တစ်ဦးချင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော သင်ကြားမှု

ယခုလက်ရှိ သင်ကြားနေသော သမာရိုးကျ သင်ကြားမှုစနစ်သည် အများစု - အုပ်စုကိုသာ ရှေးရှု သင်ကြားမှုများပါသည်။ သာမန်အားဖြင့် အတန်း တစ်တန်းမှာ ကျောင်းသား ၃၀ ကနေ ၅၀ လောက်အထိ ရှိပြီး ဒီကျောင်းသားတွေမှာ အသိဉာဏ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ တက်ကြွမှုတွေ စိတ်ပါဝင်စားမှုတွေ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ သင်ကြားရန် ရည်ရွယ်ချက် တစ်ခုတည်းအတွက် အတူတကွ စုဝေးထားခြင်း ခံရသူများဖြစ်ကြပါတယ်။ ပညာရှင်တွေ စီမံခန့်ခွဲသူတွေဟာ ကျောင်းသား တစ်ဦးရဲ့ အခြေခံရှိမှု စွမ်းဆောင်နိုင်မှုတွေနဲ့ ကိုက်ညီပြီး အသား ကျစေဖို့အတွက် သင်ကြားမှုစနစ်ရဲ့ လိုအပ်ချက်တွေကို အမြဲဖော်ထုတ်လေ့ရှိပါသည်။ ဒါပေမဲ့ သင်ယူသူ တစ်ဦးချင်းရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် Individualized Instructional Process က တော့ အခိုင်အမာ တည်ဆောက်ထားခြင်း မရှိပါဘူး။

လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်း USA, UK နဲ့ အခြားတိုင်းပြည်တွေမှာ Individualized Instructional ကို ဦးတည်တဲ့ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်လာပြီး  ပညာရေးမြင်ကွင်းမှာ ပေါ်ထွက် လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ပညာရေးဆိုင်ရာ စီမံကိန်း ရေးဆွဲသူတွေဟာ အခြေခံ ပညာရေး တစ်ဦးချင်း သင်ကြားသင်ယူနိုင်တဲ့ ပညာရေး စသည်တို့နဲ့ ပတ်သက်ပြီး လူတိုင်းကို ဘယ်လို သင်မလဲ၊ လူတိုင်းရဲ့လိုအပ်ချက်က ဘာတွေလဲဆိုတဲ့ ပြဿနာတွေ မေးခွန်းတွေကို အဖြေထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် မဖြေရှင်း နိုင်ခဲ့သေးပါဘူး။ နှစ်စဉ် နှစ်တိုင်းမှာ quality တွေ quantity တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေ တိုးပွါးနေသလို အသိပညာတွေကလည်း အသစ် အသစ် တိုးပွါးနေကြပါတယ်။

ပညာရေးနယ်ပယ်မှာ ပညာရေးဆိုင်ရာ နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ ကမ္ဘာပေါ်မှာရှိတဲ့ တိုးတက်တဲ့ နိုင်ငံတွေမှာ Individualized Instructional ကလည်း အောင်မြင်လာခဲ့ပြီး ဖြစ်ပါတယ်။ ဒါတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက်ကတော့ ပညာရေးဆိုင်ရာ ပြဿနာတွေရဲ့ စိန်ခေါ်မှုကို ရပ်ဆိုင်နိုင်ဖို့အတွက် ကြီးမား သော အင်အားဖြစ်တဲ့ မျှော်လင့်ချက် ရောင်ခြည်ပဲ ဖြစ်ပါတယ်။

Individualized Instructional ဆိုတာ တစ်ဦးချင်းစီရဲ့ ဒါမှမဟုတ် အရည်အသွေး တူတဲ့ သင်ယူသူ အုပ်စုတစ်ခုရဲ့ ကွဲပြားတဲ့ စွမ်းရည်တွေ လိုအပ်ချက်တွေကို အံဝင်ခွင်ကျ ဖြစ်စေအောင် စီမံပြီး ကြိုးပမ်း အားထုတ် သင်ကြားခြင်း သင်ယူခြင်း လုပ်ဆောင်မှု ဖြစ်တယ်လို့ ဖော်ပြလေ့ရှိသလို တစ်ဦးချင်းကို အသိပညာ တိုးပွါးစေဖို့ ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ ဆိုကြပြန်တယ်။

