ပညာရေး အတွေးအခေါ်

ပညာရေးဒဿန၊ အယူအဆများ (၂၅) - ဆရာ ဆရာမ (Teacher)

သိပ်မကြာခင် ကာလအတွင်းက ဂျာနယ်တွေထဲမှာ ဖတ်လိုက်ရတဲ့ သတင်းနှစ်ပုဒ်ဟာ ခုကျွန်တော်ပညာရေး ဒဿန အကြောင်းပြောဆိုရမှာ ထည့်သွင်းဆွေးနွေးရမယ့် အကြောင်းဖြစ်လာတယ်။ ပထမ သတင်းတစ်ပုဒ်က ဘောလုံးကန်တဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းအုပ်ကြီးက ပြင်းပြင်းထန်ထန် ရိုက်နှက်တဲ့ သတင်းပဲ။

ဂျာနယ်တွေရဲ့ ၀ိုင်းဝန်းရေးသားမှုကြောင့် ကျောင်းအုပ်ကြီး ၀န်ချတောင်းပန်ခဲ့ရတယ်။ နောက်ထပ် သတင်း တစ်ပုဒ်ကတော့ မူလတန်း အရွယ် ကလေးငယ်ကို ကျောင်းကတောင်းတဲ့ အလှုငွေ မပေးနိုင်လို့ ဆရာမက ကြမ်းကြမ်း တမ်းတမ်း ရိုက်နှက်တဲ့ သတင်းပဲ။ ဒါကိုလည်း ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်။ ဒီမိုကရေစီ ပြောင်းလဲနေတဲ့ ခေတ်မှာ ဒီသတင်းနှစ်ပုဒ်ဟာ ပညာရေးအတွက် ထူးခြားတဲ့ သတင်းနှစ်ပုဒ်ပဲ။ သတင်းနှစ်ပုဒ်ကို ဖော်ပြရင်း လူတွေက ၀ိုင်းဝန်း ကန့်ကွက် နေတာကိုက ကျွန်တော်တို့တွေဟာ ပြောင်းလဲဖို့တာဆူနေတဲ့ခေတ်ကြီးမှာ ဆရာရဲ့ လုပ်ပိုင်ခွင့်ဆိုတာကို စတင်မေးခွန်းထုတ် ကန့်ကွက်ဖို့ ကြိုးစားလာကြပြီး ဆိုတာကိုပြနေတယ်။                                              

ဆရာဆိုတာ ယခင် အာဏာရှင်ခေတ်က ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေလို စာသင်ခန်းထဲမှာ အခွင့်အာဏာ အပြည့်အ၀ရနေတဲ့ အာဏာရှင် အသေးစားလေး မဟုတ်တော့ဘူး။ ဆရာဆိုတာ ယခင် ဘုန်းတော်ကြီး ပညာရေးတွေတုန်းက ရိုက်သွင်းခဲ့သလို ဘုရားပေးသောအာဏာကို ရနေတဲ့ အနန္တောအနန္တ ဂိုဏ်းဝင်မဟုတ်တော့ဘူး။ တကယ့်လို့ ယဉ်ကျေးမှုဖြစ်စဉ်ထဲမှာ အဲဒီလို သတ်မှတ်ထားတယ် ဆိုရင်တောင်မှ စာသင်ကြားမှုဖြစ်စဉ်ထဲမှ မဟုတ်တော့တာ သေချာတယ်။ ဆရာဆိုတာကို ဘာသာရေး ပယောဂတွေကနေ ကင်းလွတ်ပြီး လူဆန်ဆန်ကြည့်တတ်လာဖို့ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့အချင်းအရာတစ်ခုပဲ ။                                                                                              

