သင်ကြား-သင်ယူမှု အနုပညာ

စာတမ်းရှင် - ခင်ရွှေလှိုင်

ပညာရေးနှီးနှောဖလှယ်ပွဲ 5 Jan. 2009 NHEC တွင် တင်သွင်းဖတ်ကြားသည်။

စာတမ်း - ရည်ရွယ်ချက်

မတူကွဲပြားသော လူမျိုး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အယူဝါဒ၊ သင်ရိုးညွှန်းတမ်းများနှင့် ပဋိပက္ခ ဖြစ်နေစရာ အကြောင်းလည်းမရှိ၊ လူမျိုးစုများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများ အားလုံး လက်မခံ၊ သဘောမတူနိုင်စရာအကြောင်းလည်း မရှိသည့် အပြင် အနာဂတ် လူ့အဖွဲ့အစည်းအတွက်လည်း ပြင်ဆင်ပေးရာရောက်ပြီး၊ လွတ်မြောက်နယ်မြေအသီးသီးရှိ ကျောင်းပညာ သင်ကြား-သင်ယူမှု ကဏ္ဍများတွင်လည်း လက်တွေ့အကောင်အထည်ဖော်နိုင်သည့် “စာသင်ခြင်း” နှင့် “စိတ်သင်ခြင်း” ယှဉ်တွဲနေသည့် သင်ယူမှု အခန်းကဏ္ဍနှစ်ရပ် အနက် “စိတ်သင်ခြင်း၏ အခန်းကဏ္ဍ” ကို ပညာရေး ရဲဘော်၊ ရဲဘက်များအား ဆွေးနွေး တင်ပြလို၍ ဤစာတမ်းကို ပြုစုရေးသားခြင်း ဖြစ်သည်။

နိဒါန်း
ဆရာ၊ ဆရာမများကို ပန်းပုဆရာများ၊ ဥယျာဉ်မှူးများ၊ ဓားများကို တစင်းပြီးတစင်း ထက်မြက်စေရန် သွေးပေးရင်းနှင့် လုံးပါးပါးခဲ့ရသည့် ဓားသွေး ကျောက်များ အဖြစ် လူ့အဖွဲ့အစည်းက တင်စားလေ့ရှိသည်။

ပန်းပုဆရာများ ရုပ်လုံးပေါ်စေရန် ထုဆစ်ရသည့် အရာများမှာ အသက်မရှိသည့် ရွှံ့စေးတုံးများ၊ သစ်သားတုံးများသာ ဖြစ်သည်။

ဥယျာဉ်မှူးများ စိုက်ပျိုးကြသည်မှာလည်း ဥယျာဉ်မှူးများ ပြုသမျှ နုရလှသော စကားမပြော တတ်သည့် သက်ရှိအပင်များသာ ဖြစ်သည်။ ကလေးများကို ပညာသင်ပေးရင်း ကလေးများထံမှ ပြန်လည်သင်ယူရင်း အခြေအနေအရ လိုအပ်ချက်များကို အဆက်မပြတ် ဖြည့်ဆည်းရင်း ဆောင်ရွက်နေကြရသူများဖြစ်၍ ဓားသွေးကျောက်ကဲ့သို့ လုံးပါး ပါးသွားစရာ အကြောင်းလည်း မရှိပေ။

ဆရာ ဆရာမများ၏ အခန်းကဏ္ဍမှာ သည်ထက်ပို၍ နူးညံ့သိမ်မွေ့ အနုပညာဆန်သည်။ ထင်မြင် ထားသည်ထက်ပို၍လည်း လေးနက် ခက်ခဲပါသည်။ မည်သည် အတွက်ကြောင့်နည်း။

ပညာရေးသည် လူ့အဖွဲ့အစည်း၏ နှလုံးသား၊ လူ့အဖွဲ့အစည်း၏ အသက်သွေးကြောဖြစ်သည်။

ဆရာ၊ ဆရာမများ ထိတွေ့ ကိုင်တွယ် ဆက်ဆံနေရသည့် အရာများမှာ သက်မဲ့များမဟုတ်၊ ခံစားတတ်၊ ပြောဆိုတတ်၊ သက်ရောက်မှုတိုင်း ယင်း သက်ရောက်မှုနှင့်အညီ တုံ့ပြန်တတ်သည့် အနာဂတ် လူ့အဖွဲ့အစည်း၏ ကောင်းကျိုး၊ ဆိုးကျိုးကို ဖော်ဆောင်ကြမည့် လူသားမျိုးနွယ်ဆက် ကလေးများဖြစ်သည်။ “ဆရာ၊ ဆရာမဟူသည် မိဘရင်ခွင်မှ ကျောင်းရင်ခွင်သို့ ကူးပြောင်းရောက်ရှိလာသော အလွန်တရာ အပြစ်ကင်းစင်လှသည့် လ ကလေးပေါင်းများစွာကို လူ ဖြစ်အောင် နှစ်ချောင်းငင်တတ်ပေးကြရသူများ” ဖြစ်နေခြင်း ကြောင့်ပင်။

တော်လှန်ရေးနှင့် ပညာရေး
အဟောင်းကိုဖြိုချပြီး အသစ်ဖန်တီးတည်ဆောက်ခြင်းကို တော်လှန်ရေးဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့လျှင် ဟောင်းနွမ်း ဆွေးမြေ့ပြီး လူ့အဖွဲ့အစည်းအတွက် အသုံးမဝင် အကျိုးမပြုနိုင်တော့သည့် အရာများကို ဖယ်ရှားပစ်ပြီး လူ့ အဖွဲ့အစည်းအတွက် အသုံးဝင် အကျိုးပြုနိုင်သည့် ပိုမိုသစ်လွင် ကောင်းမွန်သောအရာများကို စူးစမ်းရှာဖွေ လေ့လာ ဖန်တီး တည်ဆောက်ယူရန် ရည်ရွယ်လှုပ်ရှားဆောင်ရွက်နေသည့် ပညာရေးဖြစ်စဉ်ကို တော်လှန်ရေးတရပ် ဆင်နွှဲနေခြင်းဟု မြင်ကြည့်နိုင်ပါသည်။

တော်လှန်ရေးနှင့်ပညာရေးသည် ချဉ်းကပ်မှု နည်းနာကွဲပြားခြားနားသော်လည်း ရည်မှန်းချက် ပစ်မှတ်မှာ တခုတည်းသာဖြစ်သည်။

အဘယ်ကြောင့်နည်း။

မကောင်းသည့် အစိုးရနေရာတွင် ကောင်းမည်ထင်သည့် အစိုးရသစ်တရပ်၊ မကောင်းသည့် စနစ်ဟောင်း နေရာတွင် ပိုမိုကောင်းမွန်နိုင်သည်ဟု ယူဆရသော စနစ်သစ်တခု ဖန်တီးတည်ဆောက်ယူ၍ ရကောင်း ရနိုင်ပါလိမ့်မည်။

လူ့ အဖွဲ့အစည်းဝင် တဦးချင်းစီ၏ အဇ္ဈတ္တ အတွင်းစိတ်သဏ္ဌာန်ကို ပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ဘဲနှင့် လူ့ အဖွဲ့အစည်းဟောင်းနေရာတွင် လူ့ အဖွဲ့အစည်းသစ်တခု ဖန်တီး တည်ဆောက်နိုင်ရန် ဆိုသည်မှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ထိုသို့ လူ့အဖွဲ့အစည်းဝင် လူတဦးချင်းစီ၏ အဇ္ဇျတ္တအတွင်းစိတ်သဏ္ဌာန်ကို ပြောင်းလဲစေရန် စွမ်းဆောင် ပေးသည့်အရာမှာလည်း တခုတည်းသာရှိသည်။ ၎င်းမှာ ပညာပင်ဖြစ်သည်။ ၎င်းသည်ပင် အနုပညာ ဖြစ်သည်။ ၎င်းအရေးကို ဆောင်ရွက်ခြင်းသည်သာလျှင် ပညာရေးလုပ်ငန်းစဉ် ဖြစ်သည်။

လူ့အဖွဲ့အစည်းနှင့်ပညာရေး
အခြား လူ့အဖွဲ့အစည်းရှိ ကောင်းမွန်သော အရာတချို့ကို နည်းယူနိုင်သော်လည်း တစုံလုံးဖြစ်စေ၊ တဝက် တခြမ်းဖြစ်စေ မိတ္တူကူးယူကျင့်သုံး၍ မရသောအရာမှာ ပညာရေး ဖြစ်သည်။

