ဖလော်ရီဒါလေဆိပ်ပစ်ခတ်မှုတွင် လက်ပ်တော့ကြောင့် အသက်ချမ်းသာရ

http://www.miamiherald.com/news/local/community/broward/45jh00/picture125106984/ALTERNATES/FREE_640/1-%2015823706_10154972295769359_3214610191496901370_n

ဖလော်ရီဒါပြည်နယ်၊ ဖို့ လော်ဒါဒေးလ်လေဆိပ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ၌ လူငါးဦးသေဆုံးပြီး၊ အနည်းဆုံး လူ ခြောက်ဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်တွင် ကျောပိုးအိတ်ထဲမှ လက်ပ်တော့ကြောင့် အသက်ချမ်းသာရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း Business Insider သတင်းတွင်ဖော်ပြထားသည်။

CNN သတင်းဌာန အင်တာဗျူးတစ်ခုတွင် စတိဗ် ဖရက်ပီးယားဆိုသူက သူသည် မြေပေါ်မှောက်နေကြောင်း၊ သေနတ်သမားက သူနှင့် မျက်နှာချင်းဆိုင် အနေအထားတွင်ရှိနေပြီး သူက လိပ်တစ်ကောင်လို ပြားပြား ဝပ်နေရကြောင်း၊ ထိုအချိန်တွင် ကျောပိုးအိတ်က အပေါ်၌ရောက်နေပြီး ကျည်ဆံက ကျောပိုးအိတ်ကို ဖောက်ကာ လက်ပ်တော့ကို ထိသွားပြီးရပ်နေခဲ့ကြောင်း ပြောကြားသည်။

“ကျွန်တော့်ကျောကို တစ်ယောက်ယောက် တိုးလိုက်သလို ခံစားလိုက်ရတယ်။ အားလုံး ကိစ္စတွေပြီးမှ အိမ်သာထဲ ဝင်ပြီးတော့ ကျောပိုးအိတ်ကို စစ်ကြည့်လိုက်တော့ လပ်ပ်တော့ကို ထိထားတာတွေ့လိုက်ရတယ်။ FBI ကို ကျောပိုးအိတ် အပ်လိုက်ရတယ်။ သူတို့စစ်ဆေးနေပါပြီ” ဟုဆိုသည်။

သေနတ်ကျည်သည် လက်ပ်တော့ကိုဖောက်ပြီး ရှေ့ဆက်မတိုးသောကြောင့် သူအသက်ချမ်းသာရာရခြင်း ဖြစ်ပြီး ကံကောင်း၍ မသေခဲ့ရခြင်းဖြစ်သည်။

လေဆိပ်တွင် ဝင်ရောက်ပစ်ခတ်သူမှာ အသက် ၂၆ နှစ်အရွယ်ရှိ အက်စ်တီဘန် ဆန်တီရာဂိုဆိုသူဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားသည်။

ဆန်တီရာဂိုသည် လေဆိပ်ရှိ လက်နက်များ စစ်ဆေးသည့် နေရာကို ကြိုတင်ရောက်နေပြီး စစ်ဆေးသည့် နေရာကို မဝင်သေးဘဲ ပြင်ပတွင် ထိုင်စောင့်နေပြီးမှ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်သူကို ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတာဝန်ရှိသူများက ချက်ချင်းဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးလျက်ရှိသည်။

လက်ပ်တော့၏ ကျောဘက်အစွန်းနားတွင် ဖောက်ထွက်ပျက်စီးသွားသော်လည်း သေကံမရောက် အသက် မပျောက်ခဲ့ရသည့်အတွက် ကံကောင်းသည်ဟုဆိုရမည်ဖြစ်ကြောင်း Business Insider သတင်းတွင် ရေးသား ထားသည်။

Powered by Bullraider.com