မော်ဒန်၊ ပို့စ်မော်ဒန် အယူအဆပိုင်းမှာ ရေးခဲ့သလို ကျွန်တော်တို့ဟာ ပညာရေးကို လောကီဆန်မှု ရှိလာအောင် လုပ်ဖို့ လိုအပ်ပြီလို့ဆို၇င် ဆရာဆိုတာကိုလည်း လောကီဆန်ဆန် ကြည့်မြင်တတ်ဖို့လိုလာပြီ။ တကယ်တော့ အသေအချာ စမ်းစစ်ကြည့်ရင် အထက်ပါဆရာတွေရဲ့ လုပ်ရပ်မျိုးဟာ ယနေ့ကာလမှာမှ ဖြစ်ခဲ့တာမဟုတ်ဘူး။ အာဏာရှင်ခေတ် တစ်လျောက်လုံးမှာ ဖြစ်ခဲ့တာ။ အာဏာရှင်ခေတ်ရဲ့ ခေတ်နောက် ပြန်ဆွဲတဲ့ တနည်းအားဖြင့် အပိတ်သဘောဆန်တဲ့ ဘာသာရေးအမြင်တွေ ထုံမွမ်းထားတဲ့ အတွေးအခေါ် ပရ၀ုဏ်အတွင်းမှာ ဆရာဆိုတာဟာ သာမန်သူထက် လွန်ကဲ မြင့်မြတ်တဲ့ ဘာသာရေး ဆန်မှု တစ်ခုဖြစ်နေခဲ့တာ။ ဒီတော့ ကလေးငယ်တွေအပေါ် ဒီလို ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ပိုင်ခွင့်တွေကို ကျွန်တော်တို့ ကိုယ်၌ကလည်း ကြည်ကြည်ဖြူဖြူ ပေးထားသလိုဖြစ်နေတယ်။ ဆရာတွေကိုယ်တိုင် ကလည်း ငါကတော့ဖြင့် တစ်စုံတစ်ရာ မြင့်မြတ်နေတဲ့ ကောင်းမြတ်မှု (virtues) တစ်ခုကို ပိုင်ဆိုင်နေတယ် ယူပြီး လုပ်ပိုင်ခွင့်တွေအပေါ် အလွဲသုံးစားလုပ်တာတွေဖြစ်ပေါ်နေခဲ့တယ်။                                                                                  

ယနေ့ကာလ စာသင်ကြားရေးမှာ ဆရာတွေရဲ့ လုပ်ပိုင်ခွင့်လျော့ချလာတာ၊ ကလေးဗဟိုပြု ပညာရေးလို အယူအဆတွေ လူထုကြားထဲ ရောက်လာခြင်းဟာ ဆရာတွေရထားတဲ့ ဘာသာရေးဆန်မှုတွေ လျော့ကျလာခြင်းပဲ။ ကျွန်တော် မူလတန်းကျောင်းသားဘ၀ တနည်းအားဖြင့် စစ်အာဏာရှင်ခေတ်မှာ  ဆရာမတစ်ဦးဟာ မြို့နယ်စစ်ဖြစ်တဲ့ လေးတန်းကို တန်းလုံးကျွတ် သင်နိုင်တဲ့အတွက် အတော်ကလေး နာမည်ကြီးတယ်။ ကျောင်းသားမိဘတွေဟာ ဆရာမရဲ့ အတန်းကို သူတို့ကလေးတွေ ၀င်ခွင့်ရဖို့ အလုအယက် ကြိုးစားတယ်။ ဆရာမကိုလည်း သူတို့ကလေးတွေအပေါ် လုပ်ချင်လုပ်နိုင်တဲ့ အာဏာကို အပြည့်အ၀ ပုံအပ်လိုက်တယ်။ ဒါပေမယ့် စာသင်ခန်းအတွင်းမှာ ကလေးတွေဟာ ဘယ်လို ဖြစ်ပျက်နေခဲ့တယ်ဆိုတာကို မိဘတွေရော သိပါရဲ့လား။ ဆရာမရဲ့ ရိုက်နှက်မှုဟာ စကားပြောမိရင် ခုန်ပေါ်တတ် လက်မြောက်နေရပြီး စာမရရင် ဖင်ချွတ်ရိုက်တာကအစ ပါးစပ်နှစ်ဖက်ကို ကော်ပေတံ နှစ်ချောင်းပူး နောက်လှန်ပြီး ရိုက်တာအလယ် နှိပ်စက်နည်းပေါင်းစုံနဲ့ ရိုက်နှက်နေခဲ့တာ။