ပညာရေးဟူသည် ၎င်းရှင်သန်ရာ လူ့အဖွဲ့အစည်း၏ အတိတ်ကာလမှ ဘိုးဘွားဘီဘင်တို့၏ ဖြတ်သန်းမှု အတွေ့အကြုံများမှ သင်ခန်းစာယူရခြင်း၊ ပစ္စုပ္ပန်ကာလနှင့်လျော်ညီစေရန် ဖြည့်ဆည်းမွမ်းမံ အသုံးချကြည့်ခြင်း၊ အနာဂတ်ကာလအတွက် ကြိုတင်ပြင်ဆင် လက်ဆင့်ကမ်းပေးခြင်းဖြစ်ရာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးနှင့်ယှဉ်၍ ၎င်းလူ့အဖွဲ့အစည်း၏ နိုင်ငံရေးအခြေအနေ၊ ပထဝီဝင်အနေအထား၊ သမိုင်းဆိုင်ရာ အချက်အလက်၊ ယဉ်ကျေးမှု၊ လူမှုစီးပွား စသည့် လိုအပ်ချက်၊ လိုလားချက်၊ တောင်းဆိုချက်များအရ တည်ဆောက်ယူကြရခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်းနှင့်ပညာရေးသည် နှလုံး၏ သွေးဝင်ခန်းနှင့်သွေးလွှတ်ခန်းများပမာပင် သီးခြားခွဲထွက်၍ မရှင်သန်နိုင်ပေ။ လူ့အဖွဲ့အစည်း၏ ပညာရေးကို တာဝန်ယူထားကြသူများ အနေဖြင့် မိမိတို့ လူ့အဖွဲ့အစည်း၏ အခြေအနေကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အမှန်အတိုင်း၊ အရှိအတိုင်း၊ ပကတိအတိုင်း သိရှိနားလည် သဘောပေါက် လက်ခံကြရမည် ဖြစ်ပြီး ၎င်းအခြေအနေမှ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်နိုင်ရန် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို လျစ်လျူရှု ငြင်းပယ်ထား၍လည်း မရနိုင်ပေ။

လက်ရှိ မြန်မာ့ လူ့အဖွဲ့အစည်း အခြေအနေမှာ တစုံလုံးဆိုင်ရာအတွက် ဝိုင်းဝန်းစဉ်းစား၊ ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်အဖြေရှာ၊ ပူးပေါင်းလက်တွဲ လှုပ်ရှားကြရမည့်အစား ငါ့အတွက်၊ ငါ့အုပ်စုဝင်တွေအတွက်၊ ငါ့လူမျိုးအတွက်ဟူသော ပိုင်းခြားစိတ်ဖြာတွေးတော ခွဲခြားလုပ်ဆောင်နေကြသည့် အမျိုးမျိုးသော အတ္တပေါင်းစုံကြားတွင် မျိုးချစ်စိတ်ဓာတ်၊ ပြည်နယ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ သဟဇာတရှိရှိ ညီမျှခြင်း ချမရ၊ မချနိုင် ဖြစ်နေခဲ့၊ ဖြစ်နေဆဲ။

ရာသီဥတုက နွေ မိုး ဆောင်း သမမျှတ၊ နိုင်ငံအလယ်မှာ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်ဖြာဆင်း၊ အိုင် အင်း ချောင်း မြစ်တွေ၊ ရှုမဆုံးသော ရွှေဝါရောင်စပါးခင်းတွေ၊ တောင်ယာစိုက်ခင်းတွေ၊ သဘာဝပေါက်ပင် အမျိုးမျိုး၊ ကျွန်းသစ်တောတွေ၊ မြေပေါ် မြေအောက် သယံဇာတ ကျောက်မျက် ရတနာတွေ၊ လူမျိုးကြီးရှစ်မျိုး၊ လူမျိုးငယ်ပေါင်း တရာကျော်၏ ချစ်ခင်ဖွယ် ယဉ်ကျေးမှု ဓလေ့ထုံးစံ ပေါင်းစုံ၊ ဘာသာစကားတွေ စုဆုံ၊ စာပေမျိုးစုံ၊ အလယ် မြေပြန့်ပတ်လည်၌ ကုန်းမြေမြင့် စိမ်းစိုလန်းဆန်းတဲ့ နိမ့်တုံမြင့်ချီ တောင်တန်းအသွယ်သွယ် အထပ်ထပ်က ဝန်းရံထား၊ အလွန်တရာ သာမောသည့် နေချင်စဖွယ် နိုင်ငံငယ်လေးတခု။ လက်တွေ့ဘဝတွင်မူ လွတ်လပ်ရေးရပြီးချိန်မှ စတင်၍ ဝါးမျိုခဲ့၊ ဝါးမျိုဆဲ ပြည်တွင်းစစ်မီးတောက် မီးလျှံအောက်တွင် လူမျိုးကြီး လူမျိုးငယ် အသီးသီး၏ ပန်းပေါင်းစုံ ရောင်စုံအဖူး အပွင့် အခက်ငယ်တွေ လူသား အရင်းအမြစ်ငယ်တွေ နေ့စဉ်မပြတ် လွမ်းသူ့ပန်းခွေပြုလုပ် အသုဘချခံနေရသည့် သုဿန် တစပြင်နိုင်ငံ ဖြစ်နေခဲ့ရ၊ ဖြစ်နေရဆဲ။

ငြိမ်းချမ်းရေးကို ရှေ့ရှုရာ၊ လောကပါလတရားများ၊ ဗြဟ္မစိုရ်တရားများ ထွန်းကားခဲ့ရာ ဗုဒ္ဓသာသနာ့ နယ်မြေမှာ မေတ္တာတရားတွေ ခမ်းခြောက် အဓမ္မတရားတွေ စိုပြေရင်း စိုပြေနေခဲ့၊ စိုပြေနေဆဲ။ ငွေ၊ လက်နက်၊ အာဏာရဲ့အောက်မှာ လွတ်လပ်မှု၊ မှန်ကန်မှု၊ တရားမျှတမှုတွေ ပျောက်ဆုံးခဲ့ရ၊ ပျောက်ဆုံးနေဆဲ၊ လူသားဂုဏ်ရည်၊ လူ့ဂုဏ်သိက္ခာတွေ စတေးပြီးရင်း၊ စတေးခံနေကြရ၊ ခံနေရဆဲ။

အတ္တစိတ်အခြေခံ ဖိနှိပ်သူများ၏ အကြောက်တရားမျိုးစုံ၊ အတ္တစိတ်အခြေခံ ဖိနှိပ်အုပ်ချုပ်ခံနေရသူများ၏ အကြောက်တရား အဖုံဖုံ၊ အကြောက်တရားချင်း ကွန်ယက်သဖွယ် ဆက်နွယ်လွှမ်းမိုး ချယ်လှယ်ခံနေရသည့် လူ့အဖွဲ့အစည်းတခု။ စိတ်ပိုင်းဆိုင်ရာအရ ကျောင်းတွေက ထောင်သာသာ၊ စာသင်ခန်းတွေက အချုပ်သာသာ၊ ဆရာ ဆရာမ ဘဝက ဝါဒါသာသာ။ ပညာရေးက အာဏာပိုင်အသွင်ဆောင်လာ၊ တပည့်များက ပုန်ကန်ထကြွမှုနှင့်ခေါင်းငုံ့နာခံမှု အစွန်းနှစ်ဖက်ကို ချဉ်းကပ်ရောက်ရှိသွားခဲ့ရ။ စွမ်းရည်များ ဗီဇစိတ်များ ဖျက်စီးခံခဲ့ရ။ တီထွင် ရှေ့ဆောင်နိုင်သည့် ဉာဏ်ရည် ဉာဏ်သွေးများ ဆုံးရှုံး ပျက်စီးသွားခဲ့ရ။

“အသက်မွေးဝမ်းကျောင်းပညာရေး လမ်းပြောင်းလမ်းလွှဲ အသွယ်သွယ်ခွဲပြီး ဘက်စုံပညာရေးကို ဦးတည်ဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန် အထိ လိုသလောက် ခရီးမပေါက်” ဟု အငြိမ်းစား ပညာရေး ဝန်ကြီးဦးသန်းဦးက မြန်မာ့ပညာရေးသမိုင်းကို ခြုံငုံ သုံးသပ်ခဲ့သည်။

