ကျောင်းမှ အိမ်ရှိ လျှပ်စစ်မီးများကို လှမ်းပိတ်နိုင်မည့်စနစ်တီထွင်သူကျောင်းသား ထောက်ပံ့ကြေးရရှိ

http://i.dailymail.co.uk/i/pix/2017/03/29/10/3EBB86A000000578-4359730-image-m-2_1490778760936.jpg

အသက် ၂၁ နှစ်သာရှိသေးသည့် ဗြိတိန် Kent နယ်မှ Maidstone မြို့တွင် နေထိုင်သူ ကျောင်းသားတစ်ဦးသည် ဖုန်းကို အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် ကျောင်းမှ အိမ်ရှိ မီးခလုတ်များအား ထိန်းချုပ် ဖွင့်၊ ပိတ်နိုင်သည့် စနစ်ကို တီထွင်နိုင်ခဲ့သောကြောင့် လုပ်ငန်းကို ရှေ့ဆက်တီထွင် လုပ်ဆောင်နိုင်စေရန် စတာလင်ပေါင် တစ်သန်း ထောက်ပံ့ချီးမြှင့်ခြင်းခံရကြောင်း Mail Online သတင်းတွင်ဖော်ပြထားသည်။

စမတ်ဖုန်းနှင့် ဆော့ဖ်ဝဲကို အသုံးပြုပြီး အိမ်ရှိ လျှပ်စစ်မီး အသုံးပြုနေမှုများကို အဝေးကတစ်ဆင့် လှမ်း၍ စစ်ဆေးနိုင်ခြင်းမှာ လျှပ်စစ်မီးကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို တားဆီးနိုင်သည့်အပြင်၊ လျှပ်စစ် ဓာတ်အားကိုလည်း ချွေတာရာရောက်နိုင်သောကြောင့် အကျိုးရှိနိုင်မည့် တီထွင်မှုတစ်ခုအနေဖြင့် ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

အဝေးထိန်းစနစ်ဖြင့် ဖုန်းကိုအသုံးပြုကာ အိမ်တွင်း လျှပ်စစ်မီးများကို ထိန်းချုပ်နိုင်သည့်ကျောင်းသားမှာ ယာဆာ ခါတက်ဆိုသူဖြစ်ပြီး၊ သူ၏တီထွင်မှုကို Den ဟုအမည်ပေးထားကာ ဗြိတိန်၏စီးပွားရေးအတွက် စွမ်းအင်ဆုံးရှုံးမှုကို စတာလင်ပေါင် ၁ ဒသမ ၇ ဘီလီယံခန့် သက်သာသွားစေနိုင်မည်ဟု ပြောကြားသည်။

အဝေးထိန်းစနစ်ဖြင့် ဖုန်းကိုအသုံးပြု၍ အိမ်တွင်းလျှပ်စစ်မီးများကိုစစ်ဆေးပြီး ဖွင့်ခြင်း၊ ပိတ်ခြင်းကို မိမိအိမ်နှင့် မီတာ ၂၀ ခန့်အကွာအဝေးအတွင်း ပြုလုပ်နိုင်ပြီး၊ ခါတက်သည် GCSE စာမေးပွဲကို ဖြေဆိုနိုင်ရန် လေ့လာနေစဉ် ဤစနစ်ကို တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။

ခါတက်သည် ပါကစ္စတန်နိုင်ငံသား ဆရာဝန်တစ်ဦး၏ သားဖြစ်ပြီး ဆော်ဒီနိုင်ငံတွင် မွေးဖွားခဲ့ကာ အထက်တန်း ကျောင်းသားဘဝကတည်းက တီထွင်မှုပေါင်းများစွာကို လက်တဲ့စမ်းလုပ်ဆောင်ခဲ့မှုများကြောင့် ကျောင်းက လည်း ၁၆ ကြိမ်တိုင်အောင် ခေတ္တထုတ်ပယ်ခြင်း ခံခဲ့ရသူတစ်ဦးဖြစ်သည်။

ခါတက်သည် အထက်တန်းကျောင်းသားဘဝကတည်းက Den ဆိုသည့် တီထွင်မှုလုပ်ငန်းစုကို ထူထောင် ထားပြီး ဓာတ်ဆီဆိုင်များတွင် တပ်ဆင်နိုင်မည့် လေသန့်စက်၊ MP3 နားကြပ်များကို တီထွင်ရောင်းချနိုင်ခဲ့ သောကြောင့် စတာလင်ပေါင် ၂၀၀၀၀ ကျော်ရရှိပြီး ကိုယ်ပိုင်တီထွင်မှုလုပ်ငန်းကို ထူထောင်လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယာဆာ ခါတက်သည် ယခုအခါ Amstrad ကုမ္ပဏီမှ CEO ဟောင်း ဘော့ ဝပ်ကင်ကို Den ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာအဖြစ် ခေါ်ယူခန့်ထားကြောင်း Daily Online သတင်းတွင် ရေးသားထားသည်။

Powered by Bullraider.com