ပညာရေး အတွေးအခေါ်

အညွှန်းကိန်း သို့မဟုတ် ပညာရေးစွမ်းဆောင်ရည် မြင့်မားမှု

"အညွှန်းကိန်း"

-အညွှန်းကိန်းဟူသည် အဘယ်နည်း?။

-မည်သည့်အရာကို အညွှန်းကိန်းဟု ခေါ်ဆိုပါသနည်း?။

-အညွှန်းကိန်းနှင့် ကျောင်းများ၏စွမ်းဆောင်ရည် မြင့်မားအောင်လုပ်နိုင်လိမ့်မည်ဟု သင်ယုံကြည် ပါသလား?။

ဤနေရာတွင် အညွှန်းကိန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရမည့်အချက်များရှိပါသည်။ အညွှန်းကိန်း ဟူသည်မှာ….အခြေခံပညာကျောင်းများ၏ ပညာရေးစွမ်းဆောင်မှုကို အမှတ်ပေးစစ်ဆေးတိုင်းတာခြင်း ကိုခေါ်ဆိုခြင်းပင် ဖြစ်ပါသည်။ အညွှန်းကိန်းနှင့် ကျောင်းများ၏စွမ်းရည် စစ်ဆေးတိုင်းတာခြင်းကို (၂ဝဝ၆-၂ဝဝ၇) ပညာသင်နှစ် အောင်တိုဘာလမှ စတင်ခဲ့ပါသည်။

ပညာရေးစွမ်းဆောင်မှုအညွှန်းကိန်းများတွင် စာတိုင် (၁၆) ခုရှိပြီး၊ စာတိုင် (၄) မှ စာတိုင် (၁၄) အထိ သည်ကျောင်းများကို အမှတ်ပေးစစ်ဆေးသည့် အချက် (၁၁) ချက်ပင်ဖြစ်ပါသည်။ တစ်နည်းဆိုရသော် အညွှန်းကိန်းသည် ကျောင်းကောင်းအင်္ဂါရပ်များ ပြည့်စုံလာအောင် စစ်ဆေးတိုင်းတာသည့် ပေတံများ ပင်ဖြစ်ပါသည်။

အညွှန်းကိန်းက စစ်ဆေးအမှတ်ပေးပြီး "ထူးချွန်ကျောင်း"၊ "သာမန်အထက်ကျောင်း"၊ "သာမန် ကျောင်း"၊ "သာမန်အောက်ကျောင်း"၊ "ပြုပြင်ရန်လိုအပ်သောကျောင်း" ဟူ၍ ခွဲခြားသတ်မှတ်ပါသည်။

ထူးချွန်ကျောင်းကို                -အဆင့် (A)

သာမန်အထက်ကျောင်းကို      - အဆင့် (B)

သာမန်ကျောင်းကို                - အဆင့် (C)

သာမန်အောက်ကျောင်းကို      - အဆင့် (D)

ပြုပြင်ရန်လိုသောကျောင်းကို   - အဆင့် (E)

ဟူ၍အဆင့်ပိုင်းခြားပါသည်။

ရာခိုင်နှုန်း (၁ဝဝ) တွင် (၉ဝ) ရာခိုင်နှုန်းသည် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၏ အပိုင်း ဖြစ်ပြီး စွမ်းဆောင်ရည်ပေါ်ကြည့်၍ အမှတ်ပေးပါသည်။ (၁ဝ) ရာခိုင်နှုန်းသည် မိဘနှင့်ရပ်ရွာအပိုင်း ဖြစ်ပြီး မိဘများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်လူကြီးများ၊ စေတနာရှင်များ၏ စေတနာနှင့် လုပ်ဆောင်မှုကို အကဲဖြတ် အမှတ်ပေးပါသည်။

ထို့ကြောင့် ကျောင်းကောင်းတစ်ကျောင်းဖြစ်ဖို့ မလွယ်ကူပါ။ ကျောင်းအုပ်ကြီး၏ စီမံခန့်ခွဲမှု၊ လုပ်ငန်း ကျွမ်းကျင်မှု၊ ကလေးတွေအပေါ် စေတနာထားအနစ်နာခံမှုနှင့် ဆရာ/ဆရာမများ၏ သင်ကြားရေး လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အပင်ပန်းခံမှု၊ ဘာသာရပ်ဆိုင်ရာလေ့လာအားကောင်းမွန်မှုတို့ အချိုး ညီစွာပေါင်းစပ်ပါမှ နိုင်ငံတော်က မျှော်မှန်းထားသော စံပြကျောင်းများ ဖြစ်လာမှာ ဖြစ်သည်။ ထူးချွန် ကျောင်းအဆင့်ကို ရရှိနိုင်မှာဖြစ်သည်။