ဒီလို ကြမ်းတမ်းတဲ့ အပြုအမူတွေကို ကျွန်တော်တို့ဟာအာဏာရှင် ခေတ်တစ်လျောက်လုံး လျစ်လျူထားခဲ့တာ။ ဆရာမရဲ့ နှလုံးသားမှာလည်း ကလေးတွေကို စာမေးပွဲ အောင်ချင်စိတ်နဲ့ ဒီလို ယုံယုံကြည်ကြည် လုပ်နေခဲ့တာ ။ အာဏာရှင်ခေတ်ကလည်း ကြိမ်လုံးနဲ့ မောင်နှင်တဲ့ လူ့အဖွဲ့အစည်း ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှုနဲ့ ဝေဖန်စစ်ကြောနိုင်တဲ့ လူ့အဖွဲ့အစည်းအတွက် ကလေးတွေကို ငယ်ငယ်လေး ကတည်းက ရိုက်နှက်ဆုံးမခွင့် ပေးခဲ့တာ။ ခုတော့ စာသင်ခန်းထဲ လုပ်ပိုင်ခွင့်တွေကို လူ့အဖွဲ့အစည်းက စမ်းစစ်ဝေဖန်လာခဲ့ပြီ။ ဆရာတွေမှာ ရှိတဲ့ ဘာသာရေးဆန်မှု ကို တဖြည်းဖြည်း လျော့ချဖို့ ကြိုးစားလာကြပြီဆိုတာကို တွေ့ရမယ်။ စာသင်ခန်းအတွင်းက အာဏာကို  ဆရာဆီ ကနေ ကလေးငယ်နဲ့တခြားသောအခန်းဂဏ္ဍတွေဆီကို လွဲပြောင်းပေးဖို့လည်း တကယ်လိုအပ်လာနေပါပြီ ။ ဒီသဘောကို နားလည်မှသာလျှင် ကလေးဗဟိုပြုသင်ကြားရေးဆိုတာရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို နားလည်လာမှာဖြစ်တယ် ။

သင်ကြားခြင်း (Teaching )

သေနတ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ရတာ လွယ်တယ်။ စာသင်ခန်းထဲ ကြိမ်လုံးကိုင်ပြီး သင်ရတာ ကျောင်းသား တွေကိုအလွယ်တကူ စည်းကမ်းလိုက်နာအောင်လုပ်နိုင်တယ် ။ ယခင်က စာသင်ကြားခြင်းမှာ ဆရာတွေဟာ သူတို့ ကျောက်သင်ပုန်းမှာ ရေးထားတဲ့စာတွေကို ကလေးငယ်တွေအပေါ် သူတို့လက်ထဲက ကြိမ်လုံးနဲ့ ကိုင်ကိုင်ပြီး ထောက်ပြ ရွတ်ဆိုခဲ့တယ် ။ စဉ်းစားကြည့်ကြပါဦး ။ ဒီလို လူ့အဖွဲ့အစည်းအတွင်း ကျွန်တော်တို့ကလေးငယ်တွေ ဘယ်လို ရှင်သန် ရပ်တည်ခဲ့ရရှာသလဲဆိုတာ ။ ကျောက်သင်ပုန်းပေါ်က စာကို ကြိမ်လုံးနဲ့ ထောက်ထောက်ပြပြီး ရွတ်ဆိုခိုင်း ခံ၇တာဟာ ယနေ့ကာလမှာ အသေးအဖွဲ့ကိစ္စ မဟုတ်တော့ဘူး။ အသေးအဖွဲ့ကိစ္စ ဆိုရင်တောင် ကျွန်တို့ဟာ ပညာသင်ကြားခြင်းမှာ အဲဒီလို အသေးအဖွဲ့ကလေးတွေက စပြီးပြင်ရမှာ။ ပညာရေးရဲ့နေရာတိုင်းမှာ အပြုအမူတိုင်းမှာ  ကျွန်တော်တို့ အပေါ် ခြိမ်းခြောက်မှုတွေကို သိစိတ်ရှိရှိနဲ့ဖြစ်စေ၊ မသိမသာဖြစ်စေလုပ်နေခဲ့ကြတာ။ ကျောက်သင်ပုန်းပေါ် က စာကို ကြိမ်းလုံးနဲ့ ထောက်ပြရင်း ကျွန်တော်တို့ လိုက်ဆိုခဲ့ရတာတွေဟာ ကလေးငယ်တွေရဲ့ မသိစိတ်ထဲကို အကြောက်တရားဆိုင်ရာနဲ့ အမိန့်နာခံမှုကို မသိမသာ သွပ်သွင်းနေတာ။

