လက်ချောင်းထိန်းချုပ်နည်းပညာသစ် Google တီထွင်

http://static2.businessinsider.com/image/5568b66569bedd250ea0e1b2/googles-new-finger-control-technology-is-straight-out-of-a-science-fiction-movie.jpg

ဝါရှင်တန်၊ ဇွန် ၎

စမတ်ဖုန်းများ၏ မျက်နှာပြင်ပေါ်သို့ လက်ချောင်းများဖြင့် တို့ထိစရာ မလိုဘဲ အဝေးမှ လက်ချောင်းနှစ်ချောင်းကို ပွတ်ပြီး ထိန်းချုပ်လုပ်ဆောင်ခိုင်းနိုင်သော နည်းပညာသစ်ကို ကမ္ဘာကျော် အင်တာနက် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Google က တီထွင်နိုင်ခဲ့ပြီဖြစ်သောကြောင့် မကြာမီ ဖုန်းမျက်နှာပြင် touchscreen ကို ထိတွေ့လုပ်ဆောင်ခိုင်းရသည်ဆိုသည့် နည်းပညာ ကွယ်ပျောက်သွားနိုင်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

Project Soli ဟုအမည်ပေးထားသည့် ရေဒါလှိုင်းစနစ်သုံး နည်းပညာသစ်သည် လက်မနှင့် လက်ညှိုးလေးနှစ်ချောင်းကို ပွတ်သပ်လှုပ်ရှားပေးရုံဖြင့် ဖုန်းတစ်ခုလုံး၏စနစ်များကို မျက်နှာပြင်ပေါ်တွင် တို့ထိလုပ်ဆောင်ရသည့်အတိုင်း စွမ်းဆောင်ပေး နိုင်ကြောင်း ယင်းသတင်းကဆိုသည်။

Google ၏ သုတေသနအဖွဲ့ ATP သည် ယင်းနည်းပညာကို စမ်းသပ်လျက်ရှိပြီး မကြာမီထုတ်လုပ်မည့် ပစ္စည်းများတွင် အဝေးထိန်းဆင်ဆာစနစ်သစ်ကို ထည့်သွင်းလာဖွယ်ရှိကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

Micromotions ဟုခေါ်သည့် စနစ်ကို Google မှ တာဝန်ရှိသူတစ်ဦးက သရုပ်ပြရာတွင် လက်ချောင်းနှစ်ချောင်းဖြင့် နာရီလက်တံကို ရွှေ့ပြခြင်းများအပြင် အခြား စွမ်းဆောင်ရည်များကိုလည်း လုပ်ဆောင်ပြနိုင်ခဲ့သည်။

ဤလုပ်ဆောင်ချက်သည် ယခင် Kinect ဟုခေါ်သည့် လှုပ်ရှားမှုဖြင့် ဂိမ်းကို ထိန်းချုပ်ကစားနိုင်သော နည်းအတိုင်းဖြစ်ကာ 60 Hz ပမာဏရှိ high-frequency ရေဒါကို အခြေခံပြီးလုပ်ဆောင်ခိုင်းနိုင်ခဲ့သောကြောင့် အနာဂတ်တွင် ထုတ်လုပ်မည့် ပစ္စည်းများကို ဈေးနှုန်းပိုပြီး သက်သာစွာ ထုတ်လုပ်နိုင်ဖွယ်ရာရှိကြောင်း Google မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

လက်သည်းခွံပမာဏခန့်သာရှိသော Chip တစ်ခု၏ အစွမ်းဖြင့် လာမည့် ဆယ်လအတွင်း နည်းပညာလောကကို အပြောင်း အလဲတစ်ခု လုပ်နိုင်တော့မည်ဖြစ်ကြောင်း ယင်းကဆိုသည်။

Powered by Bullraider.com