ဤနေရာတွင် ကျောင်းကောင်းတစ်ကျောင်း ဟုတ်မဟုတ်တိုင်းတာစစ်ဆေးသည့် ကျောင်းလုပ်ငန်း စွမ်းဆောင်မှုအချက် (၁၁) ချက်ကို တင်ပြလိုပါသည်။

(၁)     ကျောင်းအုပ်ကြီး၏စွမ်းဆောင်မှု

(၂)     ကျောင်းခေါ်ချိန်ပြည့်မီမှု

(၃)     လပိုင်းမာတိကာအရသင်ကြားမှု

(၄)     သင်ယူတတ်မြောက်မှု

(၅)     သင်ထောက်ကူပစ္စည်းများအသုံးပြုသင်ကြားမှု

(၆)     စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှု

(၇)     ဆရာအင်အားပြည့်မီမှု

(၈)     စာသင်ခန်းစာသင်ခုံပြည့်စုံမှု

(၉)     ရေမိလ္လာစနစ်ကောင်းမွန်မှုနှင့်သန့်ရှင်းသပ်ရပ်မှု

(၁ဝ)   သင်ထောက်ကူမီဒီယာပြည့်စုံမှု

(၁၁)စိမ်းလန်းစိုပြည်ရေးဆောင်ရွက်မှု

စသည့်အချက်များပင် ဖြစ်ပါသည်။

အညွှန်းကိန်းနှင့် ဆက်နွှယ်ပြီး ကျွန်တော်၏လုပ်ငန်းပိုင်းဆိုင်ရာ ကျောင်းအုပ် အတွေ့အကြုံကိုမီ၍ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးးတင်ပြလိုပါသည်။ ပထမဦးဆုံး နိုင်ငံတော်ကချမှတ် ထားသော "ကျောင်း၏ကျင့်ရာခုနှစ်ဖြာ" ကို ကျွန်တော်လေ့လာဆန်းစစ်ကြည့်နေမိသည်။

"ကျောင်း၏ကျင့်ရာခုနှစ်ဖြာ"

(၁) ကျောင်း၏မြင့်မြတ်ခြင်း               - ဆရာသမားကိုရိုသေလေးစားခြင်း။

(၂) ကျောင်း၏အနှစ်သာရ                - စည်းကမ်းရှိခြင်း၊ စာကြိုးစားခြင်း။

(၃) ကျောင်း၏ငြိမ်းချမ်းခြင်း              - တစ်ဦးပေါ်တစ်ဦးမေတ္တာတရား-သစ္စာတရားရှိခြင်း။

(၄) ကျောင်း၏ကျက်သရေ               - ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစင်ကြယ်ခြင်း။

(၅) ကျောင်း၏ဂုဏ်သတင်း               -အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်း။

(၆) ကျောင်း၏ပျော်ရွှင်မှု                  - စည်းလုံးညီညွတ်ခြင်း။

(၇) ကျောင်း၏ပင်မအလုပ်               - နိုင်ငံသားကောင်းမွေးထုတ်ပေးခြင်း။

ကျောင်း၏ကျင့်ရာခုနှစ်ဖြာတွင် တစ်ဦးပေါ်တစ်ဦးမေတ္တာထားခြင်း၊ အများအကျိုးဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်ခြင်း စသည့်အချက်များ ပါဝင်နေ၍ မလွဲမသွေ ကျင့်ကြံနားထောင်ရမည့် အချက်များ ပင်ဖြစ်ပါသည်။ ရှောင်ဖယ်ပြေး၍မရသော အချက်များလည်း ဖြစ်သည်။