ထိုသို့ဖြစ်ရခြင်းအကြောင်းတရားပေါင်း များစွာ ရှိခဲ့သော်လည်း အဓိကသော့ချက်မှာ “ပညာရေးလွတ်လပ်ခွင့် မရှိခြင်း၊ ဒီမိုကရေစီပညာရေး ကင်းမဲ့နေခြင်း” ပင်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ ပညာရေးသမိုင်းမှ စံနမူနာယူစရာ တစ်ခုတော့ ရှိနေပါသည်။ ၎င်းမှာ ကိုလိုနီခေတ် ကျွန်နင်းပြား ပညာရေးစနစ်အောက်မှ ပေါ်ပေါက်လာခဲ့သည့် သခင်ပညာရေးပင်။ အပြီးသတ်တိုက်ပွဲ ပါဝင် ဆင်နွှဲခွင့်မရခဲ့သည့်တိုင် နောင် လွတ်လပ်ရေးကို အရအမိယူပေးကြမည့် အမျိုးသားခေါင်းဆောင်များ၊ အမျိုးသား စစ်သည်တော် အမြောက်အများ မွေးထုတ်ပေးရာနေရာ အမျိုးသားကျောင်း၊ အမျိုးသားကျောင်းဆရာ၊ ဆရာမများ၏ အရေးပါသော အခန်းကဏ္ဍပင်။ တော်လှန်ရေးတွင် ကျောင်းပညာ သင်ကြား-သင်ယူမှု အခန်းကဏ္ဍ၏ အရေးပါမှုကို မျက်ဝါးထင်ထင် မီးမောင်းထိုးပြခဲ့ကြသည့် ပြယုဂ်တခုလိုလျှင်လည်း မှားမည်မဟုတ်ပေ။

ပညာရေးဆိုသည်မှာ ကြက်ဥလေးတလုံးကဲ့သို့ပင်။ အသွင်သဏ္ဌာန်အပြင် အကာအားဖြင့် ခေတ်နှင့် အညီပြုပြင်ပြောင်းလဲနေသည့် သင်ရိုးညွှန်းတမ်းထဲမှ တွက်စရာ၊ ဖတ်စရာ၊ လေ့လာစရာ သင်ခန်းစာများ၊ တီထွင် ဖန်တီးဖွယ်ရာ အသိပညာ၊ အတတ်ပညာများ ဝန်းရံပြင်ဆင် စီစဉ်ထားခဲ့သော်လည်း ပညာရေး၏ အနှစ်သာရ၊ ပညာရေး၏ အဖြေအစစ်အမှန်၊ ဆရာ၊ ဆရာမများ၏ သင်ကြားရေးအောင်မြင်မှု၊ ကျရှုံးမှုသည် အတွင်းက အနှစ်မှာ သာရှိသည်။

“ဘယ်လိုကလေးတွေ မွေးထုတ်ပေးခဲ့ကြပါသလဲ”
“ဘယ်လိုကလေးတွေ မွေးထုတ်ပေးလိုပါသလဲ”
“ဘယ်လိုကလေးတွေ မွေးထုတ်ပေးသင့်ပါသလဲ”
“ကျောင်းပညာရေးရဲ့ ရည်မှန်းချက်က ဘာတွေလဲ”
“ကျောင်းပညာရေးမူက ရော ဘာများပါလဲ”
“ဘာတွေ ဖြစ်သင့်တယ် ထင်ပါသလဲ”

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ
ကမ္ဘာကြီးငြိမ်းချမ်းရေး၊ ကမ္ဘာသူ ကမ္ဘာသားတိုင်း ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရေးကို လူသားတိုင်း လိုလားကြသည်မှာ အမှန်ပင်ဖြစ်သည်။ ကမ္ဘာ့စစ်ပွဲကြီးများ၏ ဒဏ်ကို ခါးသည်းစွာ ခံစားခဲ့ကြရပြီးနောက် ငြိမ်းချမ်း ရေးတေးသံများ ကမ္ဘာမြေပြင်အနှံ့ လှိုင်းတံပိုး ထခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ကမ္ဘာကြီးငြိမ်းချမ်း သာယာစိုပြေရေးကို ရှေ့ရှုလျက် အစဉ်အဆက် ကြိုးစားဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။
သို့ဖြစ်လျှင် နိုင်ငံချင်း နယ်နိမိတ်စစ်ပွဲများ၊ စီးပွားရေးစစ်ပွဲများ၊ အယူဝါဒရေးရာ စစ်ပွဲများ၊ ပြည်တွင်း စစ်ပွဲများဖြင့် ကမ္ဘာကြီးသည် ယနေ့တိုင် မည်သည့်အတွက် မငြိမ်းနိုင်၊ မချမ်းနိုင် ဖြစ်နေရပါသနည်း။ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရသူ လက်တဆုပ်စာသော လူဦးရေနှင့်နှိုင်းစာလျှင် မည်သည့်အတွက် အတိဒုက္ခရောက်နေရသူ လူဦးရေက ပို၍ပို၍ များပြားလာရပါသနည်း။

ကြီးနိုင်ငယ်ညှဉ်း နိုင်ရာစားစတမ်း တောတွင်း အရိုင်းဥပဒေသည် ပညာခေတ် ယဉ်ကျေး လှပါသည် ဆိုသော ဤကမ္ဘာ၌ အဘယ်ကြောင့် ဤမျှအထိ မြဲမြံခိုင်မာစွာ အမြစ်တွယ်နေရပါသနည်း။ နိုင်ငံချင်း၊ လူမျိုးချင်း၊ ယဉ်ကျေးမှုချင်း၊ ဘာသာတရားချင်း၊ အယူဝါဒချင်း မတူခြင်းသည် ပြဿနာ၏ အဖြေမဟုတ်ပေ။ မတူခြင်းသည်ပင် ပင်ကိုယ်အလှ ဖြစ်သည်။ အသစ်အသစ်သော အရာများ ဖြစ်ပေါ် တိုးတက် နေခြင်းဟူသမျှ မတူခြင်းများ ပေါင်းစည်းထုတ်လုပ်မှု၏ ရလာဒ်၊ အလှတရားပေါင်းစုံ စုဝေးဖွဲတည်ထားခြင်းဖြစ်ရာ မတူညီခြင်းအတွက် ပြဿနာမရှိ ပဋိပက္ခ ဖြစ်စရာမလိုပေ။

ပြဿနာများ၏ သော့ချက်မှာ ထို မတူညီခြင်းများ၏ ရှေ့တွင် ကပ်စွဲနေသော အရာဖြစ်သည်။ ငါ့နိုင်ငံ-သူ့နိုင်ငံ၊ ငါ့လူမျိုး-သူ့လူမျိုး၊ ငါ့ယဉ်ကျေးမှု-သူ့ယဉ်ကျေးမှု၊ ငါ့ဘာသာ-သူ့ဘာသာ၊ ငါ့အယူဝါဒ-သူ့အယူဝါဒ၊ ငါနှင့်သူအကြား ပြဿနာပင် ဖြစ်သည်။ အရိုးရှင်းဆုံး ဆိုရလျှင် “ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့အယူဝါဒ အတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရော” စိတ်အစုအပေါင်း ပယောဂပင် ဖြစ်သည်။

ထိုစိတ်အစုအပေါင်းတို့၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် ကမ္ဘာ့စစ်ပွဲများ၏ အနိဋ္ဌာရုံ ဆိုးကျိုးများကမူ မျက်နှာမလိုက်၊ ငါ့နိုင်ငံ-သူ့နိုင်ငံ၊ ငါ့လူမျိုး-သူ့လူမျိုး ဟူ၍ ငါနှင့်သူခွဲခြားနေခြင်း၊ ဘက်လိုက်ခြင်း မရှိ၊ လူသားမှန်သမျှအား နင့်နင့်သည်းသည်း ကြေကြေကွဲကွဲ ခံစားသွားစေ နိုင်စွမ်းသည့် လက်ဆောင်ကိုသာ တပြေးညီတည်း ပြန်ပေးခဲ့သည်။ အသက်ပေါင်း သိန်းသန်းမက သေကြေပျက်စီးခဲ့ရသည်။ လူပေါင်းများစွာ ကိုယ်လက်အင်္ဂါချို့ယွင်းပြီး လူစဉ်မမှီသော ဘဝများသို့ တွန်းပို့ပေးခဲ့သည်။ ကလေးငယ်ပေါင်းများစွာ မိမဲ့ဖမဲ့ဘဝ ရောက်ကြရသည်။ လင်တကွဲ မယားတကွဲ၊ သားတကွဲ သမီးတကွဲ မိသားစု မျက်ရည်မိုးများ ရွာသွန်းစေသည်။ သွေးချောင်း စီးဆင်းစေသည်။ မည်သည့် လူသားသည် ဤသည်များကို အလိုရှိပါသနည်း။