Individualized Instructional ဆိုတဲ့ စကားလုံးက ဆက်စပ်နေတဲ့ အကြောင်းအရာ အမျိုးမျိုး အတွင်းမှာ အဓိပ္ပါယ် အမျိုးမျိုး ဆောင်နေတဲ့အတွက် တိတိကျကျ အဓိပ္ပာယ် သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ Year Book တစ်ခုဖြစ်တဲ့ (Association for Supervision and Curriculum Development, Washington,DC 1964) က ရှင်းပြတာကတော့ လူသားတွေကို သူတို့ စွမ်းအားရှိသရွေ့ လုပ်ဆောင် ခွင့်ပေးခြင်းဖြင့် ရရှိလာတဲ့ အကျိုး ရလဒ်ဖြစ်တဲ့ တစ်ဦးချင်း တတ်မြောက်မှုဆိုတာ ရှေးမဆွကတည်းက အတန်းတွင်း သင်ကြားနေတဲ့ ဆရာရဲ့အရေးပါတဲ့ လုပ်ငန်းတစ်ခု အဖြစ် ရှိခဲ့ပြီး ဖြစ်ပါတယ်လို့ ဆိုပါတယ်။

Individualized Instructional Field မှာ လုပ်ခဲ့ကြတဲ့ ပညာရှင်တွေကတော့ ဒီသင်ကြားမှု ဆိုတာ ဆရာက one to one စနစ်ကို အခြေခံပြီး ကျောင်းသား တစ်ဦးချင်းစီကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေး ခြင်းစနစ် တစ်ဦးချင်းကို သီးသန့် အနီးကပ် သင်ကြားလေ့ကျင့်ပေးသော Tutorial စနစ် တစ်ခုလို့ အဓိပ္ပါယ် ဖော်ဆောင်ကြသလို ကျောင်းသား လုပ်နိုင်တဲ့အတိုင်းအတာ လုပ်နိုင်တဲ့နှုန်း သင်ထောက်ကူပစ္စည်း သင်ယူ လေ့လာမှု ပုံစံ အကြောင်းအရာ စစ်ဆေးအကဲဖြတ် စနစ်စတဲ့ အချက်တွေကို အားလုံးနဲ့ဖြစ်စေ ဘယ်အချက်နဲ့ မဆိုဖြစ်စေ ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ သင့်လျော် ကိုက်ညီအောင် သင်ကြားပေးတဲ့ စနစ် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ဒါကြောင့် ဒီသင်ကြားမှုစနစ်ကို သင်ယူနေစဉ် တစ်ချိန်လုံးမှာ ကျောင်းသား တစ်ဦးချင်းစီကို သူတို့နဲ့ သင့်လျော်ကိုက်ညီမှု အရှိဆုံးကို အချိတ်အဆက်မိမိ သင်ယူနိုင်စေဖို့ ပြုလုပ်ထားတဲ့ အစီအစဉ် တစ်ခု ဖြစ်တယ်လို့ အနှစ်ချုပ်နိုင်ပါတယ်။ သင်ကြားမှု ရည်ရွယ်ချက် ချမှတ်တဲ့အခါ အကြောင်းအရာ ရွေးချယ်တဲ့အခါ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ရွေးတဲ့အခါ အချိန်ကို ရွေးတဲ့အခါ ရည်မှန်းချက်ကို ပေါက်မြောက်အောင် ဘယ်လို လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ချက်ချတဲ့ အခါတွေမှာ သင်ယူသူ တစ်ဦးချင်းရဲ့ အင်္ဂါရပ်တွေက အရေးပါ လာပါပြီ။ သင်ယူသူတစ်ဦးချင်းမှာ အခြေခံနေပြီဆိုရင် ဒီသင်ကြားမှုဟာ Individualized ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီသင်ကြားမှုမှာ ဆရာရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှပါတယ်။ ဒီ သင်ကြားမှုမျိုးနဲ့ ကျောင်းသား တစ်ဦးချင်းကိုလည်းကောင်း သူတို့ရဲ့ ကွဲပြား ခြားနားချက်ကိုလည်းကောင်း သိရပါမည်။ ဂရုပြုရ ပါမယ်။

