သာမန်ကားဂိုဒေါင်အတွင်း ထည့်သွင်းထားနိုင်မည့် ကားပျံတီထွင်

http://d3z1rkrtcvm2b.cloudfront.net/wp-content/uploads/2014/12/First-Root.jpg

ဝါရှင်တန်၊ ဇူလိုင် ၂၃

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်အခြေစိုက် Terrafugia ကုမ္ပဏီသည် အနာဂတ်စိတ်ကူးတစ်ခုကို အကောင် အထည်ဖော်သည့် အနေဖြင့် သာမန်ကားဂိုဒေါင်အတွင်း ထည့်သွင်းသိမ်းဆည်းထားနိုင်ပြီး ကားလမ်းပေါ်မှပင် အလွယ်တကူ ပျံတက်နိုင်သည့် ကားပျံတစ်စီးကို တီထွင်နိုင်ခဲ့ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

TF-X ဟုအမည်ပေးထားသော ယင်းကားပျံသည် ကားလမ်းပေါ်တွင် မောင်းနိုင်ရုံမျှမက လေထဲတွင်ပါ ဝဲပျံနိုင်စေရန် နှစ်မျိုးသုံးအဖြစ် တီထွင်ဖန်တီးထားခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ကားနှင့် တွဲဖက်တပ်ဆင်ထားသည် တောင်ပံနှစ်ခုတွင် ဂျက်ပန်ကာများကို တပ်ဆင်ထားပြီး တောင်ပံဆန့်ထုတ်ကာ ကားကို ဒေါင်လိုက် အတက်အဆင်း လျှင်မြန်စွာ ပြုလုပ်နိုင်စေမည်ဖြစ်သည်။

ကားတွင် တပ်ဆင်ထားသည့် အင်ဂျင်အမျိုးအစားသည် 300 hp အမျိုးအစား အင်ဂျင်များဖြစ်ပြီး တစ်နာရီလျှင် မိုင် ၂၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ကာ မိုင် ၅၀၀ အထိ မရပ်မနား သွားနိုင်မည်ဖြစ်သည်။

လူလေးဦးလိုက်ပါနိုင်သည့် TF-X ကားပျံသည် ကွန်ပျူတာထိန်းချုပ်မှုဖြင့် မောင်းနှင်နိုင်စေရန် တီထွင်ထားသဖြင့် အတက် အဆင်းအားလုံးကို အလိုအလျောက်ပြုလုပ်စေနိုင်ကြောင်း တီထွင်သူများကပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့ခြင်း၊ ရာသီဥတုဆိုးရွားခြင်းကြောင့် လမ်းပိတ်ဆို့ခြင်း၊ အခြား သဘာဝဘေးအန္တရာယ်များကြောင့် ပိတ်ဆို့ခြင်းများအတွက် TF-X ကားများသည် အလွယ်တကူဖြေရှင်းပေးနိုင်ကြောင်း၊ ကားမှာ အီလက်ထရွန်းနစ် လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး အားပြန်သွင်းကာမောင်းနှင်နိုင်ကြောင်း ကုမ္ပဏီကသတင်းထုတ်ပြန်ထားသည်။

ကားတစ်စင်း၏တန်ကြေးမှာ ဒေါ်လာ ၂၇၉,၀၀၀ ဖြစ်ပြီး ဈေးကွက်တင်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း AFP သတင်းတွင်ဖော် ပြထားသည်။

Powered by Bullraider.com