ဤနိုင်ငံတွင်နေ၊ ဤရေကိုသောက်၊ ဤမြေမှပေါက်သည့် အသီးကိုစားသုံးပြီး ကြီးပြင်းရှင်သန်လာရသူတိုင်း ဤနိုင်ငံ၊ ဤလူမျိုး၏ ကျောင်းကျိုး အတွက် ဆောင်ရွက်ကြရမည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အခြားနိုင်ငံ၊ အခြားလူမျိုးများသည်လည်း ကမ္ဘာအိမ်ထောင်စုကြီး တခုတည်းမှ ဆင်းသက်လာကြသည့် မိမိတို့၏ သားချင်း လူသားမျိုးနွယ်များဖြစ်သည်ကို မမေ့မလျော့ နှလုံးသွင်းနိုင်ကြမည်ဆိုပါလျှင် ကမ္ဘာကြီး အမှန်တကယ် ငြိမ်းချမ်းလာနိုင်ဖွယ်ရှိပါသည်။

သဘာဝလောကကြီးသည် လူသားအားလုံးတန်းတူညီမျှ အကျိုးခံစားခွင့်၊ ရှင်သန်ခွင့်ရရှိနိုင်ရန်၊ မြေပေါ် မြေအောက် သယံဇာတ အရင်းအမြစ် အစာကွင်းဆက်ဂေဟစနစ်ကို ဖွဲ့တည်၍ အချိုးညီ စည်းချက်ကျကျ လည်ပတ်ပေးစေခဲ့သည်။ အကယ်၍ လူသားတိုင်းသည် ရနိုင်သလောက်မယူပဲ ရသင့်သလောက်သာယူခဲ့လျှင်၊ ရသင့်သလောက်ထဲမှ လိုအပ်သလောက်သာယူခဲ့လျှင် ကမ္ဘာသူကမ္ဘာသားအားလုံး တန်းတူညီမျှ ပျော်ရွင် ချမ်းမြေ့စွာ နေနိုင်ကြပါလိမ့်မည်။

ဤကဲ့သို့ လူသားတယောက် အခြေခံထားရှိသင့်သည့် စိတ်နေစိတ်ဓာတ်များ ရင်ထဲသန္ဓေတည်နိုင်စေရန် ပျိုးထောင်ပေးရေးမှာ အချိန်ကာလ သတ်မှတ်ချက်ဖြင့် လုပ်ဆောင်ရသော သင်တန်းအတို-အရှည်များက တတ်စွမ်းနိုင်သည့် အရာများ မဟုတ်ပေ။ လူ့ဘဝသက်တမ်း၏ သုံးပုံတပုံ၊ ကလေးငယ်များ၏ အချိန်နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားရာ မိသားစုနှင့် စာသင်ကျောင်းများ၏ ၀တ္တရားပင် ဖြစ်သည်။

တကယ်က ...
ကမ္ဘာသူ ကမ္ဘာသားအားလုံး ညီအကို မောင်နှမတွေပါ ... ။

ပျိုးထောင်ပေးသင့်သော ရည်မှန်းချက်များ
၁။ မိမိကိုယ်ကို တန်ဖိုးထားလေးစားတတ်၍ သူတပါးတို့အား တန်ဖိုးထားလေးစားတတ်စေရန်။
၂။ မှန်ကန်မှုနှင့်တရားမျှတမှုကို မြတ်နိုးတတ် ကာကွယ်စောင့်ရှောက်တတ်စေရန်။
၃။ လူမျိုးဘာသာ ဆင်းရဲချမ်းသာမခွဲခြားပဲ လူသားအချင်းချင်း မေတ္တာစိတ်အခြေခံ၊ ကိုယ်ချင်းစာစိတ် အခြေခံဖြင့် ဆက်ဆံတတ်စေရန်။
၎။ အခွင့်အရေးနှင့်တာဝန်ယူလိုစိတ် တွဲဖက်နေမှုကို နားလည်သဘောပေါက်ပြီး မိမိအစွမ်းအစကို မိမိယုံကြည်၍ မိမိကိုယ်ကို မိမိအားကိုးတတ်စေရန်။
၅။ မိမိ လူ့အဖွဲ့အစည်းတွင် တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲ ပြဿနာများကို ပါဝင်ကူညီ ဖြေရှင်းပေးနိုင်သော ကျန်းမာ ကြံ့ခိုင်သန်စွမ်း၍ ဝေဖန်ပိုင်းခြားတတ်၊ တီထွင်ဖန်တီးတတ်သော နိုင်ငံသားများ ဖြစ်လာစေရန်။
၆။ ဗီဇစွမ်းရည်၊ အခြေခံ မိမိစိတ်ဝင်စားရာ၊ ဝါသနာပါရာ အသိပညာ၊ အတတ်ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုစိတ် အခြေခံများ ရရှိနိုင်စေရန်။

အရေးပါသော အခန်းကဏ္ဍ ၃ ရပ်
၁။ မိဘများ၏ ပြုစုပျိုးထောင်မှု အခန်းကဏ္ဍ
၂။ ဆရာ၊ဆရာမများ၏ လမ်းညွှန်ကူညီမှု အခန်းကဏ္ဍ
၃။ ကျောင်းသား၊ကျောင်းသူများ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ
၁။ မိဘများ၏ ပြုစုပျိုးထောင်မှု အခန်းကဏ္ဍ

ကျောင်းစာသင်ခန်းအတွင်း ကလေးငယ်များ၏ အပြောအဆို၊ အပြုအမူ၊ စိတ်နေစိတ်ထား၊ ဗီဇစွမ်းရည်အမျိုးမျိုး စသည်ဖြင့် တစုံတရာ ထူးခြားမှုရှိနေ၍ဖြစ်စေ၊ ပြဿနာတွေ့နေ၍ဖြစ်စေ ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းကို လေ့လာ စုံစမ်းကြည့်လျှင် မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့်မိဘများ၏ သားသမီးများအပေါ် ပြုမူဆက်ဆံနည်းများမှာပင် ထို ထူးခြားမှု ပြဿနာ၏ အဖြေကို တွေ့ရလေ့ရှိသည်။
အကြောင်းမှာ သင်ကြား-သင်ယူမှုလုပ်ငန်းစဉ်သည် ကျောင်းရောက်မှ စတင်ခဲ့ရသည့် အရာမဟုတ်၊ ပုခက်တွင်းမှစ၍ မြေကြီးထဲရောက်မှ ဆုံးသည်ဖြစ်ရာ မိဘ၊ မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းသည် ကလေးငယ်များ၏ မြင်ဆရာ၊ ကြားဆရာ၊ လက်တွေ့ စံပြ လက်ဦးဆရာများ ဖြစ်နေခြင်း ကြောင့်ပင်ဖြစ်သည်။

စိတ်ပညာရှင်ဒိုင်ယာနာဗျူးမရင်း (Diana Baumarind)သည် မိဘများ၏ ကလေးများအပေါ် ပြုစုပျိုးထောင်ပုံ နည်းစနစ်နှင့်၎င်းကလေးများ ကျောင်းတက်ရောက်မှု အခြေအနေများကို ဆက်စပ် သုတေသနပြု လေ့လာခဲ့ရာ ကလေးပြုစုပျိုးထောင်နည်း ၃ မျိုး ခွဲခြားထားခဲ့သည်။

၁။ အလိုလိုက်လွန်သော (သို့မဟုတ)် အရေးမစိုက်ပဲ ပစ်ထားသော မိဘမျိုး (Permissive parents)
ချမ်းသာပြီး ပြည့်စုံသော မိဘများကကလေးကို ချစ်လွန်း၍ အလိုလိုက်ခြင်း၊
ဆင်းရဲပြီး မပြည့်စုံသော မိဘများကကလေးကို အရေးမစိုက်နိုင်ပဲ ပစ်ထားခြင်း၊
ကလေး ဘာပဲလုပ်လုပ် တားဆီးပိတ်ပင်ခြင်းမရှိ ခွင့်ပြုထားခြင်း၊ စည်းကမ်းချမှတ်ထားခြင်း မရှိခြင်း၊ မှားယွင်းသော အပြုအမူ ပြုလုပ်သည့်တိုင် ဆိုဆုံးမခြင်း၊ အပြစ်ပေးခြင်းမရှိ၊ အလိုလိုက်လွန်းခြင်း (သို့မဟုတ်) အရေးမစိုက်နိုင်ခြင်းမျိုးဖြစ်သည်။ ထိုသို့ အလိုလိုက်ခံရ၊ အရေးမစိုက်ဘဲ ပစ်ပယ်ခံရသည့် ကလေးများသည် အကောင်း အဆိုး၊ အမှား အမှန် စသည်ဖြင့် သတ်မှတ်ထားသည့် သတ်မှတ်စံများကို သင်ယူခြင်းမရှိဘဲ နားမလည်စွာ ကြီးပြင်းလာခဲ့ကြရသည်။