အညွှန်းကိန်း (၁) သည် "ကျောင်းအုပ်ကြီး၏စွမ်းဆောင်မှု" ပင်ဖြစ်ပါသည်။

ကျောင်းတစ်ကျောင်း တိုးတက်ရန်အတွက် အရေးအကြီးဆုံးပုဂ္ဂိုလ်မှာ 'ကျောင်းအုပ်ကြီး' သာဖြစ်ပါ သည်။ ကျောင်းအုပ်ညံ့လျှင် ကျောင်းညံ့တတ်ပါသည်။ ကျောင်းလုပ်ငန်းပိုင်းဆိုင်ရာကို ကျောင်းအုပ် ကြီးက ကျွမ်းကျင်ပါမှ သင်ကြားသင်ယူမှုလုပ်ငန်း တိုးတက်အောင်မြင်မှာ ဖြစ်သည်။ စည်းကမ်းပိုင်း တိကျသေချာမှ ထူးခြားတိုးတက်နိုင်မှာ ဖြစ်သည်။ ထို့အပြင် ရပ်ရွာနှင့်ပူးပေါင်းဆောင်ရွက်မှု ကောင်းဖို့ လည်းလိုပါသည်။ ရပ်ရွာနှင့် သဟဇာတမဖြစ်လျှင် ကျောင်းတစ်ကျောင်းကောင်းအောင် ဘယ်တော့မှ စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ အသိနည်းသော မိဘများနှင့်အမြင်မရှိသော ကျေးရွာတာဝန်ရှိ ပုဂ္ဂိုလ်များကြောင့် ကျောင်းတိုးတက်အောင် မည်သို့မျှ လုပ်ဆောင်၍မရသည်ကိုလည်း ကျွန်တော်တို့ မကြာခဏကြုံဖူးပါသည်။

တာဝန်မဲ့သော၊ အရည်အချင်းမရှိသော ကျေးရွာ ရ.ယ.က ကြောင့်အကြိမ်ကြိမ် စိတ်ညစ်ခဲ့ရသည်ကို လည်းကြုံဖူးပါသည်။ ဤအပိုင်းတွင် ကျောင်းအုပ်ကြီး၏စိတ်ကူးနှင့် စေတနာကောင်းဖို့အဓိကဟု ကျွန်တော်ပြောလိုပါသည်။ ကျောင်းသည်ကျောင်းနှင့်တူဖို့ ကျောင်းအုပ်ဖြစ်သူက ကြိုးပမ်းဆောင်ရွက် ရမှာဖြစ်ပါသည်။ ကျောင်းအုပ်၏စွမ်းဆောင်ရည်အဆင့်ကို အညွှန်းကိန်းက ၅၊၄၊၃၊၂၊၁ ပုံစံအတိုင်း အမှတ်ပေးပါသည်။

သို့သော်………အညွှန်းကိန်းသည် ကျောင်းအုပ်တစ်ဦး၏ ကိုယ်ပိုင်စွမ်းရည်နှင့် စွမ်းဆောင်ချက်များကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ပါ့မလား?။ အဆင့် (A) ရသောကျောင်းအုပ်တစ်ဦးသည် တကယ်ထူးချွန် သော၊ လုပ်တတ်ကိုင်တတ်သော၊ ကလေးများအဖို့ မြင်းမိုရ်တောင်ကြီးပမာ အားကိုးအားထားပြုထိုက် သည့် ကျောင်းအုပ်ကြီးဆိုတာကကော သေချာရဲ့လား?။

အညွှန်းကိန်းနံပါတ် (၂) သည် "ကျောင်းခေါ်ချိန်ပြည့်မီမှု" ပင် ဖြစ်သည်။ အတန်းအလိုက် ကျောင်း သားများ၏လစဉ်ပျမ်းမျှ ကျောင်းတက်ရာခိုင်နှုန်းကို စုပေါင်း၍ ပျမ်းမျှကျောင်းတက်ရောက်မှုနှုန်းကို တွက်ချက်ပေးရ့ပါသည်။

၉၅%နှင့်အထက်        - (၅) မှတ်

၉ဝ%နှင့်အထက်        - (၄) မှတ်

၈၅%နှင့်အထက်        - (၃) မှတ်

၈ဝ%နှင့်အထက်        - (၂) မှတ်

၈ဝ%နှင့်အောက်       - (၁) မှတ်

ဟူ၍ အမှတ်ပေးပြီး အဆင့်ခွဲခြားသတ်မှတ်ပါသည်။ ကျောင်းခေါ်ချိန်ပြည့်မီအောင် ဆရာ/ဆရာမများ က ဝိုင်းဝန်းထိန်းသိမ်းကြရမှာ ဖြစ်သည်။

