ဆင်းရဲသားများ Broadband အင်တာနက်သုံးနိုင်ရေး အစိုးရထောက်ပံ့ပေးမည်

http://i.dailymail.co.uk/i/pix/2013/11/07/article-0-193DFB2400000578-96_634x688.jpg

ဝါရှင်တန်၊ မေ ၃၁

အမေရိကန်ပြည်ထောင်စုတွင် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသောကုမ္ပဏီများအား ဆင်းရဲပြီး အင်တာနက် မသုံးနိုင်သူများ မြန်နှုန်းမြင့် အင်တာနက်သုံးစွဲနိုင်စေရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် အစိုးရက အထောက်အပံ့ပေးမည် ဖြစ်ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

ပြည်ထောင်စုဆက်သွယ်ရေးအဖွဲ့ဥက္ကဋ္ဌ တွမ် ဝှီးလားက ယင်းသို့လူတိုင်းအင်တာနက်သုံးစွဲနိုင်ရေး အစီအစဉ်ကို Lifeline ပရိုဂရမ်ဟု အမည်ပေးထားပြီး ယင်းတွင် ဖုန်းသုံးစွဲခများ ဈေးသက်သာရေးအပြင်၊ တန်ဖိုးနည်း မြန်နှုန်းမြင့် အင်တာနက် သုံးစွဲနိုင်ရေး အစီအစဉ်များပါရှိကြောင်း ယင်းသတင်းကဆိုသည်။

"အင်တာနက်ကို မြန်နှုန်းမြင့်သုံးစွဲနိုင်ရေးဟာ အလုပ်ရှာဖွေရေးမှာ အရေးကြီးပါတယ်။ ခုဆိုရင် အွန်လိုင်းပေါ်ကနေ အလုပ် အကိုင်ရှာဖွေနေကြတာ ၈၀ ရာခိုင်နှုန်းလောက်ရှိနေတဲ့အတွက် ဒီအစီအစဉ်ကို လုပ်ဆောင်ပေးရတာဖြစ်ပါတယ်" ဟု ဝှီးလားကပြောကြားသည်။

အမေရိကန်တွင် အလုပ်အကိုင်ရရှိနိုင်ရေးမှာ ကွန်ပျူတာနှင့် ဒစ်ဂျစ်တယ်နည်းစနစ်များ တတ်မြောက်မှဖြစ်နိုင်ကြောင်း၊ ယခုအခါ ကုမ္ပဏီတိုင်းသည် အလုပ်ခေါ်လျှင်လည်း ကွန်ပျူတာကျွမ်းကျင်တတ်မြောက်သူများကိုသာ ဦးစားပေးလေ့ရှိ ကြောင်း၊ မြန်နှုန်းမြင့် အင်တာနက်သုံးစွဲနိုင်ရေးသည် ကျန်းမာရေး၊ ပညာရေးအားလုံးနှင့် အကျုံးဝင်သည့်အတွက် အမြန်ဆုံး အကောင်အထည်ပေါ်နိုင်ရေးကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ယင်းကဆိုသည်။

ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် ဝင်ငွေနည်းပြီး မြန်နှုန်းမြင့် အင်တာနက်ကို မသုံးနိုင်သေးသူပေါင်း လူဦးရေ၏ ၃၀ ရာခိုင်နှုန်းရှိနေသေးကြောင်း၊ တစ်နှစ်လျှင် ဒေါ်လာ ၁၅၀,၀၀၀ ခန့်ဝင်သူများ၏ ၉၅ ရာခိုင်နှုန်းသာ Broadband အင်တာနက်ကို သုံးစွဲနိုင်ကြကြောင်း၊ ဒေါ်လာ ၂၅,၀၀၀ အောက်ဝင်ငွေရှိသူ ၄၈ ရာခိုင်နှုန်းသာ မြန်နှုန်းမြင့်အင်တာနက်ကို အိမ်များတွင် သုံးစွဲနိုင်ကြောင်း AFP သတင်းတွင်ရေးသားထားသည်။

Powered by Bullraider.com