၎င်းကလေးများသည် စာသင်ကျောင်းရောက်သည့်အခါ ပညာထူးချွန်မှုလည်းမရှိ၊ မိမိကိုယ်မိမိ ယုံကြည်မှုလည်း အားနည်းသလို ဘဝမှာ တိုးတက်အောင်မြင်လိုသည့် ဦးတည်ချက်လည်း မရှိတာကို လေ့လာတွေ့ရှိရသည်။

၂။အာဏာရှင်ဆန်လွန်းသော အမိန့်ပေးလွန်းသော မိဘမျိုး (Authoritarian parents)
ကလေးများကို တင်းကြပ်လွန်းသည့် စည်းကမ်းများထုတ်ပြီး ၎င်းစည်းကမ်းများကို မလိုက်နာပါက ရက်ရက်စက်စက်ရိုက်နှက်အပြစ်ပေးခြင်း၊ ကလေးက အသေးအဖွဲ အပြစ်ကလေးလုပ်မိလျှင်ပင် အော်ငေါက် ကြိမ်းမောင်းခြင်း၊ ခွင့်လွှတ်သည်းခံခြင်းမရှိဘဲ အပြစ်ဒဏ်ပေးခြင်း၊ ကလေးကို ချုပ်ချယ်ထားလွန်းခြင်းမျိုး ဖြစ်သည်။ ထိုသို့ဖြစ်ပါများလာသောအခါ အရိုက်ခံရသည့် ဒဏ်ရာပျောက်သွားသော်လည်း မသိစိတ်တွင် စိတ်ဒဏ်ရာများထပ်လာကာ အိမ်မှာမပျော်၊ အိမ်ပြင်မှာ ပျော်သလိုနေ စိတ်လေလာပြီး ဆိုးသွမ်းလာတော့သည်။ မိဘများက ၎င်းအား မချစ်ဟု စွဲထင်လာသည့် အတွက် မိဘနဲ့ကလေး နီးရက်နဲ့ဝေးကာ မိဘမကြိုက်သည်များကိုမှ ရွဲ့လုပ်လာတတ်သည်။ မိဘဆီက မေတ္တာမရဘဲ ရိုက်နှက်မှုများသာရသည့် အတွက် အပြင်လောကရောက်လာသောအခါ အခြားလူများနှင့်မဆက်ဆံပဲ ရှောင်ဖယ်နေတတ်ခြင်း၊ ရန်လိုတတ်ခြင်း၊ ကိုယ်ချင်းစာစိတ်မရှိခြင်း၊ မိမိကိုယ်ကို အလေးအမြတ်မထားခြင်း (Self-esteem) မရှိခြင်း၊ စသည့် အကျိုးဆက်များသာ ရရှိသွားခဲ့သည်။
၎င်းကလေးများ ကျောင်းသို့ရောက်သည့် အခါ၌လည်း ကျောင်းမှာ အမြဲတမ်း ပြဿနာဖြစ်သည့် ကလေးမျိုး(problem child)များ ဖြစ်တတ်ပြီး ကျောင်းစာကိုလည်း စိတ်မဝင်စားသလို၊ အောင်မြင်ထမြောက်မှုလည်း မလိုချင်၊ တခြားလူများနှင့် ဆက်ဆံရေးလည်း မပြေလည်ပဲ ရှောင်ဖယ်နေတတ်သည်။ အထူးသဖြင့် ယောင်္ကျား လေးများမှာ အိမ်ပြေး၊ ကျောင်းပြေးဘဝရောက်၍ ဆိုးသွမ်းသူငယ်များ ဖြစ်သွားသည်ကို တွေ့ရှိရသည်။

၃။ ပိုင်နိုင်ပြီး သြဇာညောင်းသော မိဘမျိုး (Authritative parents)
ကလေးကိုနွေးထွေးသော ချစ်ခြင်းမေတ္တာများကိုပေးသလို တချိန်တည်းမှာပင် သင့်တော်သည့် အပြုအမူ လုပ်နေရင် အားပေးချီးမွမ်းခြင်း၊ မကောင်းတဲ့ အပြုအမူမျိုးလုပ်လျှင်လည်း ရိုက်နှက် အပြစ်ပေးခြင်းမရှိ၊ နားလည် အောင်အေးအေးဆေးဆေး ရှင်းပြခြင်းမျိုး ဖြစ်သည်။ ဥပမာအားဖြင့် ကလေးသည် ကျောင်းစာအပြင် ဂီတ၊ အနုပညာ၊ အားကစား စသည်များကို ဝါသနာပါက သင်တန်းတက်ခိုင်ခြင်း၊ အားပေး တိုက်တွန်းခြင်း ပြုလုပ်ခြင်း ဖြစ်သည်။ သင့်တော်သည့် စည်းကမ်းချမှတ်ပြီး စည်းကမ်းဖောက်၍ အပြစ်ပေးလျှင်လည်း ဘာကြောင့်ပေးသည် ဆိုသည်ကို ရှင်းပြသလို ကလေးကိုယ်ပိုင် ဆုံးဖြတ် လုပ်ပိုင်ခွင့်ကိုလည်း လွတ်လပ်စွာပေးထားသည်။

၎င်းကလေးများသည် ကိုယ်ကိုယ်တိုင်နွေးထွေးသည့် ချစ်ခြင်းမေတ္တာကိုရရှိသည့်အတွက် အခြားလူများ အပေါ်မှာလည်း ပြန်ပေးတတ်ခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ မိဘအပေါ် အမြဲတမ်း မှီခိုမှုမရှိဘဲ ကိုယ့်အား ကိုယ်ကိုးခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု(self-confidence) ရှိခြင်း၊ တာဝန်သိတတ်မှုရှိခြင်းစသည့် ကောင်းမွန်သည့် ကိုယ်ရည်ကိုယ်သွေးများကို ရရှိပိုင်ဆိုင်သွားသည်။

၎င်းကလေးများ စာသင်ကျောင်းရောက်သည့် အခါ မိမိကိုယ်မိမိ အလေးအမြတ်ထားခြင်း (Self-esteem) စိတ်တည်ငြိမ် ရင့်ကျက်ခြင်း (Maturity)၊ စည်းကမ်းလိုက်နာခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊ အောင်မြင်ထူးချွန်လိုစိတ်ရှိခြင်းစတဲ့ ကိုယ်ရည်ကိုယ်သွေးများ ပိုင်ဆိုင်ကြသည့် အတွက် ထူးချွန်အောင်မြင်သူ (Superior) ဘဝကို ရောက်ရှိသွားကြတာ လေ့လာ တွေ့ရှိခဲ့ရပါသည်။
ထိုသုတေသနတွေ့ရှိချက် အရ မိဘများ၏ သားသမီးများအပေါ် ပြုမူဆက်ဆံပုံ (သို့မဟုတ်) ပြုစုပျိုးထောင်သည့် နည်းနာများသည် ငယ်ရွယ် နုနယ်လွန်းသည့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ် သွေးတိုးတက်မှု၊ ဆုတ်ယုတ်မှု အမျိုးမျိုးကို ပုံဖော် ပြဌာန်းနိုင်သည် အထိ လွှမ်းမိုးကြီးစိုးလျက်ရှိနေရာ မိဘများ၏ အရေးပါသော အခန်းကဏ္ဍကို မိဘများကိုယ်တိုင် သိရှိနားလည် သဘောပေါက်အောင် ပြုလုပ်ပေးရေးသည် လူ့အဖွဲ့အစည်း၏ ပထမဆုံး လိုအပ်ချက် ဖြစ်လာခဲ့သည်။