အညွှန်းကိန်းနံပါတ် (၃) သည် "လပိုင်းမာတိကာအရသင်ကြားမှု" ပင်ဖြစ်ပါသည်။ လပိုင်းမာတိကာကို ပြည့်မီအောင် သင်ကြားမှုရှိမရှိ စစ်ဆေးသည့်အပိုင်းပင် ဖြစ်ပါသည်။ လပိုင်းမာတိကာနှင့်အညီ သင်ကြားခြင်းသည် ဆရာပြည့်ပြည့်ဝဝရှိသော ကျောင်းများအဖို့ပြဿနာ မဟုတ်သော်လည်း ဆရာ နည်းကျောင်းများအဖို့ တကယ့်အခက်အခဲပင်ဖြစ်သည်။ လပိုင်းမာတိကာမီအောင် ကြိုးစားသင်ကြား ကြရ၍ ပင်လည်းပင်ပန်းကြသည်။ နှစ်ကုန်၍ သင်ခန်းစာပြည့်မီအောင် မသင်ပေးနိုင်သောကျောင်းများ လည်းရှိပါသည်။ ဆရာအခက်အခဲကြောင့် ကျွန်တော်ဆိုလျှင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းဆက်ဖွင့်၍သင်ခန်းစာကုန်အောင် ကလေးများကို သင်ကြားပေးခဲ့ဖူးသည်။ ကလေးများကို သင်ပေးရမည့် သင်ခန်းစာကုန်မှ ကျောင်းပိတ်ခဲ့ပါသည်။

ဤအပိုင်းတွင် ဆရာလုံလောက်မှုရှိမရှိပြဿနာနှင့်ငြိနေ၍ အညွှန်းကိန်းက သတ်မှတ်သည့်အဆင့်ကို မှန်ကန်သောပိုင်းဖြတ်မှုအဖြစ် ခင်ဗျားတို့ ကျွန်တော်တို့လက်ခံနိုင်ပါ့မလား?။ ဤအချက်သည် အလေးအနက်ထား စဉ်းစားရမည့် အချက်ပင်ဖြစ်ပါသည်။

အညွှန်းကိန်းနံပါတ် (၄) သည် "သင်ယူတတ်မြောက်မှု" ပင်ဖြစ်ပါသည်။ ကလေးများ၏ တတ်မြောက်မှု ကိုစစ်ဆေးခြင်းနှင့်ဆိုင်သော အပိုင်းဖြစ်သည်။ တတ်မြောက်မှု စစ်ဆေးသည့်အပိုင်းကို ကုစားသင် ကြားခြင်းနှင့် တွဲထားသည်ကိုလည်း တွေ့ရပါသည်။

အညွှန်းကိန်းနံပါတ် (၅) သည် "သင်ထောက်ကူများ အသုံးပြုသင်ကြားမှု" ပင်ဖြစ်ပါသည်။ ကလေးများ ကို စာသင်ကြားရာတွင် သင်ကြားသင်ယူမှုကို အထောက်အကူပြုသည့် သင်ထောက်ကူသုံး၍ သင် မသင်ကိုစစ်ဆေးတိုင်းတာသည့် အပိုင်းဖြစ်သည်။

အညွှန်းကိန်းနံပါတ် (၆) သည် "စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှု" ပင်ဖြစ်ပါသည်။ စိတ်ဓာတ်စည်း ကမ်းကောင်းမွန်မှုသည် ကျောင်းအုပ်၏ စီမံခန့်ခွဲမှုနှင့် ဆရာ/ဆရာမများ၏ ပါဝင်ဆောင်ရွက်မှုကို ညွှန်းဆိုသော အပိုင်းပင်ဖြစ်သည်။ စိတ်ဓာတ်ကောင်းမွန်သော ကလေးများ၊ 'မိမိကိုယ်ကို မိမိတာဝန် ယူခြင်းသည် စည်းကမ်းပင်ဖြစ်သည်' ဟုနားလည်ခံယူထားသော ကလေးများပေါ်ထွန်းလာအောင် ရည်ညွှန်းသော အပိုင်းပင်ဖြစ်သည်။

အညွှန်းကိန်းနံပါတ် (၇) သည် "ဆရာအင်အားပြည့်မီမှု" ပင်ဖြစ်ပါသည်။ ဆရာအင်အားပြည့်မီမှုကို စစ်ဆေးသည့်အပိုင်းဖြစ်၍ ဆရာလိုအပ်ချက်နှင့် ကျောင်းသားဆရာအချိုး၊ ဆရာစာသင်ခန်းအချိုး တို့နှင့် သက်ဆိုင်ပါသည်။ ဖြည့်ဆည်းပေးရန်လိုအပ်သော ကွက်လပ်တစ်ခုပင် ဖြစ်ပါသည်။

