ပညာရေး အတွေးအခေါ်

စည်းကမ်း

ကာတွန်းတစ်ခုဖတ်ဖူးပါသည်။ ကောင်လေးက လေးတံကိုကိုင်လျက်။ သူကမိခင်၏ရင်ဝသို့ မြားနှင့်ပစ် ခဲ့သည်။ မြားသည် မိခင်ရင်ဝကို ထုတ်ချင်းဖေါက်သွားသည်။ သို့စဉ်လျက် မိခင်ကကြင်နာစွာဖြင့် သူ့သားဆိုးကို ပြောဖြစ်အောင်ပြောသည်။ "အမေစိတ်မဆိုးပါဖူးသားရယ်၊ အရမ်းအရမ်းနာသွားတာ တစ်ခုပါပဲ"

ကလေးငယ်၏ မိုက်မဲမှုနှင့် မိခင်မေတ္တာကိုပုံဆောင်ပြသော ကာတွန်းလေးတစ်ခုဖြစ်သည်။ ရှေးခေတ် လူကြီးသူမတွေက မိဘဆိုဆုံးမချက်အားလုံးမှန်သည်။ မိဘစကားကို သားသမီးတွေက ဘာမဆို မြေဝယ်မကျ နားထောင်ရမည်ဟု ဆိုသည်။ မိဘသည်အာဏာပိုင်။ မိဘစကားသည် တရား ဥပဒေ။ မိဘစီရင်ချက်ချရာ သားသမီးကငုံ့ခံရသည်။ ဤသံမဏိစည်းမျဉ်းကို ယနေ့ခေတ်မိဘအချို့က လက်ခံ ကျင့်သုံးဆဲ။ ဤသည်မှာ လုံးဝဥဿုံ မှားပါသည်။ လူငယ်တို့၏ လွတ်လပ်ခွင့်နှင့် ပျော်ရွှင်မှုကို လူကြီးတွေက ကန့်သတ်ချုပ်ချယ်ရာရောက်သည်။ ထိုအခါ လူငယ်ကလည်းငုံ့မခံ။ တော်လှန်ပုန်ကန် ၏။ သူ့ထံမှ လုယူသွားသော ပျော်ရွှင်မှုကိုပြန်လည်ရယူသည်။ "ကလေးငယ်၏ အလိုဆန္ဒကို ချိုးဖောက်သူ" အဖြစ် လူကြီးတွေကို မည်သူမျှ တရားမစွဲကြ။ ယနေ့ခေတ်ကျောင်းရှိ ပညာရေးသမား တွေကလည်း စည်းကမ်းပိုင်းကို သင်ပေးဖို့ အချိန်မရှိကြ။

စည်းကမ်းလိုအပ်မှု

ကလေးများအဖို့စည်းကမ်းတွေလိုသည်။ သူတို့လွတ်လပ်ခွင့်ကို ဘောင်သတ်မှတ်ပေးမှ သူတို့ဘဝတွေ ပိုလုံခြုံမည်။ သတ်မှတ်ထားသောစည်းမျဉ်းမှ ကျော်နင်း၍ မဖြစ်ကြောင်း သူတို့နားလည်အောင် ပြောထားရမည်။ အချို့အချက်အလက်တွေ ခွင့်ပြုနိုင်သကဲ့သို့ အချို့အချက်ကို လုံးဝခွင့်မပြုနိုင် ကြောင်း၊ အချို့အချက်တွေကိုလုပ်နိုင်၊ အချို့ကိုတော့ မလုပ်နိုင်ကြောင်း၊ အချို့ကားမှားပြီး အချို့ကား မှန်ကြောင်း သဘောပေါက်အောင် ပြောထားရမည်။

