ကျေးလက်ဒေသ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် Community ICT Center မုံရွာ မြို့နယ်တွင် ဖွင့်လှစ်

Image may contain: one or more people, people sitting and outdoor

မုံရွာ ဖေဖော်ဝါရီ ၆

ကျေးလက်နေပြည်သူများ လူနေမှုဘဝများ တိုးတက်မြင့်မားစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကန်ပြား ကျေးရွာ ရွှေဘုံ သာကျောင်းတိုက်ဝန်း အတွင်းတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့နံနက် (၁ဝ)နာရီက ရွှေစံပြ Community ICT Center ကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

'' ကျေးလက်နေပြည်သူလူထုတွေရဲ့ လူနေမှုဘဝမြင့်တက်ဖို့အတွက်ကို အဓိကရည်ရွယ်ထားတာပါ၊ သူတို့ဟာ ဘယ်လို အသုံးချမလဲဆိုတော့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ဘက်စုံကဏ္ဍစုံမှာ ဒီ ICTဆိုတဲ့ နည်းပညာကို ပူးပေါင်းထည့်သွင်းပြီး အသုံးချမယ်ဆိုလို့ရှိရင် နောင်လာမယ့် ဆယ်စုနှစ်အတွင်းမှာ တော်တော်ကြီး ကို တိုးတက်ပြောင်းလဲ လာမယ်၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းလာနိုင်မယ်လို့ မျှော်လင့်ပါတယ်'' ဟု စစ်ကိုင်း တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းဥက္ကဌ ဒေါ်နိုင်နိုင်မော်က ပြောသည်။

ရွှေစံပြ Community ICT Center ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှ ကေဘယ်လ်အင်တာနက် လိုင်းအား လည်းကောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ မတည်ငွေဖြင့် လည်းကောင်း၊ မုံရွာမြို့ ကွန်ပျူတာ ပညာရှင် အသင်းနဲ့ မုံရွာကွန်ပျူတာ တက္ကသိုလ်တို့မှ နည်းပညာ အကူအညီများဖြင့် တည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
'' ရည်ရွယ်ချက် ကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ICT သုံးကြပါစို့ ဆိုတဲ့ဆောင်ပုဒ်နဲ့ ဒီစင်တာကိုဖွင့် လှစ်တာပါ၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်ဘုရား ငုတ်တို ကျေးရွာမှာ တစ်ခု၊ မန္တလေးတိုင်းဒေသကြီး အတွင်းက ပြင်ဦးလွင်မြို့နယ် အနီးစခန်းမှာ တစ်ခု ဖွင့်လှစ်ခဲ့ပြီး မုံရွာမြို့နယ် ကံပြား ကျေးရွာမှာ တတိယ အကြိမ်ဖွင့်လှစ်တာပါ၊ ကျေးရွာနေပြည်သူတွေအနေနဲ့ ဒီစင်တာကို အကျိုးရှိရှိ အသုံးချ စေချင်ပါတယ်၊ ပုံမှန်အားဖြင့် ဒီစင်တာကအများကြီး အသုံးဝင်ပါ တယ်၊ ဒီစင်တာကနေ ကျေးလက်နေပြည်သူတွေ အသိပညာတွေ၊ အတတ်ပညာတွေသိလာမယ်၊ သတင်းတွေကို မြန်မြန်ဆန်ဆန် ရနိုင်တယ်၊ ကျေးလက်ဒေသက ပြည်သူတွေသိလာရင် ဒီဒေသ တိုးတက်လာပြီးဆိုရင် နိုင်ငံတော်လည်း တိုးတက်မယ်၊ ဒေသခံတွေလည်း တိုးတက် လာမယ်၊ ဒေသထွက်ကုန်တွေလည်း တိုးတက်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစင်တာတွေကို လိုက်ပြီးဖွင့်လှစ် ပေးတာပါ၊ ရပ်ရွာမှာရှိတဲ့ ပြည်သူတွေ အားကိုးအားထားပြုလို့ ရတဲ့နေရာလို့ သတ်မှတ်လို့ရအောင်အထိ အသုံးပြုလို့ရပါတယ် ''ဟုမြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်း အတွင်းရေးမှူး-၁ ဦးဇော်ဝင်းထွန်းက ပြောသည်။

အဆိုပါ စင်တာမှ ပညာရေးကဏ္ဍတွင် ကလေး၊ လူကြီး၊ အသက်အရွယ်မရွေး ICT ကိုသုံးနိုင်ပြီး၊ ဒေသထွက်ကုန် များကို အများသိရှိစေရန်အတွက် အွန်လိုင်းမှတဆင့် ကြေငြာနိုင်ခြင်း၊ ရပ်ရွာ၏အချက်အလက် များကို ၄င်းစင်တာရှိ ဆာဗာတွင်ထည့်သွင်း သိမ်းဆည်းရနိုင်ခြင်း၊ အခြားကဏ္ဍ အသီးသီးတွင်လည်း ICT နည်းပညာနှင့် ပူးပေါင်း လုပ်ကိုင်နိုင်ကြောင်း သိရသည်။

'' ကျမကဒီရွာမှာနေတာပါ၊ ဒီစင်တာဖွင့်လှစ်တဲ့အတွက် ရွာကကလေးတွေရဲ့ အနာဂတ်ကပိုပြီး ကောင်းမွန် လာမယ်လို့မျှော်လင့်ပါတယ်၊ ဒီ ICT နည်းပညာကို အသုံးပြုရတဲ့အတွက် ပညာရေးကို အထောက် အကူပြုတဲ့ ဗဟုသုတတွေတိုးပွားလာမယ်၊ ဒီရွာရဲ့ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေ ကိုများစွာ အထောက်အကူ ဖြစ်စေမှာပါ''ဟု ပထမနှစ်ကျောင်းသူ မပိုပိုချစ်က ပြောသည်။

ရွှေစံပြ Community ICT Center ဖွင့်လှစ်သော ကန်ပြားကျေးရွာသည် မုံရွာမြို့နှင့် (၈)မိုင်ခန့် ကွာဝေးပြီး မိရိုးဖလာစိုက်ပျိုးရေး လုပ်ငန်းများလုပ် ကိုင်ပြီး၊ သားရေခြေညှပ်ဖိနပ်နှင့် ရက်ကန်းလုပ်ငန်းများဖြင့် ထင်ရှားသည့် ကျေးရွာ ဖြစ်ပြီး လူဦးရေ(၁၆၅ဝ)ဦးရှိပြီး အဆိုပါလူဦးရေ၏ (၆ဝ)ရာခိုင်နှုန်းသည့် လူငယ်ထုဖြစ်ကြောင်း သိရသည်။

မင်းဝေ(မုံရွာ)

မြန်မာ့အလင်းသတင်းစာ (၆.၂.၂၀၁၇)

Powered by Bullraider.com