အညွှန်းကိန်းနံပါတ် (၈) သည် "စာသင်ခန်းစာသင်ခုံပြည့်စုံမှု" ပင်ဖြစ်ပါသည်။ စာသင်ခန်း စာသင်ခုံ ပြည့်စုံမှုကိုဖော်ပြသည့် အပိုင်းဖြစ်သည်။ စာသင်ခန်း တစ်ခန်း၏သန့်ရှင်းသာယာသပ်ရပ်မှု၊ စာသင်ခုံ ပြည့်စုံလုံလောက်မှုသည် ကျောင်းအုပ်နှင့် ဆရာ/ဆရာမတို့၏ စည်းရုံးရေးစွမ်းရည်နှင့် သက်ဆိုင်ပါ သည်။ ဤအပိုင်းတွင် ဆရာ/ဆရာမများ၏ ပေါင်းသင်းဆက်ဆံရေး အရေးကြီးပါသည်။ စေတနာ အရင်းခံနှင့် ကလေးများ၏ပညာရေးကို ရှေ့ရှု၍ လှူဒါန်းသောအလှူရှင်များလိုအပ်ပါသည်။ ကျန်းမာ ရေးနှင့် မညီညွတ်သော  စာသင်ခန်းနှင့် စာရေးခုံ မလုံလောက်ခြင်းသည် စာသင်ကြားခြင်း၏ အတား အဆီးတစ်ခုပင် ဖြစ်ပါသည်။

အညွှန်းကိန်းနံပါတ် (၉) သည် "ရေမိလ္လာပြည့်စုံမှုနှင့် သန့်ရှင်းသပ်ရပ်မှု" ပင်ဖြစ်ပါသည်။ ယင်လုံ အိမ်သာ၊ ရေလောင်းအိမ်သာနှင့် သက်ဆိုင်၍အိမ်သာကောင်းကောင်း မရှိသည့် ကျောင်းများဒုက္ခ ရောက်ကြရသည်။ ရပ်ရွာ၏ပံ့ပိုးကူညီမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အိမ်သာသည် ယင်လုံ၊ အနံ့လုံ၊ အရှက်လုံသော လုံ (၃) လုံအင်္ဂါရပ်နှင့် ကိုက်ညီသော အိမ်သာဖြစ်ဖို့တော့ လိုပါသည်။

အညွှန်းကိန်းနံပါတ် (၁ဝ) သည် "သင်ထောက်ကူမီဒီယာပြည့်စုံမှု" ပင်ဖြစ်ပါသည်။ သင်ထောက်ကူ မီဒီယာပြည့်စုံမှု ရှိမရှိကိုစစ်ဆေးတိုင်းတာသည့် အပိုင်းပင်ဖြစ်ပါသည်။

အညွှန်းကိန်းနံပါတ် (၁၁) သည် "စိမ်းလန်းစိုပြည်ရေးဆောင်ရွက်မှု" ပင်ဖြစ်ပါသည်။ ကျောင်းနှင့် ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသပ်ရပ်ရေးသည် မလွဲမသွေ ဆောင်ရွက်ရမည့် အပိုင်းပင်ဖြစ်ပါ သည်။

အညွှန်းကိန်းနှင့် ကျောင်းများစွမ်းဆောင်ရည်ကို (၃) ကြိမ် စစ်ဆေးတိုင်းတာပါသည်။ အဆင့် A,B,C,D,E ခွဲခြားသတ်မှတ်ပါသည်။ ကျောင်းသားအင်အားကို N5, N4, N3, N2, N1 နှင့်အမှတ်ပေး၍ အဆင့်သတ်မှတ်ပါသည်။ ပြီးမှကျောင်းဥပဓိရုပ်နှင့် သက်ဆိုင်သော အပိုင်းဆီသွားပါသည်။ ကျောင်းဥပဓိရုပ်ကို အဆင့်သတ်မှတ်ရာတွင်

- စာသင်ဆောင်ခိုင်ခံ့လုံခြုံမှုရှိလျှင်                         - ကောင်း       - G (Good)

- စာသင်ဆောင်အသင့်အတင့်ခိုင်ခံ့လုံခြုံမှုရှိ              - သင့်            - F (Fair)

- စာသင်ဆောင်ခိုင်ခံ့လုံခြုံမှုမရှိ                             - ညံ့              - B (Bad)