Individualized Instructional ဖြစ်စေတဲ့ အချက်တွေ ရှိပါတယ်။ ဆရာတွေအနေနဲ့ ချမှတ်ထားတဲ့ သင်ရိုးညွန်းတမ်းကို သင်ကြားတဲ့ အနေနဲ့ သင်ယူလေ့လာရမယ့် ခေါင်းစဉ်များ ခေါင်းစဉ်ခွဲများကို အတိုင်းအတာ တစ်ခုအထိ ကျောင်းသားတွေ ရွေးချယ်ခွင့် ပေးတယ်ဆိုရင် ဒါဟာ Individualized ဖြစ်သလို သင်ယူသူ တစ်ဦးချင်းရဲ့ လိုအင်ကို ဖြည့်ဆည်း ပေးခြင်းလည်းဖြစ်ပါတယ်။ အဲဒီလိုဘာကို သင်ယူလိုတယ်ဆိုတဲ့ ရည်ရွယ် ချက်ကို ချမှတ်ပြီးတဲ့ နောက်မှာ ဆရာက အဲဒီရည်ရွယ်ချက်ကို ဘယ်လို ရယူ လိုသလဲဆိုတဲ့ ကိုယ်ပိုင် လုပ်ခွင့်ကို ပေးရပါ့မယ်။ ဥပမာ - သင်ယူလိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စာအုပ်စာတမ်းတွေကို ဖတ်ကြည့်မလား၊ သက်သေ အထောက်အထားတွေကို ရှာမလား၊ တွေ့ဆုံ မေးမြန်း လုပ်ကြည့်မလား စသည်ဖြင့် လုပ်ပိုင်ခွင့်ပေးရပါမယ်။ ဒီလို သင်ကြားခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို များများပေးလေ Personalzing ပို ဖြစ်လေဖြစ်ပါတယ်။

ကျောင်းသားတွေကို ကြိုက်နှစ်သက်သလို သင်ယူခွင့်တွေ ပေးပြီးတဲ့အခါမှာလည်း အမှီအငြမ်း ပြုစရာ ပစ္စည်းများ (Resource materials) ကို ဖြည့်ဆည်း ပေးရပါမယ်။ ဥပမာ - ကျောင်းသားက စာဖတ်ခြင်းအားဖြင့် သင်ယူ လေ့လာလိုတယ်ဆိုရင် ဖတ်စရာ စာအုပ်စာတမ်းများ ( reading materials) ကို အမျိုးအစား အမျိုးမျိုး အဆင့်အတန်း အမျိုးမျိုး ရနိုင်အောင် လုပ်ပေးရပါမယ်။ ဒီလို (Resource materials) အမျိုးမျိုးကို စွမ်းဆောင် နိုင်မှုအဆင့် (ability levels) အမျိုးမျိုးအတွက် အထောက်အပံ့ ပေးခြင်းကလည်း Individualization ပို ဖြစ်စေပါတယ်။

တဖန် ကျောင်းသားအမျိုးမျိုးရဲ. စွမ်းဆောင်နိုင်မှု ကျွမ်းကျင်မှု ( Mastery Level) အဆင့် အမျိုးမျိုးကို လက်ခံ သင်ကြားပေးနိုင်ခြင်းကလည်း Individualized ဖြစ်နိုင်တဲ့နည်း တစ်ခုဖြစ်ပါတယ်။ ကျောင်းသား တစ်ဦးချင်းစီကို ကိုင်တွယ်ထိန်းချုပ်ပြီး Individualized ဖြစ်စေနိုင်တဲ့ နောက်အချက် တစ်ခုကတော့ အချိန် သတ်မှတ်ထားခြင်းပဲ ဖြစ်ပါတယ်။ သင်ယူသူတွေမှာ အထက်ဖော်ပြပါ အချက်တွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် လုပ်နိုင်တဲ့ အခွင့်အလမ်းများ ရှိလာတဲ့အခါ ဒီလို သင်ကြားမှုမျိုးကို သင်ယူသူနဲ့ အံဝင်ခွင်ကျဖြစ်တယ်။ သင်ယူသူ စိတ်ကြိုက်ဖြစ်တယ်။ သင်ယူသူ ကိုယ်တိုင် လုပ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။

