သမဝါယမဘွဲ့ရ ကျောင်းသား ကျောင်းသူ ၅ဝဝ ကျော်အား ဘွဲ့လက်မှတ်များ ချီးမြှင့်

Image may contain: one or more people, people on stage and people standing

ရန်ကုန် ဖေဖော်ဝါရီ ၅

သမဝါယမတက္ကသိုလ်(သန်လျင်)၏ စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်းပရာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရသူများအပါအဝင် စီးပွားရေးသိပ္ပံ ဘွဲ့ရ ကျောင်းသား ကျောင်းသူ ၅၄၇ ဦးအား ဘွဲ့များ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ သမဝါယမတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာဒေါ်ရီရီဝင်း က သမဝါယမ တက္ကသိုလ်(သန်လျင်)မှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ ဘွဲ့လွန်ဒီပလိုမာ၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ ဘွဲ့လွန် ဒီပလိုမာ၊ အသုံးချစာရင်းအင်းပညာ ဘွဲ့လွန် ဒီပလိုမာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်ဒီပလိုမာနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ ဘွဲ့ရ သူများအား ဘွဲ့များပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သမဝါယမတက္ကသိုလ်(သန်လျင်)မှ စီးပွားရေး သိပ္ပံဘွဲ့ ရ ကျောင်းသား ကျောင်းသူများအား ဘွဲ့များဆက်လက်ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ဘွဲ့နှင်း သဘင်အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက် တာ ဒေါ်ရီရီဝင်း က ''နိုင်ငံတော် အနေနဲ့ အနာဂတ်ခေါင်းဆောင်မယ့် လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုး တိုးတက်လာစေဖို့ အတွက် နိုင်ငံတော် တစ်ဝန်းလုံးမှာ အဆင့်မြင့် ပညာတွေ လေ့လာဆည်းပူးနိုင်တဲ့တက္ကသိုလ် စုစုပေါင်း ၁၆၉ ခု ဖွင့်လှစ်ထားပါတယ်။

လူမှုစီးပွားရေးပညာတတ်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက် သမဝါယမ တက္ကသိုလ် နှစ်ခုနဲ့ သမဝါယမကောလိပ် နှစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။ သမဝါယမတက္ကသိုလ်(သန်လျင်)အနေနဲ့ အမျိုးသားရေး စိတ်ဓာတ်နဲ့ လူမှုရေးစိတ်ဓာတ်အခြေခံရှိပြီး အရည်အချင်း ပြည့်ဝသော နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်ဖြစ်လာစေရန် ရည်မှန်းချက်ထားဆောင်ရွက် ခဲ့တာကြောင့် နိုင်ငံတော်နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမယ့် လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်''ဟု ပြောကြား
သည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ ဘွဲ့လွန်ဒီပလိုမာ ရှစ်ဦး၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ ဘွဲ့လွန် ဒီပလိုမာ လေးဦး၊ အသုံးချစာရင်းအင်းပညာ ဘွဲ့လွန် ဒီပလိုမာ လေးဦး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်ဒီပလိုမာ လေးဦး၊ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ ဘွဲ့လွန် ဒီပလိုမာ လေးဦးနှင့် စီးပွားရေးသိပ္ပံဘွဲ့ရရှိသူ ၅၂၃ ဦး စုစုပေါင်း ၅၄၇ ဦးတို့အား ဘွဲ့များပေး အပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သမဝါယမသမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် ၁၉ဝ၅ ခုနှစ် ဇန်နဝါရီ ၃ ရက်က စစ်ကိုင်းခရိုင် မြင်းမူမြို့၌ စတင်ပေါ်ပေါက်ခဲ့ကြောင်း၊ ယနေ့ခေတ်တွင် သမဝါယမတက္ကသိုလ်(သန်လျင်)နှင့် သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)တို့အပြင် မန္တလေးနှင့် ဖောင်ကြီးတွင်လည်း သမဝါယမကောလိပ် တို့ကို ဖွင့်လှစ် နိုင်ခဲ့ပြီးဖြစ်၍ သမဝါယမမူဝါဒ၊ သဘောတရား၊ အနှစ် သာရနှင့် ကျင့်ဝတ်များကို လေ့လာသင်ယူနိုင်ပြီး ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

သတင်း- မြင့်မောင်စိုး
ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)

မြန်မာ့အလင်းသတင်းစာ (၆.၂.၂၀၁၇)

Powered by Bullraider.com