ဟူ၍အမှတ်ပေးပါသည်။ ဤသည်ကား……..အညွှန်းကိန်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကို ဆွေးနွေးတင်ပြထားခြင်းပင် ဖြစ်ပါသည်။ 

အညွှန်းကိန်းသည် ကလေးများအပေါ်၊ ကျောင်းအပေါ်၊ ပညာရေးအပေါ်၊ ဆရာ/ဆရာမများ၏ စေတနာထားမှု၊ ယုံကြည်မှု၊ စွန့်လွှတ်အနစ်နာခံမှုအပေါ် မူတည်နေပါသည်။ ပညာရေးပြုပြင်ပြောင်း လဲမှု၏အဓိက Key  ကိုပိုင်ဆိုင်သူမှာ ဆရာ/ဆရာမများပင် ဖြစ်ပါသည်။ ဆရာ/ဆရာမများကို ပစ်ပယ် ထားခြင်းသည် မျက်မှောက်ခေတ်ပညာရေးစနစ်၏ အားနည်းချက်ပင် ဖြစ်ပါသည်။

ဆရာ/ဆရာမများ၏ပါဝါ (power) ကိုရုပ်သိမ်းလိုက်ခြင်း၊ ဆရာ/ဆရာမများ၏လုပ်ပိုင်ခွင့်ကို တားဆီး ပိတ်ပင်လိုက်ခြင်းသည် လက်ရှိပညာရေးစနစ်၏ အချိန်မီပြုပြင်ရမည့် အမှားပင်ဖြစ်သည်။ ဤအမှား၏ အကျိုးသက်ရောက်မှုကြောင့် ဆရာ/ဆရာမများနှင့် မိဘများထိပ်တိုက်ရင်ဆိုင်လာရပြီး မလိုလားအပ် သောပြဿနာများ ဖြစ်ပေါ်လာခဲ့ရသည်။ မူမမှန်သောကျောင်းသားမိဘများ၏ အတိုက်ခံရခြင်း၊ အစော်ကားခံရခြင်းများနှင့် ဆရာ/ဆရာမများကြုံခဲ့သည်မှာ ရင်နာစရာပင် ဖြစ်သည်။

ကျောင်းတိုးတက်မှုသည် သူတို့၏လက်ထဲမှာပင် ရှိနေသယောင် ကျောင်းအကျိုးတော်ဆောင်မိဘများ က ထင်မြင်ယူဆ၍ ဘဝင်မြင့်လာကြသည်။ ကျောင်းအုပ်ဆရာကြီးမှာ သူတို့၏အစီအစဉ်အတိုင်း လုပ်ဆောင်ရမည့်အနေအထားသို့ ရောက်ရှိလာရသည်မှာ မဖြစ်သင့်သောအခြေအနေပင် ဖြစ်သည်ဟု ကျွန်တော်ထင်ယူဆပါသည်။ ကျောင်းအကျိုးဆောင်တာနည်းနည်း၊ ဆရာ/ဆရာမတွေအပေါ် စိုးမိုး ခြယ်လှယ်တာများများမို့ ဘယ်လိုမှသည်းမခံနိုင်တော့သော ဆရာ/ဆရာမများအလုပ်ထွက်သွားသည် မှာ ဒုနဲ့ဒေးရှိပါသည်။ ဤသည်ကို ပြုပြင်နိုင်ရန်အကြံပြု ဆွေးနွေးတင်ပြလိုက်ရခြင်းပင် ဖြစ်ပါသည်။

ပညာရေးတွင် ဆရာကိုဘေးဖယ်ထား၍မရ။ ဆရာ၏စိတ်ကူး၊ ဆရာ၏စေတနာနှင့် သင်ကြားမှုဆိုင်ရာ ဆရာ၏ method ကိုတော့အသိအမှတ်ပြုရမှာ ဖြစ်သည်။ ပညာရေးစနစ်တွင် ဆရာ၏အထီးကျန် မှုသည် အန္တရာယ်ပင် ဖြစ်ပါသည်။ ထို့ကြောင့်ဆရာကိုချန်ထား၍မရ။

- ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း………..

စနစ်တွေဘယ်လိုပဲရွေ့လျားရွေ့လျား………

ဆရာသည်-

ကလေးများ၏ အားကိုးစံထားထိုက်သည့် ပညာရေးပဲ့ကိုင်မှူးပင် မဟုတ်ပါလော။        ။

Powered by Bullraider.com