ယခုအခါမှာ Individualized Instruction ကို ဖြစ်တဲ့ Program တွေ Procedure တွေကို ဖော်ထုတ် ကြိုးပမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အစောဆုံး ကြိုးပမ်းမှု နှစ်ခုဖြစ်တဲ့ Dalton နဲ့ Winnetka Plans မှာ နေ့စဉ် ကျောင်းချိန်ကို နှစ်ပိုင်း သတ်မှတ်ထားပြီး ကျောင်းပညာရေး သင်ခန်းစာများကို သူတို့ကိုယ်တိုင် လွတ်လွတ် လပ်လပ် သင်ယူလေ့လာစေပြီး သူတို့ကိုယ်တိုင် လုပ်နိုင်မယ့် လုပ်ငန်းများ (assignments) ကို ပေးပါ။ ဒီ လုပ်ငန်းတွေကို အမှန်တကယ် သင်ယူ လေ့လာတယ်ဆိုတာကို သက်သေပြ စေတာပဲ ဖြစ်ပါတယ်။ အကျိုးရလဒ်အားဖြင့် ဒီလို မိမိကိုယ်တိုင် သင်ယူနိုင်စေဖို့ ရေးသားထားတဲ့ စာအုပ် စာတမ်းတွေနဲ့ အခြား Materails တွေဟာ အထူးရေးသားထားခြင်း ပြုလုပ်ထားခြင်းတို့ကြောင့် ကလေးတွေမှာ သူတို့ရဲ့ အသိပညာများ ကျွမ်းကျင်မှုများကို အခါအားလျော်စွာ ပုံမှန် စစ်ဆေးပြီး ဖြစ်တယ်လို့ဆိုပါတယ်။ Winnetka ကတော့ ဒီလို Self- instruction ဆိုတာ Programmed Instruction (PI), Computer Assisted Instruction (CAI), Individualized Instruction တို့ရဲ့ ရှေ့ပြေး ဖြစ်တယ်လို့ မြင်ခဲ့ပါတယ်။

PI, CAI သင်ကြားမှုသည် Winnetka Plan ရဲ့ရလဒ်များ ဖြစ်တယ်လို့ ဆိုခဲ့တဲ့အတိုင်း ဒီသင်ကြားမှု နှစ်ခုစလုံးက ကိုယ်တိုင် သင်ယူလေ့လာမှုပုံစံကို အသုံးပြုထားပါတယ်။ သင်ယူမယ့် အကြောင်းအရာကို သင်ရတာ လွယ်ကူအောင် အပိုင်းငယ်လေးများ ခွဲပါတယ်။ ကလေးက အပိုင်းတစ်ပိုင်းကို မှန်မှန်ကန်ကန်နဲ့ ပြီးသွားပြီဆိုရင် နောက်တစ်ခုကို တက်နိုင်အောင် စီစဉ်ထားပါတယ်။ အကယ်၍ ဒီအပိုင်းကို နားမလည် မကျွမ်းကျင် သေးဘူးဆိုရင် သူ့ကို ထပ်ပြီး ကြိုးစားဖို့ ညွန်ကြားမယ်။ နားလည် နိုင်စေမယ့်အခြား Information တွေနဲ့ အကူအညီပေးပါမယ်။ ဆန်းသစ်လာတဲ့ Programs တွေမှာတော့ ကျောင်းသားရဲ့ အမှားတွေကို diagnose လုပ်ပေးနိုင်ပြီး ထိရောက်တဲ့ feedback ပေးနိုင်တဲ့ အထိ တိုးတက်လာတာ တွေ့ရပါတယ်။ တချို့ CAI သင်ကြားမှုတွေက ထိုးထွင်း ဖန်တီးတတ်တဲ့ဉာဏ်ကို တိုးပွါး လာစေနိုင်တာ တွေ့ရပါတယ်။