ကလေးသည် သုံးနှစ်သားအရွယ်တွင် သူ့ဖာသာသူ ကိုယ့်အားကိုယ်ကိုးသည့် အလုပ်တွေကို လုပ်လာ မည်။ သူလိုချင်တာကို စကားပြောပြီး တောင်းဖို့ သင်ယူတတ်မြောက်လာမည်။ သူ၏ အလိုဆန္ဒတွေက လည်း များလာမည်။ ထို့ကြောင့် မိဘနှင့်သူ၏ ပဋိပက္ခတွေလည်းပွားလာ၏ အသက် (၂) နှစ်မှ (၅) နှစ် အရွယ်ကလေးသည် မိဘစကားကို နားမထောင်သည်မှာ သဘာဝကျ၏။ သူ၏ယုံကြည်စိတ်နှင့် သိန္နိဋ္ဌာန်တို့ တိုးပွားလာ၍ဖြစ်၏။ စည်းစနစ်အတိအကျ ကြိုက်သောမိဘများအဖို့ စိတ်မသက်မသာ ဖြစ်စရာ ဖြစ်ချင်ဖြစ်မည်။ မိဘများအနေနှင့် မိမိတို့သြဇာလည်း မထိခိုက်အောင်၊ ကလေးစိတ်အနာ တရလည်း မဖြစ်အောင် ဂရုတစိုက်ထိန်းသိမ်း ပြုပြင်ပေးသင့်သည်။

စည်းကမ်းအခြေခံ

စည်းကမ်းအခြေခံဆိုတာဘာလဲ။ ကလေးကမိဘစကားနားထောင်တာ၊ နားမထောင်တာ ဘာဖြစ်လို့ လဲ။ ကလေးက မိမိပြောသလို မနာခံတာဘာကြောင့်လဲ။ ကြောက်လို့လား။ တခြားအကြောင်းရှိသေး သလား။ စည်းကမ်းဆိုတာ အပြစ်ပေးမှုနဲ့ ချုပ်ကိုင်ထားလို့ရသလား။

အပြစ်ပေးမှာကြောက်၍ စည်းကမ်းမဖောက်ဖူးဆိုတာ တကယ်တော့ မဟုတ်ပါ။ မိဘကိုချစ်လို့ စည်းကမ်း မဖောက်ဖူးဆိုတာ ဖြစ်အောင်လုပ်ပါ။ စည်းကမ်း၏ အဓိကအားမှာ မိဘနှင့်ကလေး ဆက်ဆံရေးပေါ်တွင် မူတည်ပါသည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိဖို့သာ အရေးကြီး၏။ မိဘမေတ္တာ ကို ခံယူတတ်မှုရှိရန် လို၏။ မိဘကိုချစ်၍ မိဘမကြိုက်တာကို ရှောင်သောအဖြစ်မျိုးမှာ ပို၍သဘာဝကျ ၏။

လူကြီးတွေ၊ အရွယ်ရောက်သူတွေဆောင်ရန်၊ ရှောင့်ရန်စည်းမျဉ်းမျိုးတွေနှင့် ကလေးကိုသွားကိုင်၍ မရပါ။

မိဘ၏ အဆင့်

ကလေးတို့သည် မိဘများကို စံနမူနာယူတတ်သည်ကို သတိပြုပါ။ မိဘတွေလုပ်ပုံကိုင်ပုံကို သူတို့ သေသေချာချာ စောင့်ကြည့်တတ်၏။ ထို့နောက် မသိစိတ်က တုပတတ်၏။

မိဘ၏အဆင့်အတန်းနှင့်တန်ဖိုးကို ကလေးက လက်ခံတတ်၏။ ဒါတွေက မှန်တယ်ဟု လက်ခံကာ သူကစံနမူနာယူသည်။ ကြာလျှင်တော့ ဒါတွေကို သူစွန့်ပယ်ချင် စွန့်ပယ်မည်။ ကလေးပေါက်စဘဝ တွင်တော့သူက ဘာတစ်ခုမှ ငြင်းချက်မထုတ်ဘဲ မိဘပုံစံကို အတင်းလိုက်တုမည်သာ ဖြစ်၏။ မိဘက မိမိတို့ကလေးကို မိမိကိုဘာဖြစ်စေချင်သလဲ။ မိမိဖြစ်စေချင်တာကို မိဘများကစ၍ လုပ်ပြရမည်။ ဤအချက်မှာ အရေးကြီး၏။ ကိုယ်ပြောတာလုပ်၊ ကိုယ်လုပ်တာမလုပ်နဲ့ဟူသော မိဘမျိုးကိုသားသမီး တို့ကအထင်မကြီးတတ်ပါ။ ပြောသလိုလုပ်ပြတတ်သူများကိုသာ ကလေးတွေက သဘောကျ၏။

