လာမည့်နှစ် ၁၀၀ အတွင်း ကွန်ပျူတာများက လူသားကို လွှမ်းမိုးသွားနိုင်ဟုဆို

http://cdn.slashgear.com/wp-content/uploads/2014/05/NASA-Can-Stop-Looking-for-Black-Holes-Says-Stephen-Hawking-2.jpg

လန်ဒန်၊ မေ ၁၄

ရူပဗေဒဆိုင်ရာ သဘောတရားတီထွင်ပညာရှင်တစ်ဦးဖြစ်သူ စတီဖင် ဟော့ကင်းက လူသားသည် အကောင်းဆုံးတီထွင် နိုင်စွမ်းရှိသူများဖြစ်သော်လည်း ကွန်ပျူတာများတွင် တပ်ဆင်ပေးလိုက်သည့် ဉာဏ်ရည်တုများက လူသားထက်ပိုပြီး စွမ်းဆောင်ရည်မြင့်မားလာသောကြောင့် လာမည့်နှစ် ၁၀၀ အတွင်း လူသားကို ထိန်းချုပ်လွှမ်းမိုးသွားလိမ့်မည်ဟု ထုတ်ဖော် ပြောကြားကြောင်း Business Insider သတင်းတွင်ဖော်ပြထားသည်။

မေလ ဒုတိယပတ်အတွင်းလန်ဒန်၌ ကျင်းပခဲ့သည့် Zeitgeist 2015 ညီလာခံတွင် ဟော့ကင်းက ယင်းသို့ ထုတ်ဖော် ပြောကြားသွားခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ကွန်ပျူတာစက်များက လူသားတို့ကို လွှမ်းမိုးတော့မည်ဟု ဟော့ကင်းကပြောခြင်းသည် ပထမအကြိမ် မဟုတ်ကြောင်း၊ ယမန်နှစ် ဒီဇင်ဘာလကတည်းက ဟော့ကင်းသည် BBC သတင်းဌာနနှင့်တွေ့ဆုံစဉ်ကလည်း လူသားမျိုးနွယ်တို့ နိဂုံးချုပ် တော့မည်ဖြစ်ကြောင်းကို သတိပေး ပြောကြားခဲ့ပြီးဖြစ်သည်။

AI ခေါ် ဉာဏ်ရည်တုတီထွင်မှုများ အားကောင်းလာသည်နှင့်အမျှ စက်ရုပ်တို့သည် လူသားတို့အတိုင်း တုပရုံမက သာလွန် သည့် စွမ်းဆောင်မှုများဖြစ်လာစေရန် တီထွင်ပေးနေမှုကို Telsa ကုမ္ပဏီမှ စီအီးအိုဖြစ်သူ အီလန် မာ့စ်ခ်ကလည်း သတိပေးခဲ့ပြီး ယင်း၏အဆိုကို ကမ္ဘာကျော်ဆော့ဖ်ဝဲထုတ်လုပ်သည့် သူဌေးကြီး ဘီလ်ဂိတ်စ်ကလည်း ထောက်ခံခဲ့သည်။

မကြာမီ ကမ္ဘာပေါ်တွင် လူသားကဲ့သို့ ဖန်တီးထားသော စက်ရုပ်မျိုးဆက်သစ်တစ်ခုပေါ်ထွက်လာပြီး လူသားများကို ပြန်လည် ထိန်းချုပ်သွားမည်မှာ စိုးရိမ်စရာဖြစ်ကြောင်းကို ရူပဗေဒပညာရှင် လူးဝစ် ဒီလ် မွန်တီကလည်း ပြောကြားခဲ့ပြီးဖြစ်သည်။

ကွန်ပျူတာကို တီထွင်ပြီး ကွန်ပျူတာအစွမ်းဖြင့် တွေးခေါ်လုပ်ကိုင်မှုများ ပြုလာခြင်းက လူသားတို့၏ ဉာဏ်ရည်နှင့် စွမ်းဆောင်တွေးခေါ် အားထုတ်မှုများ ယုတ်လျှော့လာကြောင်း၊ စက်အပေါ် မှီခိုနေရပြီး၊ ကွန်ပျူတာမရှိလျှင် မဖြစ်သည့် လူ့ဘဝ အနေအထားကြောင့် လူသားတို့ ဆုတ်ကပ်ကို ရောက်လာခဲ့ရခြင်းဖြစ်ကြောင်း ဟော့ကင်းကလည်း သုံးသပ်ထား သည်။

Powered by Bullraider.com