ရွှံ့ဖြင့်ပြုလုပ်ထားသော ကျည်လုံဖန်ခေါင်းဆောင်းတီထွင်

http://www.popsci.com/sites/popsci.com/files/nrldome.jpg

ဝါရှင်တန်၊ ဧပြီ ၂၆

ရွှံ့အသွင်ပြောင်း ဖန်လုံခေါင်းဆောင်းများကို ဖောက်ထွင်းမြင်နိုင်ရုံမက ကျည်လုံဖန်ခေါင်းဆောင်းအဖြစ်ပါ ပြုပြင်ပြောင်းလဲ ဖန်တီးနိုင်ခဲ့ကြောင်း အမေရိကန်ရေတပ်သုတေသနဌာန (NRL) ၏ ထုတ်ပြန်ချက်ကို Live Science သတင်းတွင် ဖော်ပြထားသည်။

သာမန်ဖန်သားပြင်များကို တီထွင်ထုတ်လုပ်ရခြင်းထက် ဈေးပိုသက်သာပြီး လုံခြုံစိတ်ချရမှုအပြည့်ရှိသည့် ကျည်ကာ ခေါင်းဆောင်းများကို NRL အဖွဲ့က အလွန်ပေါ့ပါးစေရန် တီထွင်နိုင်ခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

Spinel ဟုအမည်ပေးထားသည့် ဖန်သားကို ရွှံ့မှုန့်များကတစ်ဆင့် တီထွင်ဖန်တီးထားခြင်းဖြစ်ပြီး ရွှံ့မှုန်များကို အလွန်မြင့်မားသော အပူချိန်ပေးကာ တီထွင်ရာမှ ဖန်သားပြင်ကဲ့သို့ မာကျောသည့်မှန်တစ်မျိုးကို ရရှိခဲ့ခြင်းဖြစ်သည်။

မာကျောသည့်ဖန်သားပြင်များကို ကင်မရာမှန်များ၊ တံခါးမှန်များအဖြစ် စစ်တပ်ကတီထွင်ခဲ့သော်လည်း ယခုတွေ့ရှိခဲ့သော ရွှံ့ဖန်သားသည် ပိုပြီးပေါ့ပါးကာ၊ ပိုပြီး ခံနိုင်ရည်ရှိသော ကျည်ကာမှန်များဖြစ်ကြောင်း NRL ကထုတ်ပြန်ထားသည်။

Spinel ဖန်သားပြင်များကို ပင်လယ်မျက်နှာပြင်များအောက်တွင်ရှိသော သဲများမှထုတ်ဖော်ရန် အလွယ်ကူဆုံးဖြစ်ပြီး ယခင် မှန်ထုတ်လုပ်မှုထက် ကုန်ကျစရိတ်သက်သာသည့်အပြင် ခံနိုင်ရည်ရှိသော ပစ္စည်းများဖြစ်သောကြောင့် အနာဂတ် ပစ္စည်းထုတ် လုပ်မှုများတွင် အသွင်ပြောင်းသွားနိုင်ကြောင်း Live Science သတင်းတွင်ရေးသားထားသည်။

နောက်တစ်ဆင့်အနေဖြင့် လေဆာရောင်ခြည် မဖောက်ထွင်းနိုင်သော၊ ကျည်ကာဝတ်စုံများကို တိုးမြှင့်လုပ်ဆောင်ရန် ကြံဆောင် နေကြကြောင်း NRL ကသတင်းထုတ်ပြန်ထားသည်။

Powered by Bullraider.com