Jeter (1980) ဖော်ပြတဲ့ Individually Prescribed Instruction (IPI) သင်ပြနည်းမှာတော့ ကျောင်းသားတွေက ဘာသာရပ် နယ်ပယ် အမျိုးမျိုးမှာ သူတို့ဘာတွေ သိပြီးပြီလည်း ဆိုတာကို ဖော်ပြရ ပါမယ်။ ဒီဖော်ပြချက်တွေအရ ကျောင်းသားတွေ သူတို့ တတ်ကျွမ်းတဲ့ အဆင့်နဲ့ သင့်လျော်တဲ့ အလုပ်တွေ လုပ်ခိုင်းပါတယ်။ ကျောင်းသားတွေက ဒီလိုအလုပ်ကို တစ်ဦးတည်းသော်လည်းကောင်း အဆင့်တူ အခြား ကျောင်းသားများနဲ့ သော်လည်းကောင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ကြားကာလ တစ်ခုမှာတော့ ကျောင်းသား စစ်ဆေးမှုကို ဖြေဆိုရပါမယ်။ အောင်မြင်မှုရှိရင် သင်ကြားမှုကို ဆက်လက် လုပ်ဆောင်သွားပြီး မအောင်မြင်ဘူးဆိုရင် သင်ကြားမှု ထပ်ပြီး လုပ်ပေးရပါမယ်။

ပုံစံ နောက်တစ်မျိုးကတော့ Individually guided Education (IGE) ဖြစ်ပါတယ်။ IGE နဲ့ အခြားစနစ်တွေကြား အဓိက ခြားနားမှုကတော့ ဒီသင်ကြားနည်းကို အဆင့်ခွဲခြားဖို့ မလွယ်ကူတဲ့ အဆင့် သတ်မှတ်ချက် မရှိတဲ့ Non graded School တွေမှာ သင်ကြားခြင်းပဲ ဖြစ်ပါတယ်။ အောင်မြင်မှု အဆင့် အမျိုးမျိုး ရှိတဲ့ ကျောင်းသား 100/150 လောက်ကို လုပ်ငန်း တာဝန်တွေ ပေးပါတယ်။ ဆရာက ကလေးတွေ ဘယ်လို အကောင်းဆုံး သင်ယူမလဲ။ ဘယ်လိုနှုန်းနဲ့ သင်ယူမလဲဆိုတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး သင်ကြားမှု Program တစ်ခု ပြုလုပ်ရပါတယ်။ အကဲဖြတ် ရပါတယ်။

Tutoring သို့မဟုတ် Coaching ဆိုတဲ့ လေ့ကျင့် သင်ကြားခြင်းကတော့ ရှေးအကျဆုံး ဖြစ်ကောင်းဖြစ်ပေမဲ့ Individualized Instruction ရဲ့နည်းလမ်းအဖြစ် သိရှိပြီး ဖြစ်ကြပါတယ်။ ဒီနည်းမှာ ကျောင်းသားကို ကုစား သင်ကြားခြင်းနည်း (Remedial Instruction) ပေးတာရော ဖြည့်စွက် သင်ကြားခြင်း (Supplemnetary Information) ပေးတာရော သုံးပါတယ်။ ဆရာ မိဘ ကျောင်းသား အစရှိတဲ့ လူအမျိုးမျိုးက Tutor အဖြစ် ဆောင်ရွက်နိုင်ပါတယ်။ ကြီးသူနဲ့ ငယ်သူ အတူတူ လုပ်ဆောင်တဲ့ အခါမျိုးမှာ Cross Grade Tutoring ဆိုတာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

