သင်္ချာအတင်းသင်ခိုင်းနေသောကြောင့် ပါမောက္ခတစ်ဦး ကန့်ကွက်

https://4.bp.blogspot.com/-8OGzCCpx5sg/WGq1xIQ_-1I/AAAAAAAAFBs/KIz15RKVKy8-fwzwIMYMilQADa1d7r8vwCLcB/s1600/seungwhanchoi_uic01.jpg

ကိုရီးယား-အမေရိကန် ကပြားတစ်ဦးဖြစ်သည့် ပါမောက္ခတစ်ဦးသည် ချီကာဂို၊ အီလီနွိုက်စ်တက္ကသိုလ်မှ တာဝန် ရှိသူများက မိမိအား သင်္ချာအတင်းသင်ခိုင်းမှုကြောင့် ကန့်ကွက်စာတင်ပြီး တရားရုံးတွင် တရားစွဲဆိုမှု ဖြစ်ပွား ခဲ့ကြောင်း The Huffington Post သတင်းတွင် ဖော်ပြထားသည်။

ဆောင်ဝှမ်ချွဲဆိုသည့် ပါမောက္ခက မိမိကို ကျောင်းအာဏာပိုင်များသည် စနစ်တကျ စိတ်ဒုက္ခပေးခြင်းဖြစ် ကြောင်း၊ သူ့ကို အာရှသားဖြစ်သည်ဆိုကာ ရည်ရွယ်ချက်ရှိရှိ နှိမ်ခြင်းဖြစ်ကြောင်း၊ အာရှသားများသည် သင်္ချာ တော်သည်ဆိုသည့် ထေ့လုံးများဖြင့် မိမိအား အဓမ္မသင်္ချာသင်ခိုင်းနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဆောင်ဝှမ်ချွဲသည် နိုင်ငံတကာဆက်ဆံရေးပညာရပ်ကို သင်ကြားနေသည့် ပါမောက္ခဖြစ်ပြီး မိမိအား အီလီနွိုက်စ် တက္ကသိုလ်က သင်္ချာဘာသာရပ်ကို မသင်ကြားနိုင်မှန်း သိလျက်နှင့် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ် သင်ကြားခိုင်းခြင်းဖြစ်သည်ဟုဆိုသည်။

“သူတို့က ကိုရီးယား-အမေရိကန်တွေကို သိပ်ပြီးသဘောမကျကြဘူး။ ကျွန်တော့်ဌာနက ဌာနမှူးက အမေရိကန် အဖြူပါ။ ကျွန်တော် သူ့ကို အလွန်ရိုကျိုးစွာနဲ့ ဆက်ဆံခဲ့ပါတယ်” ဟုယင်းကပြောကြားသည်။

ချွဲသည် ယခင်အမေရိကန်စစ်တပ်တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တောင်ကိုရီးယားတွင် မွေးဖွားခဲ့ကာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည်။

သူက တရားစွဲရခြင်းအကြောင်းမှာ ဌာနမှူးကိုယ်တိုင်က “မင်းတို့ အာရှသားတွေ အထူးသဖြင့် ကိုရီးယားတွေက လူတော်တွေပဲ။ သင်္ချာသိပ်တော်တဲ့ကောင်တွေဆိုတော့ သင်္ချာသင်” ဟုပြောကြားခြင်းအပေါ် မကျေနပ်သော ကြောင့် တရားစွဲရခြင်းဖြစ်သည်။

ချွဲသည် ၂၀၁၆ ခုနှစ်တွင် စာအုပ်နှစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီး ပညာရပ်ဆိုင်ရာ ဆောင်းပါပေါင်း ၃၅ ခုကို ရေးသားခဲ့သူဖြစ်သည်။

သူက ဌာနသို့သွားရောက်တာဝန်ထမ်းဆောင်ရန်ပင် စိတ်ပျက်မိကြောင်း၊ နိုင်ငံရေးနှင့် လူမျိုးအရ ခွဲခြား ဆက်ဆံမှုအပေါ် တရားစွဲသွားမည့်အပြင် အဆင့်ဆင့်တိုင်ကြားမှုများကိုလည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ပါမောက္ခချွဲ၏ တက္ကသိုလ်နှင့် ဌာနအပေါ် တရားစွဲဆိုထားမှုအား တက္ကသိုလ်အာဏာပိုင်များက တုံ့ပြန်ခြင်း မရှိ သလို မှတ်ချက်ပေးရန်လည်း ငြင်းဆိုထားသည်။

Powered by Bullraider.com