အသက် ၆၀ မှ ကွန်ပျူတာသင်သည့်အဘွား ၈၁ နှစ်တွင် ကိုယ်ပိုင်ဆော့ဖ်ဝဲရေး

http://i.dailymail.co.uk/i/pix/2017/02/28/20/3DCFE18D00000578-0-image-a-43_1488314069592.jpg

ဂျပန်နိုင်ငံမှ အသက် ၈၁ နှစ်အရွယ် အဘွား မာဆာကို ဝါကာမီယာဆိုသူသည် အသက် ၆၀ မှ ကွန်ပျူတာကို စတင်သင်ပြီး အသုံးပြုခဲ့ရသော်လည်း အသက် ၈၁ နှစ်အရွယ်အရောက်တွင် သူမတီထွင်ထားသည့် ရိုးရာ ဟီနာမတ်ဆုရီ အရုပ်လေးများနှင့် ကစားရသော ဂိမ်းဆော့ဖ်ဝဲကို ကိုယ်တိုင်ရေးသား ဖော်ထုတ်ပြနိုင်ခဲ့ကြောင်း Asia One သတင်းတွင်ဖော်ပြထားသည်။

အဘွား ဝါကာမီယာသည် ဆော့ဖ်ဝဲများကို ကောင်းစွာ ရေးနိုင်သည့် developer တစ်ဦးဖြစ်လာရုံမက၊ သူကိုယ်တိုင် ထူထောင်ထားသည့် Blog တွင်လည်း Excel ဆိုသည့် စာရင်းဇယားဆိုင်ရာ ဆော့ဖ်ဝဲကို မည်သို့ အသုံးပြုနိုင်ကြောင်း သင်ပေးနေပြီး ခရီးသွားဆောင်ပါးများကိုလည်း မျှဝေပေးနေသူတစ်ဦးဖြစ်ကြောင်း ယင်း သတင်းက ဆိုသည်။

သူ့အနေဖြင့် ဂျပန်အမျိုးသမီးများဘဝအတိုင်း နှစ်ပေါင်း ၄၃ နှစ်တိုင် ပုံမှန်အတိုင်း နေထိုင်ခဲ့သော်လည်း အသက် ၆၀ ကစပြီး ကွန်ပျူတာကြောင့် သူ့ဘဝတစ်ဆစ်ချိုးပြောင်းခဲ့ရကြောင်း ပြောကြားသည်။

ဝါကာမီယာက အသက်ကြီးသူများအနေဖြင့် သတင်းအချက်အလက်၊ နည်းပညာနှင့် ဆက်သွယ်ရေးစနစ်များ ဆိုသည်မှာ စိုးရိမ်ထိတ်လန့်ကြောက်စရာမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် လွန်စွာဂုဏ်ယူစရာ ကောင်းကြောင်းလည်း RocketNews24 တွင် ရေးသားထားသည်။

အသက် ၆၀ မှ စတင်ပြီး ကွန်ပျူတာသင်ခဲ့ရသော်လည်း ဝါကာမီယာသည် အွန်လိုင်းကတစ်ဆင့် ကွန်ပျူတာ ဝါသနာရှင် အဖွဲ့များနှင့် ချိတ်ဆက်ပြီး သိလိုသည့် ပညာများကို အွန်လိုင်းကသာ ကိုယ်တိုင်လေ့လာ သင်ယူကာ ယခုလို ကိုယ်အသုံးပြုလိုသည့် ဆော့ဖ်ဝဲအား ကိုယ်တိုင်ရေးပြီး သုံးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိမိလို မသိ နားမလည်သူများအတွက် အွန်လိုင်းကတစ်ဆင့် Excel ပညာများကို လွယ်ကူစွာ နားလည်နိုင်စေရန် ရှင်းလင်း သင်ပြ ပေးနေသူဖြစ်ကြောင်း Asia One တွင် ဖော်ပြထားသည်။

Hinadan ဟုခေါ်သည့် ဂိမ်းဆော့ဖ်ဝဲအား ကစားလိုသူများသည် ရိုးရာအရုပ်လေး ၁၂ ရုပ်ကို သတ်မှတ်ထား သည့်နေရာအရောက်ပို့ပေးရကာ မှားသွားလျှင် လှောင်ပြောရယ်မောသည့် အသံများထွက်လာစေပြီး နေရာ ချထားမှု မှန်သွားလျှင် ဗုံတီးသံများ ထွက်ပေါ်လာစေရန် ဖန်တီးထားသည်။

သူ၏တီထွင်ထားမှုသည့် အမျိုးသမီးများနေ့ကို ဂုဏ်ပြုလုပ်ဆောင်ထားသည်ဆိုသဖြင့် စိတ်ဝင်စားမှုများကာ ယင်းဂိမ်းကို မတ်လ ၃ ရက်နေ့တွင် ထုတ်မည်ဟုဆိုသဖြင့် အမှာစာများပင် ရရှိထားကြောင်း ဝါကာမီယာက ပြောကြားသည်။

ဝါကာမီယာသည် ဂျပန်နိုင်ငံ တိုကျိုတွင်ပြုလုပ်သည့် TEDx Talk သို့လည်း တက်ရောက်ပြီး အသက်အရွယ် ကြီးသော်လည်း ဒစ်ဂျစ်တယ်လောကကို မည်သို့ရင်ဆိုင်နိုင်ကြောင်း ပညာပေးစကားများ ပြောကြားခဲ့သည်။

Powered by Bullraider.com