နောက်ဆုံးပုံစံ တစ်မျိုးကတော့ အများစု သိကြတဲ့ Distance Education ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က သင်ကြားခြင်းဆိုင်ရာ အထောက်အပံ့ အကူအညီ လွယ်လွယ် မရနိုင်တဲ့ နီးနီးနားနား မရှိတဲ့ ကျောင်းတွေက ကျောင်းသားတွေကို ပညာ သင်ယူနိုင်တဲ့ ကျောင်းသားတွေက ကျောင်းသားတွေကို ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းတွေ ရအောင် ပြုလုပ်ပေးနိုင်တယ် ဆိုတဲ့ အချက်ပါဘဲ။ ကျေးလက်ဒေသများ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသများ ကျယ်ကျယ်ပြန့်ပြန့် သုံးပါတယ်။ တယ်လီဖုန်း၊ ရေဒီယို၊ တီဗီ၊ ကွန်ပြူတာ စသည်တို့အပြင် ပြဌာန်းစာအုပ် လမ်းညွန်စာအုပ် အစရှိတဲ့ Printed Materials တွေက သင်ကြားမှုကို အထောက်အပံ့ ပေးတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ လူအများစုက ရင်းနှီးပြီးသား ဖြစ်တဲ့ စာပေးစာယူ သင်တန်းတွေ လေ့လာ သင်ကြားမှုတွေကလည်း ရေးပန်း အစားဆုံး Distance Education  ပုံစံ ဖြစ်ပါတယ်။ ဒီနည်းက ကျောင်းသား နေမကောင်းလို့ အိမ်တွင်းမှာ နေစဉ်မှာတောင် ဆရာက သင်ကြားပေးနိုင်တဲ့ နည်းဖြစ်ပါတယ်။

Projcet Method ကလည်း ကျယ်ပြန့်တဲ့ သင်ရိုးညွှန်းတမ်းဘောင် အတွင်းမှာ သူတို့ စိတ်ဝင်စားတဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို သူတို့ လုပ်ဆောင်စေခြင်းအားဖြင့် လွတ်လပ်စွာ သင်ယူခွင့်ပေးတဲ့ နည်းဖြစ်ပါတယ်။ ဒီ လုပ်ငန်းစဉ်ကနေ သိမြင် နားလည်မှုတွေ အသိပညာတွေကို ရရှိနိုင်သလို ထိရောက်ပြီး တန်ဖိုးရှိတဲ့ ကြောင်းကျိုး ဆက်စပ်မှုတွေ ခံစား နားလည် တတ်မှုတွေကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းသားတွေဟာ သူတို့ လုပ်ငန်းကို ဘယ်လို လုပ်ဆောင်မယ်ဆိုတာ ဆုံးဖြတ်ပြီးတဲ့နောက် - ဘယ်လို အကဲဖြတ်ရမလဲ ဆိုတာကိုတောင် ဆုံးဖြတ် လာနိုင်ကြပါတယ်။

စစ်မှန် ကောင်းမွန်တဲ့ Individualized Instruction ဖြစ်ဖို့ ဆရာတွေမှာ ကျောင်းသားတွေရဲ့ ကျား/မ ကွဲပြားမှု လူမျိုးရေး၊ ဘာသာရေး ရုပ်ပိုင်းဆိုင်ရာ ကွဲပြားနေမှုတွေနဲ့ ပတ်သက်ပြီး လေးစားမှု၊ တန်ဖိုးထားမှု နားလည်မှု လက်ခံမှုတွေလည်း ရှိပါမယ်။ ကိုယ့်ကျောင်းသားနဲ့ ပတ်သက်ပြီး ဗဟုသုတ ရယူခြင်းကလည်း အခြေခံ ကျပါတယ်။ ကျောင်းသားအကြောင်းကို ပိုသိလေလေ သူတို့ရဲ့ စွမ်းအင်တွေ လိုအင်တွေကို ဖြည့်ဆည်း ပေးနိုင်လေလေ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ဆရာတွေမှာ ဖော်ပြခဲ့တဲ့ သင်ကြားမှုပုံစံ အမျိုးမျိုးကို အသုံးပြု နိုင်စွမ်းတွေ သင်ကြားမှုနဲ့ ပတ်သက်တဲ့ အသိပညာတွေ ရှိဖို့ လိုအပ်ရုံ သာမက နားထောင်နိုင်စွမ်း လက်ခံ နိုင်စွမ်း အားဖြည့် ပေးနိုင်စွမ်းစတဲ့ Abilities တွေ ပြည့်ဝတဲ့ ဆက်ဆံရေး ကျွမ်းကျင်မှုရှိဖို့လည်း လိုအပ်ပါတယ်။

