ကလေးများအတွက်လှူဒါန်းရန် ၂၄ နာရီ မာရသွန်ဂိမ်းကစားသူ သေဆုံး

http://i2.mirror.co.uk/incoming/article9913963.ece/ALTERNATES/s615/Police-are-investigating-the-death-of-a-US-man-who-died-during-the-final-stretch-of-a-24-hour-video-game-session.jpg

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်မှ အသက် ၃၅ နှစ်အရွယ်ရှိ ဘရိန်း ဗစ်နော့ဆိုသူသည် ၂၄ နာရီ မာရသွန်ဂိမ်းခေါင်းစဉ်ဖြင့် ရန်ပုံငွေလှူဒါန်းပွဲအတွက် အွန်လိုင်းမှ တိုက်ပွဲဂိမ်းကို အဖွဲ့နှင့်အတူ ဝင်ရောက် ယှဉ်ပြိုင်ကစားစဉ် နေအိမ်တွင် သေဆုံးသွားခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

World of Tanks ဆိုသည့် အွန်လိုင်းဂိမ်းကို Twitch.tv ကတစ်ဆင့် တိုက်ရိုက်ချိတ်ဆက် ကစားနေစဉ် ၂၂ နာရီ ဆက်တိုက်ကစားပြီးနောက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ဘရိန်းသည် ကစားနေစဉ် သူသည် Make-A-Wish ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ကစားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Make-A-Wish ဖောင်ဒေးရှင်းသည် အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်တွင် ထူထောင်ထား သော NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အသက်ဘေးစိုးရိမ်နေရသည့် ဆေးဝါးကုသမှု ခံယူနေသော ကလေး သူငယ်များကို အထောက်အကူပြု ပံ့ပိုးပေးရန် ထူထောင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်တွင် ဂိမ်းကစားရင်း ဆေးလိပ်သောက်ရန် ခေတ္တမတ်တပ်ရပ်လိုက် သူသည် လဲကျသေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

အွန်လိုင်းပေါ်တွင် PoShYbRiD ဆိုသည့် ဂိမ်းသမားအမည်ဖြင့် ပြိုင်ပွဲများကို လိုက်လံယှဉ်ပြိုင်တတ်သူ ကလေး သုံးဦး၏ ဖခင်သည် အကြောများဆွဲကာ ပုံပျက်ပန်းပျက်သေဆုံးခဲ့ရကြောင်း သူ၏သူငယ်ချင်းတစ်ဦးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဂျက်ဆီကာ ကပြောကြားသည်။

သူက ဂိမ်းကို ဆက်တိုက်ကစားလာပြီး ၂၂ နာရီအကြာတွင် အိပ်ချင်ကြောင်း ပြောကြားခဲ့သဖြင့် သူ့အနီးတွင် အားပေးနေကြသည့် သူငယ်ချင်းများ ခေတ္တနားရန်ပြောပြီးနောက် ဆေးလိပ်သောက်မည်ဟုပြောကာ မတ်တပ် ရပ်လိုက်စဉ် လဲကျသေဆုံးသွားခဲ့ရသည်။

သူငယ်ချင်းများက 911 ကို ချက်ချင်းခေါ်ပြီး အကူအညီတောင်းရာ ဗာဂျီးနီးယားဘိခ်ျရဲတပ်ဖွဲ့က ရောက်လာ စစ်ဆေးပြီးနောက် နှလုံးရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် နာမည်ကြီးနေသည့် အွန်လိုင်းဂိမ်း Twitch သည် ပရိသတ်များစွာ ရရှိထားပြီး မိမိတို့အွန်လိုင်းဂိမ်း တိုးတက်ရန် မာရသွန်ဂိမ်းပြိုင်ပွဲများ ကျင်းပပေးနေမှုနှင့် ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

Twitch အွန်လိုင်းဂိမ်း မှတ်တမ်းများအရ ဘရိန်း ဗစ်နော့သည် ငါးနှစ်တာ အွန်လိုင်းဂိမ်းကစားလာသည့် သက်တမ်းအတွင်း ဒေါ်လာ ၁၁၀၀၀ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း AP တွင်ရေးသားထားသည်။

သူသည် GoFundMe ဆိုသည့် အွန်လိုင်းစာမျက်နှာတစ်ခုကိုလည်း ဖွင့်လှစ်ထားပြီး ကလေးများ ရန်ပုံငွေ အတွက် ထူထောင်ထားရာ ဒေါ်လာ ၁၇၀၀၀ ရရှိနေပြီဖြစ်သည်။

Powered by Bullraider.com