ကလေးတစ်ယောက်က ဧည့်သည်တွေရှေ့မှာ ဆဲရေးတိုင်းထွာလိုက်၏။ ဒါကိုမိခင်ကရှက်သွားပြီး "ဒီကလေး ဒါမျိုးတွေ ဘယ်ကတတ်လာပါလိမ့်" ဟုဆူသည်။ ကလေးက "အဖေ့ဆီကတတ်တာ" ဟု ပြန်ပက်သည်။ မိခင်လုပ်သူက "အဖေကအဖေပဲ" ဒေါသနှင့်ပြန်ပြောသည်။ ကလေးက "ကျမကလဲ ကျမပဲ" ဟု ပြန်ဆိုတော့ အားလုံးအရှက်ကွဲသွားဖူးသည်။ မှန်ပါသည်။ ကလေးမဆဲစေလိုလျှင် မိဘတွေကလည်း မဆဲနှင့်။ ကလေးယဉ်ကျေးစေချင်လျှင် မိဘတွေက အရင်ယဉ်ကျေးပြကြ။

ရိုက်မည်နှက်မည်ခြိမ်းခြောက်၍ကား လိမ္မာရေးခြားသည့်ကလေး ဖြစ်လာမည်မဟုတ်။ ရိုက်မှာ ကြောက်၍သာ ရှေ့တွင်ကုပ်နေမည်။ ကွယ်ရာတွင် ယခင်အချိုးအတိုင်းသာ ပြန်ချိုးမည်။ မလုပ်သင့် တာတွေကိုနားလည်အောင်ရှင်းပြမှသာ ကလေးစိတ်ထဲစွဲနေမည်။

ရိုက်နှက် အပြစ်ပေးခြင်း

စည်းကမ်းဆိုတာ အပြစ်ပေးမှဟု ထင်နေကြ၏။ စိတ်ပညာရှင်များ၏ အလိုအရ "ရိုက်နှက်အပြစ်ပေးမှု မလိုအပ်" ဟုဆိုသည်။

ခွေးတို့၊ မြင်းတို့လို ကလေးငယ်သည်လည်း အရိုက်ခံရလျှင် ခဏသာ။ နောက်ပြီးလုပ်ချင်တာ ဆက်လုပ်တတ်ကြ၏။ ကြာလာလျှင် အရိုက်ခံရဖန်များသော ကလေးသည် ခပ်ထုံထုံ ခပ်ထိုင်းထိုင်း လေး ဖြစ်လာတတ်သည်။ မပျော်ရွှင်သော လူကြီးတစ်ယောက် ဖြစ်လာတတ်၏။ လူတွေကို မကျေနပ်။ လောကကြီးကို ရွံမုန်းသောသူ ဖြစ်လာမည်။ အရာရာကို ဆန့်ကျင်သော မကောင်းမြင်ဝါဒီတွေ ဖြစ်လာ မည်။

ကလေးကိုချောက်တာထက် ချီးကျူးတာ ပိုထိရောက်၏။ ကလေးတွေကို ကျောသပ်ရင်သပ်လုပ်ပေးဖို့ လိုသည်။ ချီးကျူးတာနှင့် မေတ္တာတရားက ရိုက်မောင်းပုတ်မောင်းလုပ်တာထက် ပိုအကျိုးရှိ၏။ ချီးကျူး လို့ ချစ်ခင်လို့၊ ဒုက္ခရောက်တာ မရှိနိုင်ပါ။