Program က သင်ယူသူတွေရဲ.  စွမ်းရည်တွေ လိုအပ်ချက်တွေကို အံဝင်ခွင်ကျ ဖြစ်စေသလား၊ သင်ကြားမှု ရည်ရွယ်ချက်တွေ လုပ်ဆောင်မှုတွေ အရင်းအမြစ်တွေ အချိန်တွေနဲ့ ပတ်သက်ပြီး သင်ယူတွေမှာ ဘယ်လို လုပ်ပိုင်ခွင့်တွေ ရှိသလဲ၊ ကျောင်းသင် ပညာရေး သင်ခန်းစာအပိုင်း လူမှုရေးအပိုင်း စိတ်ပိုင်း ဆိုင်ရာတွေမှာ ကျောင်းသား နစ်နာမှုမရှိဘဲ မျှတတဲ့ အကျိုးရလဒ်တွေ ရှိလားဆိုတဲ့ စံတွေနဲ့ ဆန်းစစ်ပြီး ကောင်းမွန်တဲ့ Individualzed Instruction Programs များကို တည်ဆောက်ကြ ရပါမယ်။

Individualzed Instructionကို အသုံးပြုတဲ့ အခါမှာ ဆရာရော ကျောင်းသားတွေပါ အကောင်း၊ အဆိုး ဒွန်တွဲလျက် ရှိပါတယ်။ ဆရာအနေနဲ့ ခက်ခဲတဲ့ လုပ်ငန်းတွေကို လျင်မြန်စွာ လုပ်ဆောင် အောင်မြင်တဲ့အတွက် ကျေနပ်မှု ရစေနိုင်ပြီး ကျောင်းသားရဲ့ လိုအင်ကို မှန်ကန်စွာ ဖြည့်ဆည်းပေး နိုင်တဲ့အတွက် လက်ခံ အသိအမှတ် ပြုခြင်း ချစ်ခင်ခြင်းကို ရရှိစေနိုင်ပါတယ်။ ဒါတွေအပြင် ပြဌာန်းထားတဲ့ သင်ရိုးညွန်းတမ်း ဘောင်အတွင်းမှာ ကျောင်းသားများရဲ့ လေ့လာ သင်ယူမှုတွေကို အားဖြည့်ကူညီ ပေးနိုင်တယ်။  ဆုံးဖြတ်ပိုင်ခွင့်တွေ ပေးနိုင်တယ်၊ သူတို့ရဲ့ ရွေးချယ်မှုတွေ တိုးတက်မှုတွေကို တာဝန် ယူပေး နိုင်တယ်ဆိုတဲ့ လုပ်ဆောင်မှုတွေကို ပေးနိုင်တယ်ဆိုတဲ့ မိမိရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ လိုအင်များကိုလည်း ကျေနပ်မှု ရစေပါတယ်။

အသုံးပြုတဲ့ ပုံစံပေါ်မှာ မူတည်ပြီး Individualized Instruction က ကျောင်းသားရဲ. လိုအပ်ချက် တွေကိုလည်း ပြည့်ဝ စေပါတယ်။ ကျောင်းသားအနေနဲ့ အသိပညာ ဗဟုသုတများကို ရှာဖွေ လေ့လာနိုင်သကဲ့သို့ ဖျော်ဖြေမှု အပန်းဖြေမှုတွေကိုလည်း ရရှိနိုင်ပါတယ်။ ကိုယ်ပိုင် လုပ်ပိုင်ခွင့်တွေ ရပြီး အောင်မြင်မှုတွေ ရနိုင်သလို မအောင်မြင်မှုတွေ သိမ်ငယ်မှုတွေကို ရှောင်ရှား နိုင်ပါတယ်။ ဆန်းသစ် တီထွင်မှုတွေကိုလည်း လုပ်နိုင်ပါတယ်။

