သူ မစ္စစ်ဝူက ပြောကြားသည်။

“အစိုးရက သဘောတရားရေးရာတွေနဲ့ ပညာရေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ အထူးသဖြင့် တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေမှာ ပြင်ဆင်ဖို့ ကြိုးစားနေကြတယ်။ ဒီလိုလုပ်လိုက်ရင် အခြေခံပညာမှာ တီထွင် ဖောက်ထွက်ဖို့ကြိုးစားလိုစိတ်တွေ အားနည်းသွားနိုင်တယ်။ တရုတ်စီးပွားရေးက နှေးကွေးလာတယ်။ မတည် မငြိမ်လည်း ဖြစ်လာတယ်။ ဒါကို ပညာရေးဘက်အကြောင်းပြပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစားနေပုံရတယ်” ဟု ဟားဗတ်တက္ကသိုလ် Global Education Innovation Initiative ဌာနတွင် တာဝန်ထမ်းဆောင်နေသူ၊ ဘေကျင်းမှ သုတေသီမစ္စတာ ကျင်ရှုကျင်ကဆိုသည်။

တရုတ်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းများ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင် ၁၀၇၃၅ ကျောင်းရှိနေပြီး Grade 1 မှ Grade 9 အတွင်း ယင်းပုဂ္ဂလိက ကျောင်းများတွင် တက်နေသည့် ကျောင်းသားအရေအတွက်မှာ ၁၂ သန်းကျော်ရှိကြောင်းသိရသည်။

Powered by Bullraider.com