ပန်ကာ ၁၈ လက်ပါ နှစ်ယောက်စီး ရဟတ်ယာဉ်ငယ်တီထွင်

http://www.e-volo.com/wp/wp-content/gallery/vc200/VC200_seite_voll.jpg

ဘာလင်၊ ဇွန် ၂၂

ပန်ကာ ဒလက် ၁၈ ခုပါသော နှစ်ယောက်စီး ရဟတ်ယာဉ်အသေးစားဖြင့် အနာဂတ် သယ်ယူပို့ဆောင်ရေးကို တစ်ခေတ် ပြောင်းစေရန် ဂျာမန်ကုမ္ပဏီတစ်ခုက တီထွင်ပြသခဲ့ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

Volocopter ဟု အမည်ပေးထားသော ယင်းရဟတ်ယာဉ်ငယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာရောက်စေသည့် အပြင် ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုလည်း မရှိနိုင်ကြောင်း၊ ကားပျံများကို တီထွင်မည့်အစား ဤရဟတ်ယာဉ်များကို တီထွင်ခြင်းက စရိတ်သက်သာစေသည့်အပြင် ပိုပြီးခရီးရောက်နိုင်ကြောင်း ယင်းသတင်းကဆိုသည်။

ယခုတီထွင်ထားသော Volocopter လေးများသည် လျှပ်စစ်စွမ်းအင်အားသွင်း ဘက်ထရီဖြင့် တစ်နာရီကျော်ကျော် လောက်သာ ပျံသန်းနိုင်သေးသော်လည်း အနာဂတ်တွင် ပိုမိုကြာမြင့်စွာ ပျံသန်းနိုင်လိမ့်မည်ဟု တီထွင်ပညာရှင် အလက်ဇန်းဒါး ဇိုဆဲလ်ကပြောကြားသည်။

Volocopter များကို လူထိန်းချုပ်မောင်းနှင်နိုင်သည့်အပြင် အဝေးထိန်းစနစ်ဖြင့်လည်း မောင်းနိုင်ပြီး ဆင်းသက် ရာတွင်လည်း အလိုအလျောက်ထိန်းချုပ်ဆင်းနိုင်စေရန် တီထွင်ထားသည်။

အနာဂတ်တွင် ကားလမ်းပိတ်ဆို့မှုများကြောင့် သွားလာရ ခက်ခဲ ကြန့်ကြာသည့် ပြဿနာများကို ယခုလို ရဟတ်ယာဉ် လေးများဖြင့် ဖြေရှင်းနိုင်မည်ဟု ဇိုဆဲလ်ကဆိုသည်။

အလေးချိန် ၄၅၀ ကီလိုဂရမ်ခန့်သာလေးသည့် ယင်းရဟတ်ယာဉ်လေးတစ်စီး တန်ဖိုးမှာ ဒေါ်လာ ၃၄၀,၀၀၀ ဖြစ်ကြောင်း Reuters သတင်းတွင်ရေးသားထားသည်။

Powered by Bullraider.com