ပညာရေးဆိုင်ရာ အကျိုး ကျေးဇူးအနေနဲ့ ကျောင်းသားရဲ့ သင်ယူမှုပုံစံနဲ့ သဟဇာတဖြစ်မယ့် နည်းလမ်းကို သုံးပြီး သင်ကြား ပေးနိုင်တဲ့အတွက် ကျောင်းသားတွေရဲ. အာရုံစိုက်မှု စိတ်ဝင်စားမှုတွေကို ထိန်းသိမ်း ထားနိုင်ပါတယ်။ ကျောင်းသားတွေကို ကိုယ့် စည်းကမ်းနဲ့ကိုယ် လွတ်လပ်စွာ လုပ်ဆောင် နိုင်ဖို့ အားပေးနိုင်ပြီး ဘယ်လို သင်ယူရမယ်ဆိုတာ သိဖို့ လမ်းညွန်ပေး နိုင်ပါတယ်။ ကျောင်းသားတွေကို သူတို့ စွမ်းဆောင်နိုင်သလောက် အတိုင်းအတာ အတွင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရရှိစေနိုင်ပါတယ်။

ဒီသင်ကြားမှုရဲ့ အားနည်းချက်ကတော့ သင်ကြားမှုကို တကယ် လုပ်မယ်ဆိုရင် အချိန်များများ ပေးရတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ ကျောင်းသားတွေကို သူတို့ ကြိုက်သလို လုပ်နိုင်ဖို့ အလွယ်တကူ ခွင့်မပြုနိုင်တာမျိုး ရှိနိုင်ပါတယ်။

ဆရာများက ကျောင်းသားရဲ့စွမ်းရည်တွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ထင်တဲ့ ဘယ်အချိန်မှာမဆို ဒီသင်ကြားမှုကို သုံးသင့်ပါတယ်။ ဒါပေမဲ့ လူသားတွေ Resource materials တွေက ဒီစံနှုန်းနဲ့ အမြဲ ကိုက်ညီမှု မရနိုင်ပါဘူး။ ဒါကြောင့် ကလေးတစ်ယောက်ဟာ မအောင်မြင်မှုနှင့် တွေ့ကြုံရပြီး နောင်ပိုင်းမှာလည်း ဒါမျိုး မကြာခဏ ဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ ဆိုရင် Individualzed/ Personalized Instruction ကို လျှော့ပြီး သုံးဖို့ လိုအပ်ပါတယ်။

အချုပ်အနေနဲ့ တင်ပြလိုတာကတော့ ဒီစနစ်ကို သုံးပြီး သင်ကြားတော့မယ်ဆိုရင် ဆရာအခန်း ကဏ္ဍက အလွန်ပဲ အရေးပါလှပါတယ်။ ဆရာက သူ့ရဲ့ကျွမ်းကျင်မှုကို အသုံးပြုပြီး ကျောင်းသားတွေကို ဦးဆောင်သွား ရမယ်။ သမာရိုးကျ သင်ကြားမှုက ခေတ်မီပညာရေး စနစ်တွေနဲ့ အညီ ပြောင်းလဲ ပေးသင့်ပါတယ်။ ကျောင်းသူ ကျောင်းသားများ လွယ်ကူ ချောမွေ့စွာ သင်ယူနိုင်ဖို့အတွက် ပံ့ပိုးပေးနိုင်သူကောင်း (Good facilitator) တစ်ယောက်အဖြစ် ပြောင်းလဲ ပေးရပါမယ်။ ဒါမှသာ သင်ကြားမှု ရည်ရွယ်ချက်တွေကို ပြည့်ပြည့်ဝဝ အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။

 

ဒေါ်စုစုတင်

PM 26
မဟာပညာရေးဘွဲ့။ သင်ပြနည်းဌာန။
ပညာရေးတက္ကသိုလ်

Powered by Bullraider.com