ကလေးစိတ်ပညာကဏ္ဍ၌ ကလေးများ၏စိတ်ပိုင်းဆိုင်ရာ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် သင်ယူနိုင်စွမ်း အဆင့်ဆင့်ကို မွေးစ မှ ၂ နှစ်၊ ၂နှစ်မှ ၅နှစ်၊ ၅နှစ်မှ ၇နှစ်၊ ၇နှစ်မှ ၉နှစ်၊ ၉နှစ်မှ ၁၁နှစ်၊ ၁၁နှစ်မှ ၁၃နှစ်၊ ၁၃နှစ်မှ ၁၅နှစ်၊ ၁၅နှစ်မှ ၁၈နှစ် အထိ အဆင့်ဆင့်ပိုင်းခြား ပြဌာန်းရာ ဆရာ၊ ဆရာမများကို ၎င်းတို့ သင်ကြားရသည့် ကလေးများ၏ အသက်အရွယ်အလိုက် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ သင်ယူနိုင်မှု အဆင့်ဆင့်ကို ဆွေးနွေးပို့ချ လေ့လာစေခြင်း၊ ထိုဆရာ၊ ဆရာမများမှ တဆင့် ၎င်းတို့ သင်ကြားနေသော ကလေးများ၏ မိဘများကို တလတကြိမ်ဖြစ်စေ၊ သုံးလ တကြိမ်ဖြစ်စေ ပြန်လည်ပို့ချ ဆွေးနွေးလေ့လာစေခြင်း၊ ကလေးများ၏ အခြေအနေကို အပြန်အလှန် တင်ပြ ဆွေးနွေးခြင်းများကို ကျောင်းပညာရေး ၏ လုပ်ငန်းတာဝန် တရပ်အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဆောင်ရွက်ကြမည်ဆိုလျှင် မိဘဆရာ ပူးပေါင်း ကလေးကိုယ်ရည်ကိုယ်သွေး ပိုကောင်း ဖြစ်လာပါလိမ့်မည်။ ဆရာ၊ ဆရာမများသည် ကလေးများအတွက်သာမက လူ့အဖွဲ့အစည်းအတွက်လည်း အမှန်စင်စစ် စံနမူနာပြ Organizer များ Leader များပင် ဖြစ်သည်။

၂။ဆရာ၊ ဆရာမများ၏ လမ်းညွှန် ကူညီမှု အခန်းကဏ္ဍ
လက်ဦးဆရာမိဘပြီးလျှင် ကလေးများအတွက် ဒုတိယ အရေးအပါဆုံးမှာ ဆရာ၊ ဆရာမများပင် ဖြစ်သည်။ “ဟင့်အင်း ဆရာမက ဒီလိုလုပ်တာ မဟုတ်ဘူး၊ ဒီလိုလုပ်တာ။ ဒီလိုရေးတာ။ ဒီလိုပြောတယ်။” ဟူ၍ ဆရာ၊ ဆရာမမှ တပါး အခြားမရှိဟု ဆိုရလောက်အောင် မိဘထက်ပင် ဆရာ၊ ဆရာမ အပေါ် အလေးထား ယုံကြည်ကိုးစားတတ်သော ကလေးများကို ကြုံတွေ့ ဖူးကြပါလိမ့်မည်။ ဆရာ့ကျေးဇူး ခေါင်းစဉ်ဖြင့် စာစီကုံးရာ၌ ဆယ်တန်းကျောင်းသူ တဦးက “ကျွန်မ တို့သည် ၁၂ နှစ် လုံးလုံး ဆရာ၊ ဆရာမများနှင့်သာ အတူနေချိန်များသောကြောင့် စာသင်ခြင်းကို ဆရာ၊ ဆရာမများနှင့်အတူ ကမ္ဘာကြီးအနှံ့ လှည့်ပတ် ကြည့်ရှုနေရသကဲ့သို့ပင် ခံစားမိပါသည်” ဟု ရေးသားခဲ့သည်။ ဤသည်ကို ကြည့်လျှင် ဆရာ၊ ဆရာမများ၏ ကဏ္ဍ အရေးပါမှုကို ဆရာ၊ ဆရာမများကိုယ်တိုင် နားလည် သဘောပေါက်နိုင်ပါသည်။

သင်ယူမှု ကဏ္ဍနှစ်မျိုးအနက် နည်းပညာ မဖွံ့ဖြိုးခင် ကျောင်းပညာရေး၏ လုပ်ငန်းမှာ သဘာဝ လောကကြီးနှင့် ပတ်သက်သော အကြောင်းအရာများ ကို လက်ဆင့်ကမ်းအသိပေးခြင်း၊ ကျက်မှတ် အာဂုံဆောင်စေခြင်း၊ စာမေးပွဲစနစ်များ သတ်မှတ်၍ အသိအများဆုံးလူအား လူတော်အဖြစ် အရည်အချင်းသတ်မှတ်ပေးခြင်း စသည်ဖြင့် စာသင်ခြင်းကဏ္ဍကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ကြသည်။

နည်းပညာဖွံ့ဖြိုး၍ နေရာ၊ ဒေသ၊ ကာလ မရွေး အကြောင်းအရာ အချက်အလက်များ ရရှိနိုင်သည့် ယခုခေတ်၌ ကျောင်းပညာရေး၏ လုပ်ငန်းမှာ ရရှိလာသော အကြောင်းအရာ အချက်အလက်များကို လေ့လာ၊ ခွဲခြမ်းစိတ်ဖြာ၊ သုံးသပ် ဆင်ခြင်၊ ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ် အဖြေရှာ၊ အမှား အမှန် ခွဲခြား၊ အသုံးဝင်-မဝင် စဉ်းစား၊ ကိုယ်ပိုင်ဆုံးဖြတ်၊ ရပ်တည်ချက်ရှာ၊ အသိပညာအသစ် နားလည်မှုအသစ် ဖန်တီး၊ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အပြောအဆို ကိုယ်ပိုင်အပြုအမူများ အဖြစ် ပြောင်းလဲ တည်ဆောက်ယူသော စိတ်သင်ခြင်းကဏ္ဍသည်ပို၍ လိုအပ် အရေးပါလာခဲ့သည်။
နည်းပညာ ဖွံ့ဖြိုးမှု ပိုမို လျင်မြန်လာသည်နှင့် အမျှ သတင်းအချက်အလက် အကြောင်းအရာများလည်း အချိန်နှင့်အမျှပြောင်းလဲ ရှုပ်ထွေးလာခဲ့ရာ သင်ယူသူများ အနေဖြင့် ပုံနှိပ်စာအုပ်ထဲမှ သင်ခန်းစာလောက်ဖြင့် မလုံလောက်သကဲ့သို့ သင်ကြားသူများအတွက်လည်း ရရှိထားသည့် ဘွဲ့များနှင့်မလုံလောက်တော့ပေ။ လိုအပ်ချက်များကို အဆက်မပြတ် ဖြည့်ဆည်းရန် သင်ကြားသူများသည် self-study လုပ်ရန် လိုအပ်လာပြီး သင်ခန်းစာနှင့် မိမိအတွေ့အကြုံ သင်ခန်းစာနှင့် လက်ရှိ လူ့အဖွဲ့အစည်း အခြေအနေ ဆက်စပ်နှိုင်းယှဉ် ဆွေးနွေးသင်ပြခြင်းဖြင့် သင်ယူသူကိုယ်တိုင် self-cultivation (မိမိ ကိုယ်တိုင် ပြုစုပျိုးထောင်ခြင်း) လုပ်နိုင်ရန် လမ်းညွှန် ကူညီသူများ ဖြစ်လာသည်။

ယင်းအခြေအနေအရ ဆရာ၊ ဆရာမဟူသည် အရာအားလုံးကို သိနိုင်သူများ မဖြစ်နိုင်တော့၍ ဆရာသည် သင်ကြားသူ သက်သက် မဟုတ်တော့ သလို တပည့်များသည်လည်း သင်ကြားခံသက်သက် မဟုတ်တော့ပေ။ ဝါသနာပါရာ၊ စိတ်ဝင်စားရာ၊ ပုဂ္ဂလစွမ်းရည်၊ ဗီဇစွမ်းရည်၊ အရင်းအမြစ်များ ကို တူးဆွပေးသူ၊ စဉ်ဆက်မပြတ်လေ့လာလို စိတ်အခြေခံများကို လှုံ့ဆော် မောင်းနှင်ပေးသူ၊ လောကသဘာဝ၊ လောကနိယာမ၊ လူ့အဖွဲ့အစည်း အတွင်း ဖြစ်-ပျက် ပြောင်းလဲနေသည့် ဖြစ်စဉ်များအကြား ဆရာနှင့်တပည့် ပူးပေါင်းလက်တွဲရင်း ရှင်သန်ခြင်း၏ အဓိပ္ပာယ်ကို ရှာဖွေနေသူများ ဖြစ်လာကြသည်။ ဤသည်ပင် လူသားဆန်သော ပညာရေး သင်ယူမှု လုပ်ငန်းစဉ် ပြန်လည် စတင် လမ်းပွင့်သွားခဲ့ခြင်း ဖြစ်သည်။