ဒုတ်အားကိုး၊ ကြိမ်လုံးအားကိုး၊ ချိမ်းခြောက်တာအားကိုးသော မိဘများအဖို့ မိမိတို့သည် ကလေး တွေနှင့်ဝေးသည်ထက် ဝေးလာပြီဟုသာ မှတ်ယူကြရမည်။ ဒါမျိုးတွေအားကိုးလို့တော့ဖြင့် လူလိမ္မာ လေးတွေ ဖြစ်မလာနိုင်ပါ။

စည်းကမ်းအချက်အလက်များ

အပြစ်မပေးမဖြစ်၍ အပြစ်ပေးရာတွင် "တရားမျှတမှု" ရှိရန် အရေးကြီး၏။ ဒီကလေးက "စုန်းပြူး" လေးပဲဆိုကာ အမြဲအပြစ်မမြင်သင့်။ ဒါဆိုလျှင် တခြားကလေးတွေက သူ့အပေါ်သာ အပြစ်ပုံချကြ မည်။ အမြဲအပြစ်တင်ခံနေရသော ကလေးကလည်း ငါတော့ဘယ်တော့မှ အကောင်းပြောခံရမှာ မဟုတ်ပါဘူးဆိုကာ ပိုဆိုးလာတတ်သည်။ ဘာဖြစ်တာလဲဆိုတာ အချိန်ယူ စုံစမ်းပြီးမှ အပြစ်ပေးတန် ပေးရမည်။  ဒေါသစိတ်မွှန်ကာ ကလေးတွေကို မစူးမစမ်း မဆင်မခြင် အပြစ်မတင်ရ။ "ပြစ်မှုနှင့် ပြစ်ဒဏ်မှန်ကန်ရန်" လည်းအရေးကြီး၏။ ကလေးကိုလည်း သူလုပ်ခဲ့သောအပြစ်ကိုသူသိရန် စိတ်ရှည် လက်ရှည်ရှင်းပြရမည်။ သူတို့ကို အကျိုးနှင့်အကြောင်းနှင့်ရှင်းပြတာကို ကလေးတွေက ကြိုက်သည်။ အပြစ်ပေးလျှင်လည်း ချက်ခြင်းအပြစ်ပေးတာက ကောင်းသည်။ ကြာမှအပြစ်ပေးလျှင် ကလေးက သူဘာကျူးလွန်ခဲ့သည်ကိုပင် သိတော့မည်မဟုတ်။ "နင့်အဖေညဘက် အိမ်ပြန်လာမှတိုင်ဦးမယ်၊ အဲဒီ တော့မှနင်သေပေတော့" ဆိုကာ အဖေအိမ်ပြန်လာသည်အထိ မစောင့်ပါနှင့်။ ကလေးအဖို့ အဖေ မလာမချင်း တစ်နေကုန်ကြောက်ရွံ့စိုးရိမ်နေရမည်မှာ မတရားပါ။ အမေပြောတာတစ်ခုထဲနှင့် အဖေက ဘုမသိဘမသိ ကလေးကိုထရိုက်တာမျိုးကလည်း သဘာဝမကျပါ။ အမေနှင့်အဖေအုပ်စုဖွဲ့ပြီးငါ့ကို သက်သက်နှိပ်စက်နေတာပဲဟု ကလေးက ခံစားမိလျှင် မကောင်းပါ။

မိမိ၏ဆုံးဖြတ်ချက်ကိုလည်း မိဘများက မပြင်ပါနှင့်။ အပြစ်ပေးရမည်ဟု ပြောထားပြီးသော ကလေးကို အပြစ်သာပေးပါ။ နောက်မှ စိတ်ပြောင်းသွားပြီး အပြစ်မပေးဘဲ နေလိုက်လျှင် ကလေးကကြာလျှင် မကြောက်ချင်တော့။ စစ်ပွဲမှာတစ်ခါနိုင်ဖူးသော ကလေးသည်နောက်လည်းနိုင်ချင်လာမည်။ နောက် တစ်ခါအပြစ်ပေးလျှင်သူ့မှာ အပြစ်ရှိကြောင်းသိပါလျက် ကလေးက မတရားအပြစ်ပေးခံရသည်ဟု ထင်သွားတတ်ပါသည်။

