လေယာဉ်တစ်စီးလုံး ဓာတ်မှန်ရိုက်ကာ စစ်ဆေးနိုင်မည့် မိုဘိုင်းလ်ကားစနစ်တီထွင်

http://www.mbtelecom.ro/Products/ROBOSCAN%20Aeria/aeria.jpg

လန်ဒန်၊ ဧပြီ ၂၆

လေယာဉ်ပေါ်တွင် တရားမဝင်ပစ္စည်းများ၊ လက်နက်များ၊ ပေါက်ကွဲစေတတ်သော ဗုံးများ ယူဆောင်လာခြင်းကို လေယာဉ် အောက်မှာ ရွေ့လျားမိုဘိုင်းလ်ကားဖြင့် စစ်ဆေးစကင်ဖတ်နိုင်မည့်နည်းပညာသစ်ကို ရိုမေးနီးယားနိုင်ငံမှ MB Telecom ကုမ္ပဏီက တီထွင်နိုင်ခဲ့ကြောင်း The Times သတင်းတွင်ဖော်ပြထားသည်။

Roboscan 2M ဟုအမည်ပေးထားသော ယင်း ဓာတ်မှန်ရိုက်သကဲ့သို့ စကင်ဖတ်နိုင်သည့်ကားကို ဒေါ်လာ ၃ ဒသမ ၂ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်အရှေ့ပိုင်းဥရောပ နယ်စပ်ရှာဖွေရေးဂိတ်များတွင် အသုံးပြုခဲ့ကာ တရားမဝင် တင်သွင်းလာခဲ့သော စီးကရက်အထုပ်ပေါင်း ၇၆၀၀၀ ကို ရှာဖွေဖော်ထုတ် ဖမ်းဆီးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

လေဆိပ်များတွင် လုံခြုံရေးအရ လူများနှင့် ပစ္စည်းများကို စစ်ဆေးပြီးလွှတ်လိုက်သည်ဆိုသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် စိတ်ချရသည်ဟု မဆိုနိုင်ကြောင်း၊ သို့ဖြစ်ရာ လေယာဉ်တစ်စီးလုံးကို နောက်ဆုံးအချိန်အထိ စစ်ဆေးပြီးမှသာ ထွက်ခွာစေရန်အတွက် ယခုတီထွင်ထားသောစနစ်သည် အကောင်းဆုံးဖြစ်နိုင်ကြောင်း MBT အဖွဲ့က ပြောကြားသည်။

သာမန်အလယ်အလတ်တန်းစား လေယာဉ်တစ်စီးကို လေယာဉ်အောက်မှာ မိုဘိုင်းလ်ကားဖြင့် စကင်ဖတ်မည်ဆိုလျှင် မိနစ် ၂၀ ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး လေယာဉ်ကို အပေါ်စီးမှ ကရိန်းမောင်းတံများဖြင့် အုပ်မိုးပြီး ဓာတ်မှန်ရိုက်မှုကို ကားအတွင်းမှ ထိန်းချုပ်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

လေယာဉ်တစ်စီး၏ အဓိကကျသည့် အစိတ်အပိုင်းလေးခုကို လေယာဉ်မထွက်မီရှာဖွေပုံဖမ်းပေးခြင်းဖြင့် အနာဂတ်လေယာဉ် များ လုံခြုံစိတ်ချရေးကို ပိုပြီးတိုးမြှင့်လုပ်ဆောင်နိုင်လိမ့်မည်ဟု လန်ဒန်တွင်ကျင်းပနေသည့် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက် ရေးပြပွဲတွင် MBT မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရာဒူး အူဒါကပြောကြားသည်။

Powered by Bullraider.com