စိတ်ဝင်စားရာ၊ ဝါသနာပါရာကို ရွေးချယ်သင်ယူ လေ့လာခွင့် ရရှိခြင်းသည် လူသားတစ်ယောက်၏ စွမ်းဆောင်ရည်များကို အစွမ်းကုန် ပွင့်လန်းလာ စေနိုင်သည့် မောင်နှင်အား မြေသြဇာပင်ဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး အစွမ်းကုန် ဖွံ့ဖြိုး တိုးတက်နိုင်ရေး၏ အခြေခံယူနစ်များလည်းဖြစ်သည်။ မိမိလူ့အဖွဲ့အစည်း၏ အခြေအနေမှန်ကို မျက်ခြေမပြတ် စောင့်ကြည့် လေ့လာနေခြင်း၊ အကြောင်း-အကျိုး၊ အကောင်း-အဆိုး၊ အမှား-အမှန်တွေကို ဝေဖန်ဆန်းစစ်ခြင်း၊ အမှန်တရားဖက်မှ ရပ်တည်လိုခြင်း၊ တရားမျှတမှုကို မြတ်နိုးခြင်း၊ ဆုံးဖြတ်ချက် ချနိုင်ခြင်း၊ လက်တွေ့ အသုံးဝင်အောင် ကြိုးစား ကြည့်ခြင်း၊ လူ့အဖွဲ့အစည်းအကျိုးကို လိုလားခြင်း စသည့် အရာများသည် စိတ်သင်ခြင်းကဏ္ဍ၏ အရေးပါသော လူသားတစ်ယောက် ထားရှိရမည့် စိတ်နေစိတ်ထား အပြုအမူများပင် ဖြစ်ကြသည်။

မိမိကိုယ် မိမိပင် တန်ဘိုးထား လေးစားမှု မရှိသူသည် မိမိကိုယ်ကိုရော သူတပါး၏ ဘဝကိုပါ ဖျက်စီးပစ်လိုက်ရန် ဝန်မလေးတတ်ပေ။ ဗီဇစွမ်းရည်၊ ပုဂ္ဂလစွမ်းရည် ကိုယ်စီကိုယ်ငှကို ထုတ်ဖော် ပြသခွင့် ရရှိခြင်းသည် လူသားအား ပိုမိုကောင်းမွန်သည်ထက် ကောင်းမွန်လာအောင် အကြိမ်ကြိမ် အဖန်ဖန် ကြိုးပမ်းဆောင်ရွက်ရန် လမ်းဖွင့်ပေးခဲ့သည်။ ထိုမှတဆင့် မိမိကိုယ်မိမိ ယုံကြည်မှု၊ မိမိကိုယ်မိမိ အားကိုးမှုတို့ကို ဖြစ်ပေါ်စေနိုင်သည်။ မိမိ အစွမ်းအစကို မိမိဘာသာ ယုံကြည် အားကိုးတတ်သည်နှင့် အမျှ မိမိ၏တန်ဖိုးကို မိမိဘာသာ သိမြင်နားလည်လာကာ မိမိကိုယ်မိမိ တန်ဘိုးထား လေးစားမှု ဖြစ်တည်လာခဲ့သည်။ မိမိကိုယ်ကို တန်ဖိုးထားသူသည် မိမိဘဝ မပျက်စီးအောင် မိမိဘာသာ စောင့်ရှောက် တာဝန်ယူနိုင်သည်နှင့် တပြိုင်နက် သူတပါး၏ တန်ဖိုးကိုလည်း ကြည့်မြင် နားလည်တတ်၊ ကိုယ်ချင်းစာနာတတ်ရုံမက အပြန်အလှန် နားလည်မှုများလည်း ဖြစ်ထွန်းလာခဲ့သည်။

မိမိကိုယ်မိမိ တန်ဖိုးထား လေးစားတတ်သူသည် အနည်းဆုံး မိမိအတွက် မိမိ ကိုယ်၊ နှုတ်၊ နှလုံး (ကာယကံ၊ ဝစီကံ၊ မနောကံ) သုံးပါးစလုံး ရိုးသားမှုရှိရန် လိုအပ်ပါသည်။ ရိုးသားဖြောင့်မတ်မှု အခြေခံမှန်မှသာ မှန်သည်၊ မှားသည်၊ တရားသည်၊ မတရားသည်ကို ခွဲခြား သိမြင် နားလည်နိုင်သည်။ မရိုးသားမှု၊ လိမ်ညာမှုသည် အမှားကို အမှန်၊ အမှန်ကို အမှား၊ တရားကို မတရား၊ မတရားကို တရား လုပ်ခြင်းဖြစ်ရာ လူ့အဖွဲ့အစည်းအကျိုး လိုလားသော ကောင်းမှုကို မြတ်နိုးသော စိတ်သည် ရိုးသားဖြောင့်မတ်မှု၌သာ သန္ဓေတည်နိုင်လေသည်။ ၎င်းသည် စိတ်သင်ခြင်းကဏ္ဍ၏ အခြေခံ အကျဆုံး အချက်တခုလည်း ဖြစ်သည်။

ထို့ကြောင့်လည်း မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို ငယ်ရွယ်နုနယ်စဉ်ကတည်းက နှလုံးသွင်းနိုင်စေရန် ရိုးသားမှု၏ ကောင်းကျိုး၊ လိမ်လည် ကောက်ကျစ်ခြင်း၏ ဆိုးကျိုး၊ ကောင်းတာလုပ်၍ ကောင်းကျိုးရခြင်း၊ မကောင်း တာလုပ်၍ ဆိုးကျိုး ရခြင်း၊ ကိုယ် နှုတ် နှလုံးသုံးပါးဖြင့် သူတပါးမကောင်းကြံ၍ ကိုယ်သာခံရသည့် ပုံပြင်ကလေးများသည် ပုံသဏ္ဍာန်အမျိုးမျိုး နှင့်ရှိနေကြပြီး မရိုးနိုင်သော ညအိပ်ယာဝင် ပုံပြင်လေးများလည်း ဖြစ်ကြသည်။ ထိုမှတဆင့် အသက်အရွယ်နှင့် အတန်းလိုက် ကျောင်းသင်ခန်းစာများတွင် ကဗျာ၊ စကားပြေ၊ ဆောင်းပါး အသွင်သဏ္ဍာန် မျိုးစုံဖြင့် အကျယ်ချဲ့၍ လမ်းညွှန် ပြသခဲ့ကြသည်။ ကျောင်းပညာရေးမှ စိတ်သင်ခြင်းကဏ္ဍသည် ထိုလမ်းညွှန် ဖော်ပြချက်များကို ကဗျာရွတ်ဆိုတတ်ရုံ၊ ကြက်တူရွေးနှုတ်တိုက်ရနေရုံ၊ ရေးတတ် ဖတ်တတ်ရုံ သင်ကြားပေးဖို့ မဟုတ်ပေ။ မှန်တာတွေး၊ မှန်တာပြော၊ မှန်တာလုပ် တတ်အောင်၊ ကောင်းတာတွေး၊ ကောင်းတာပြော၊ ကောင်းတာလုပ်တတ်အောင် လေ့ကျင့် ပျိုးထောင်ပေးကြရန် ဖြစ်သည်။

မှန်ကန်မှုနှင့် တရားမျှတမှုကို မြတ်နိုးသည့်စိတ်၊ ပတ်ဝန်းကျင်ကို လေ့လာ စူးစမ်းလိုစိတ်သည် မိမိဘဝ အခြေအနေမှန်ကို သိမြင် နားလည်စေရုံ သာမက မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းကိုလည်း သိမြင်နားလည်လာအောင် နှိုးဆွပေးရာ မိမိ နေထိုင်ရာ ပတ်ဝန်းကျင်ကို တိုးတက်ပြောင်းလဲ ပစ်ချင်သည့်စိတ်၊ လူ့အဖွဲ့အစည်းကြီးတခုလုံးကို ပြောင်းပြန်လှန်ပစ်လိုစိတ်များ ကြီးမားလာသည်နှင့် အမျှ မိမိကိုယ်ကျင့်တရားကို မိမိဘာသာ ကောင်းမွန်အောင် ထိန်းသိမ်းရင်း၊ တခြားသူများ၏ အခက်အခဲ အကြပ်အတည်းများကို ကူညီဖြေရှင်းပေးရင်း မြင့်မြတ်သည့် လူ့ဘဝကို တည်ဆောက်လိုစိတ်များ မွေးဖွားလာမည်ဖြစ်သည်။

စိတ်သင်ခြင်းကဏ္ဍတွင် အအောင်မြင်ဆုံး နည်းလမ်းမှာ ရှင်းလင်းလှသည်။ လမ်းညွှန်ကူညီသူ မိဘ၊ ဆရာ၊ ဆရာမများသည် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး၌ ကလေးငယ်များ အတုယူနိုင်ကြစေရန်၊ စာတွေ့သာမက-လက်တွေ့ပြသူများ၊ အပြောနှင့်မဟုတ်-အလုပ်ဖြင့် ပြသူများ ဖြစ်ကြရန်ပင်တည်း။