အပြစ်ဒဏ်ကကြီးလွန်းလျှင်လည်းကောင်း၊ အပြစ်မရှိသူကိုမှားပြီး အပြစ်ပေးမိလျှင်လည်းကောင်း၊ မိဘများက ကလေးကို ပြန်တောင်းပန်ရမည်။ ဒါကိုလည်း မရှက်ပါနှင့်။

ဘာကိုလုပ်လျှင် အပြစ်ပေးမယ်။ ဘယ်လောက်အထိအပြစ်ပေးမယ်။ ဆိုတာတွေကိုလည်း ကလေး တွေကိုရှင်းပြထားစေလိုပါသည်။ အသေးအဖွဲတစ်ခုလုပ်မိ၍ တနင်္လာနေ့တွင် အကြီးအကျယ် အရိုက်ခံ ရပြီး၊ ကြီးကြီးကျယ်ကျယ် အပြစ်လုပ်ခဲ့သော်လည်း အင်္ဂါနေ့တွင် မိဘကခွင့်လွှတ်တာမျိုး မဖြစ်စေလို ပါ။ မိဘကစိတ်ကောင်းဝင်နေလျှင် ဘာလုပ်လုပ်တပြုံးပြုံးနှင့် ခွင့်လွှတ်နေတတ်ပြီး၊ စိတ်မကောင်းချိန် တွင် အသေးအဖွဲကအစ ကျွဲရိုက်နွားရိုက်တာမျိုးသည် မမှန်ကန်လှပါ။

အဖေကစည်းကမ်းကြီးပြီး အမေကလျှော့ရဲလျှင်လည်း မကောင်းလှပါ။ မိခင်က ဖုံးဖုံးဖိဖိလုပ်ပြီး ကလေးဘက်မှကာပေး၊ ညာပေးတာလည်း မရှိသင့်ပါ။ အဖေကဆူစရာရှိ၍ဆူနေတာမျိုးကို အမေက ဝင်မစွက်သင့်။ ကလေးဘက်မှ ရှေ့နေမလိုက်သင့်။ အဖေနှင့်အမေသည် ကလေးကွယ်ရာတွင် ညှိနှိုင်း ဆွေးနွေးပြီး တစ်ဦးနှင့်တစ်ဦး ဝင်မစွက်ကြရေးကို တိုင်ပင်သင့်သည်။ မိခင်လုပ်သူ၏ ကလေးကို အလိုလိုက်မှုတွေ ပိုနေတာကို ဖခင်က ကလေးကွယ်ရာတွင်ပြောရမည်။ ဖခင်၏ ထိန်းချုပ်မှုကြပ်တည်း ကြောင်းကိုလည်း မိခင်လုပ်သူက ကလေးကွယ်ရာတွင် ညှိသင့်သည်။

အချုပ်ဆိုရလျှင် ကလေးသည် စည်းကမ်းလို၏။ စည်းကမ်းပုံစံသည် သိပ်အရေးမကြီး။ စည်းကမ်းပေးပုံ အမူအရာသည် ပို၍အရေးကြီး၏။ အရေးကြီးတကာ့အရေးကြီးဆုံးမှာ စည်းကမ်းထုတ်သူ မိဘနှင့် စည်းကမ်းလိုက်နာမည့် ကလေးတို့၏ ဆက်ဆံရေးသာ ဖြစ်သည်။

ကလေး၏ပထမငါးနှစ်

ပညာရေးဝန်ကြီးဌာနမှ ပြုစုသည်

Powered by Bullraider.com