အတုအယောင်ဘွဲ့နှင့် ဘွဲ့ပေးနေသော Website များ ပိတ်ပင်

http://bsp.iitd.ac.in/images/images/st_magazine/education/5.jpg

ဒါဇင်နှင့်ချီကာရှိနေသည့် အတုအယောင်ဘွဲ့များ ချီးမြှင့်နေသော Website များကို ပိတ်ပစ်သည့်အပြင် လိမ်လည်ပြီး ဘွဲ့များ ပေးအပ်မှုဖြင့် တာဝန်ရှိသူများကို ဖမ်းဆီးအရေးယူထားကြောင်း The Telegraph သတင်း တွင်ဖော်ပြထားသည်။

Higher Education Degree Datacheck (Hedd) အဖွဲ့သည် ဗြိတိန်နှင့် အခြားနိုင်ငံများအတွင်းရှိ အတုအယောင် ဟန်ဆောင်ဖွင့်လှစ်ထားသော ဘွဲ့ပေးနေသည့် ပညာရေးအဖွဲ့အစည်းပေါင်း ၂၂၀ ကို ထုတ်ပြန် ကြေညာပြီး အမှန်တကယ် မရှိသည်ဘာသာရပ်များအား သင်ကြားပြီး လက်မှတ်များထုတ်ပေးနေခြင်း အတွက် လိမ်လည်မှုများဖြင့် အရေးယူရန် စီစဉ်ထားကြောင်း ယင်းသတင်းကဆိုသည်။

ဘွဲ့ရသူများသည် ဆိုရှယ်မီဒီယာများကတစ်ဆင့် မိမိတို့ ရရှိသည့်ဘွဲ့များကို ထုတ်ဖော်ကာ ဆယ်လ်ဖီဆွဲပြီး တင်ကြသည်ကို ခြေရာခံပြီး ပြန်လည်ထုတ်ဖော်၍ နောက်ကြောင်းများပြန်လိုက်ပြီး အရေးယူရန် ပြင်ဆင် လျက်ရှိကြောင်း Hedd အဖွဲ့မှ လက်ထောက် CEO ဂျေးနီ ရိုးလေးက ပြောကြားသည်။

Hedd အဖွဲ့သည် ၂၀၁၅ ခုနှစ် ဇွန်လကတည်းက ထူထောင်ထားသည့် အဖွဲ့အစည်းဖြစ်ပြီး အတုအယောင် ဘွဲ့လက်မှတ်များ၊ ထုတ်ပေးသည့် ဌာနများကို ထောက်လှမ်းကာ ဖော်ထုတ်ပေးလျက်ရှိသည်။

ယင်းအဖွဲ့၏ စွမ်းဆောင်ချက်ဖြင့် တစ်နှစ်အတွင်း အတုအယောင် Website ၄၀ ကို ပိတ်ပင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပညာရေးဘွဲ့များအတွက် ဝန်ဆောင်မှုပေးနေသည်ဆိုသော အချို့ Website များသည် အတုများဖြစ်ပြီး အွန်လိုင်းပညာရေးအကြောင်းပြကာ စာများကို အီးမေးလ်ကတစ်ဆင့်တင်ခိုင်းကာ အတည်ပေါက် လိမ်ညာမှုများရှိနေကြောင်း၊ အချို့မှာ ကိုယ့်အိမ်တွင် ကျောင်းဖွင့်ပြီး ဘွဲ့ပေးနေခြင်းဖြစ်ကြောင်း၊ ယမန်နှစ်က ပါကစ္စတန်တွင်ရှိနေသည့် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကို ဘွဲ့လက်မှတ်အတုများ ထုတ်ပေးနေမှုဖြင့် အပြီးတိုင် ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ရိုးလေးကဆိုသည်။

အင်တာနက်ခေတ်ကြီးတွင် မူရင်း ဘွဲ့လက်မှတ်ပေးသည်ဆိုသော တက္ကသိုလ်ကောလိပ် အမှန်တကယ် ရှိ၊ မရှိ ဆိုသည်မှာ ထောက်လှမ်းရအလွန်လွယ်ကြောင်း၊ ဘွဲ့လက်မှတ်ကိုပင် အတုအစစ် မူရင်းတက္ကသိုလ်နှင့် ချိတ် ဆက်စုံစမ်းနိုင်ကြောင်း၊ အွန်လိုင်းကပေးသည်ဆိုသည့် ဘွဲ့များကို သတိထားပြီးယူကြရန် Hedd အဖွဲ့က သတိပေးထားသည်။

Powered by Bullraider.com