ပါမောက္ခ စတီဖင် ဟော့ကင်း အာကာသထဲသို့ ခရီးထွက်မည်

http://static.vix.com/es/sites/default/files/styles/large/public/btg/curiosidades.batanga.com/files/25-grandes-frases-de-Stephen-Hawking-para-reflexionar-15.jpg?itok=SYG676Rt

စကြဝဠာအကြောင်း နှစ်ပေါင်းများစွာ လေ့လာသုတေသနပြုခဲ့သည့် ဗြိတိန်မှ ရူပဗေဒ ပညာရှင်ကြီး ပါမောက္ခ စတီဖင် ဟော့ကင်းသည် အာကာသအတွင်းသို့ လေ့လာရေးခရီးထွက်ရန် စီစဉ်လျက်ရှိကြောင်း AP သတင်း တွင်ဖော်ပြထားသည်။

ဟော့ကင်းကို အာကာသလေ့လာရေးခရီးအတွက် အကုန်အကျခံပြီး ပို့ပေးမည့်သူမှာ ဆာ ရစ်ချတ် ဘရန်ဆန် ဆိုသူဖြစ်ပြီး Virgin Galactic အာကာသယာဉ်ခရီးစဉ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ရူပဗေဒနှင့် စကြဝဠာဗေဒပညာရှင် ပါမောက္ခ ဟော့ကင်းသည် ယခုအခါ အသက် ၇၅ နှစ်အရွယ်ရှိနေပြီး မသန်စွမ်းသူတစ်ဦးဖြစ်ကာ Virgin အာကာသယာဉ်ပိုင်ရှင် သူဌေးကြီး ဘရန်ဆန်၏ ကမ်းလှမ်းမှုမှာ ဂုဏ်ယူ စရာဖြစ်သော်လည်း ချက်ချင်း လက်ခံပါသည်ဟု အဖြေပေးရန် ခက်ခဲနေသေးကြောင်း ပြောကြားသည်။

Virgin ပုဂ္ဂလိကအာကာသယာဉ် လုပ်ငန်း အဖွဲ့သည် အာကာသအတွင်း ခရီးသည်များ ပို့ဆောင်ပေးရေးကို စီစဉ်ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စတီဖင် ဟော့ကင်းကိုမည်သည့်နေ့ရက်တွင် ခေါ်ဆောင် သွားမည်ကိုမူ မသတ်မှတ်ရသေးကြောင်း AP သတင်းတွင် ရေးသားထားသည်။

Virgin Galactic ပုဂ္ဂလိက အာကာသ ပို့ဆောင်ရေးအစီအစဉ်ကို ဘရန်ဆန်သည် ၂၀၀၉ ခုနှစ်ကတည်းက ပြင်ဆင်နေသူဖြစ်ပြီး လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားခဲ့ရာက ယခုပြန်လည်စေလွှတ်ရန် စီစဉ်နေခြင်းဖြစ် သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် SpaceShip Two ဆိုသည့် လေယာဉ်ပုံစံတည်ဆောက်ထားသည့် အာကာသယာဉ်ကို လူစီးယာဉ်အဖြစ် စေလွှတ်ခဲ့ရာ မအောင်မြင်ခဲ့ဘဲ ကာလီဖိုးနီးယားပြည်နယ် မိုဂျာဗီ သဲကန္တာရအတွင်း ပျက်ကျခဲ့ဖူးသည်။

၂၀၁၄ ခုနှစ်ကတည်းက စတီဖင် ဟော့ကင်းကို အာကာသအတွင်း စေလွှတ်ရန် ဘရန်ဆန်က ကမ်းလှမ်းခဲ့ သော်လည်း သူ၏ ဆရာဝန်များက ခွင့်မပြုခဲ့ပေ။

ယခုတစ်ကြိမ် ထပ်မံတောင်းဆိုမှုမှာ မိမိအနေဖြင့် စိတ်အားထက်သန်နေပြီး ဂုဏ်ယူစရာဖြစ်နေသော်လည်း ဆရာဝန်များက ခွင့်မပြုမည်ကို စိုးရိမ်နေကြောင်း ဟော့ကင်းကပြောကြားသည်။

Powered by Bullraider.com