ဤသည်မှာ ခေတ်တွေ၊ နည်းပညာတွေ ဘယ်လောက်ပြောင်းနေပါစေ၊ ကွန်ပြူတာ၊ အင်တာနက်များက သင်ကြား ပေးနိုင်စွမ်းမရှိသည့် လူသားမျိုးနွယ် ဆရာ ဆရာမများကသာ စွမ်းဆောင်ပေးနိုင်သည့် အရာဟု ဂုဏ်ယူဝင့်ကြွားစွာ ဆိုလျှင်လည်း မှားမည် မထင်ပေ။

၃။ကျောင်းသူ၊ ကျောင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ
ဆရာ၊ ဆရာမများသည် ကလေးများ သင်ခန်းစာများကို မိမိဘာသာ မိမိ လေ့လာသင်ယူမှု (self-study) ပြုလုပ်နိုင်ရန် လမ်းညွှန်ကူညီသူများ ဖြစ်လာသော အခါ စာသင်ခန်း၏ အနေအထားမှာ ပြောင်းလဲသွားသည်။ ဤသည်မှာ ဆရာ၊ ဆရာမ အာဏာပိုင်စာသင်ခန်းမှ ကျောင်းသား၊ ကျောင်းသူများ အာဏာပိုင်သော စာသင်ခန်းသို့၊ အာဏာရှင်ဆန် သော စာသင်ခန်းမှ ဒီမိုကရေစီဆန်သော စာသင်ခန်းသို့၊ ဆရာ၊ ဆရာမများ ဗဟိုပြုသင်ကြားခြင်းမှ ကလေးဗဟိုပြု သင်ယူ လေ့လာခြင်းသို့ အသွင်ကူးပြောင်းခြင်း နိဒါန်း အစပင် ဖြစ်သည်။

သင်ရိုးညွှန်းတမ်းသည် အသေမဟုတ်တော့၊ ကလေးများ၏ အနေအထားနှင့် လိုအပ်ချက်၊ လူ့အဖွဲ့အစည်း၏ အခြေအနေနှင့် လိုအပ်ချက်အပေါ် မူတည်၍ ပိုလျှင်ဖြုတ် လိုလျှင် ပြင်ပ ဗဟုသုတစာအုပ်များမှ ကောင်းနိုးရာရာ ရှာဖွေ ဖြည့်ဆည်းခြင်းဖြင့် လက်တွေ့ဘဝနှင့် ထင်ဟပ်မှု ရှိနေသည်။

သင်ယူလိုစိတ်သည် အမိန့်ပေးစေခိုင်းခြင်း၊ အပြစ်တင်ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းတို့၌ မတည်ပေ။ မိမိကိုယ်ကို သိနားလည်ခြင်း၊ မိမိ ဘာလိုအပ်သည်ကို သိမြင်ခြင်း၊ မိမိ မည်သည့် အတွက်ကြောင့် လေ့လာရသည်ကို ကောင်းမွန်စွာ သဘောပေါက်နားလည်ခြင်း၊ စသည့် အသိတရား၌တွင်သာတည်သည်။ ဆရာ၊ ဆရာမများ လမ်းညွှန် ကူညီပေးရမည့် အဓိကအရာမှာ ထိုအသိတရားများ ရင်ဝယ် ကိန်းအောင်း နေအောင် စေ့ဆော်ပေးခြင်း ဖြစ်သည်။ ထိုအသိတရားများသာလျှင် စဉ်ဆက်မပြတ် သင်ယူ လေ့လာလိုစိတ်ကို မောင်းနှင်ပေးမည့် အဓိက စွမ်းအား ဖြစ်သည်။

စာသင်ခန်းအတွင်းရှိ ကျောင်းသားကျောင်းသူများသည် သင်ယူလိုစိတ်၊ စူးစမ်းရှာဖွေလိုစိတ်၊ ကမ္ဘာ လောကကြီးနှင့် ပတ်သက်၍ သိလို တတ်လို နားလည်လိုစိတ်တို့ဖြင့် လွတ်လပ်ပေါ့ပါး တက်ကြွလှုပ်ရှားနေသည်။ စဉ်းစားဆင်းခြင်ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း၊ လက်ရှိ အခြေအနေနှင့် နှိုင်းယှဉ် ချိန်ဆခြင်း၊ အသိချင်း၊ ခံစားမှုချင်း၊ အတွေးချင်း၊ အမြင်ချင်း ဖလှယ် ကြည့်ခြင်း၊ မေးမြန်းခြင်း၊ ဖြည့်ဆည်းခြင်း၊ ဖြေရှင်းခြင်း၊ အမှန်တရား ဖော်ထုတ်ခြင်း၊ ရပ်တည်ချက် ရှာဖွေခြင်း၊ ခံယူချက် ယုံကြည်ချက်များကို ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတင်ပြခြင်း၊ ရိုးဖြောင့်မှုအခြေခံ ပြုမူဆောင်ရွက်ခြင်း စသည့် အရာများသည် ကျောင်းသား ကျောင်းသူများအား လူ့လောက အဖွဲ့အစည်းအတွင်းသို့ ဟန်ချက်ညီညီ လျှောက်လှမ်း နိုင်ရန် ပြင်ဆင်ပေးခြင်း ဖြစ်သည်။

ထိုသို့သော လေ့လာ သင်ယူမှုမှ တဆင့် လူသားတစ်ယောက် ထားရှိရမည့် စိတ်နေစိတ်ထား အသိတရားများ ရရှိလာသည်နှင့် အမျှ ကြောင်းကျိုး ဆက်နွယ်မှုကို သိနားလည်ခြင်း၊ စစ်မှန်သော ရည်မှန်းချက်ပန်းတိုင်ရှိခြင်း၊ အချိန်ကို စနစ်တကျ နားလည် အသုံးချတတ်ခြင်း၊ စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်လာခြင်းနှင့် အတူ မိမိနှင့် ပတ်ဝန်းကျင်၊ မိမိနှင့် လူ့အဖွဲ့အစည်း အပြန်အလှန် အမှီသဟဲပြုမှုကို နှိုင်းယှဉ်တွေးနိုင်သည့် လူ့အဖိုးတန်ကလေးများ ပေါ်ထွက် လာကြမည်ဖြစ်သည်။ ထိုသို့ အတ္တနှင့်ပရဟိတ မျှတခြင်းသည်သာလျှင် လောကကို အလှဆင်နိုင်သည့် လူ့ အခြေခံတရားတခုဖြစ်သည်။

ကျောင်းသည် ထောင် မဟုတ်သလို စစ်တန်းလျားလည်း မဟုတ်သောကြောင့် စိတ်ယူနီဖောင်း ဝတ်ဆင်ပေးရမည့် နေရာလည်းမဟုတ်၊ အပြစ်ကင်းစင်လှပသည့် လ ကလေးပေါင်းများစွာကို နှစ်ချောင်းငင်တပ်၍ လူ ဖြစ်လာအောင် အသိတရားများ ရရှိရာနေရာ ဖြစ်သည်။ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာစာပေ အသီးသီး၊ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှုအဖြာဖြာ၊ ဝါသနာ၊ ဗီဇ၊ ပုဂ္ဂလစွမ်းရည်အမျိုးမျိုး၊ အလေ့အထ အမူအကျင့် အသွယ်သွယ်၊ စိတ် သက်တန့်ရောင်စုံ ဖြာဆင်းရာ ဘူမိနက်သန် နယ်မြေတစ်ခု ဖြစ်သည်။ မတူကွဲပြား ခြားနားမှုများအကြား ပေါင်းစည်းယှက်နွယ်ခြင်း၏ အလှတရားကို အပြန်အလှန်နားလည်မှု အသိတရားဖြင့် တည်ဆောက်ရာ နေရာတခုလည်းဖြစ်သည်။

သို့အတွက် ကျောင်းသူကျောင်းသားများ၏ အခန်းကဏ္ဍသည်
ကျောင်းနေပျော်၍ စာတော်ရမည် ဟူသော ဆောင်ပုဒ်ထက်
ကျောင်းနေပျော်၍ အသိတရားများ ပွင့်လန်းလာရမည်

ဟူသော ဆောင်ပုဒ်က ပို၍ သင့်လျော် မှန်ကန် သင့်မြတ် မည်ထင်ပါသည်။ ထို အသိတရားများဖြင့်သာ လူသားသည် သမိုင်းအစဉ်အဆက် သူ့အပေါ် လွှမ်းမိုးချယ်လှယ်နေသည့် အဓမ္မ၊ မတရားမှု၊ ဖိနှိပ်မှု၊ ကြောက်ရွံ့မှုများကို တွန်းလှန် ဖယ်ရှား အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ခင်ရွှေလှိုင်

Powered by Bullraider.com