ခုတော့ဖြင့် ကျွန်တော်တို့တွေက ဆရာတွေလက်ထဲက စစ်လက်နက် တစ်မျိုးဖြစ်တဲ့ ကြိမ်လုံးကို ရုပ်သိမ်းလိုက်ပါပြီ။ စာသင်ခန်းထဲမှာ ကြိမ်လုံးဆိုတာ မရှိတော့တဲ့အခါ သင်ကြားခြင်းနဲ့ သင်ယူခြင်းကြားထဲက ပုံစံတစ်ရပ်ကိုတော့ဖြင့် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်ဖို့ လိုလာတာတော့ အမှန်ပဲ   သင်ကြားခြင်းနဲ့ သင်ယူခြင်းနှစ်ဆက်ဆံမှုကြားထဲက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို စဉ်းစားတွေး ခေါ်ပြထားတဲ့ အရေးအသားတွေအများကြီးပါပဲ ။ ဂျွန်ဂျူဝီကဆိုရင် “သင်ကြားခြင်းနဲ့ သင်ယူခြင်း ကြားထဲက အဆက်အစပ် ဟာ ရောင်းခြင်းနဲ့ ၀ယ်သူခြင်းကြားထဲက အဆက်အစပ်လိုပဲ တိတိကျကျတူညီမှုရှိတယ်။  တပည့်တွေ သင်ယူမှုမှာ တိုးတက်လာဖို့ရာ တစ်ခုတည်းသောနည်းလမ်းကတော့  တကယ့်စစ်မှန်တဲ့ သင်ကြားခြင်း အရည်အသွေးနဲ့ အရေ အတွက်တွေကို တိုးပွား များပြားအောင်လုပ်ပေးဖို့ပဲ။  သင်ယူခြင်းဆိုတာ တပည့်တွေ ကိုယ်တိုင် ကိုယ့်ဘာသာကိုယ် လုပ်ရမယ့်အရာ ၊ ကိုယ့်အတွက်ကိုယ်လုပ်ရမယ့်အရာပဲ။  စတင်ဦးစီဦးဆောင် ဆောင်ရွက်ရမယ့် သူဟာ သင်ယူသူပဲ ။  ဆရာဆိုတာက လမ်းညွန်ပေးမယ့်သူ၊ ညွှန်ကြားပေးမယ့်သူပဲ။ ဆရာက  လှေကို ပဲ့ကိုင်မယ်၊ လှေရွေ့လျားမယ့် စွမ်းအင်က တပည့်ဆွေဆီကသာ လာရမယ်” လို့ ဆိုတယ်။ 

ဂျွန်ဂျူဝီရဲ့ အတွေးအခေါ်ဟာ ဆရာကို ဘာသာရေးဆန်မှုပုံစံ တစ်ရပ်ကနေ လျော့ချလိုက်တာဖြစ်တယ်။ ပြီးတော့ အာဏာရှင်တစ်ဦးလို လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်းလိုက်ရာလည်း ရောက်တယ်။ ပြီးတော့ တပည့်တွေအပေါ် ဆရာဟာ လေးစားပေးရတဲ့ အနေအထားတစ်ရပ်ကို  စည်းကမ်းနဲ့ ကျင့်ဝတ် ပုံစံမျိုးအရမဟုတ်ဘဲ သင်ကြားခြင်းနဲ့ သင်ယူခြင်းဆိုတဲ့ ဆက်သွယ်ေ၇းပုံစံထဲမှာ ထည့်သွင်းပေးလိုက်တာ။                                  ဂျူဝီက သင်ယူသူရဲ့ အခန်းဂဏ္ဍကို ပိုပြီဦးစားပေးလိုက်တယ်။ နောက်တစ်မျိုးတွေးရရင် ဆရာတွေရဲ့ ရည်၇ွယ်ချက်၊ စေတနာဆိုတာတွေ အပေါ်ကို အယုံအကြည် မရှိတော့တာပဲ။ ဆရာဟာ သက်ဆိုင်ပညာရပ်ကို တတ်ကျွမ်း တာမှန်ပေမယ့် ဦးဆောင်သင်ကြားခြင်းမှာ သူရဲ့ ရည်၇ွယ်ချက်တွေအတွင်းဆုံးဖြတ်ချက်တွေချမှတ်မှာ ။ ဆိုခဲ့ သလို ကြိမ်လုံးနဲ့ ကလေးတွေရွတ်ဆိုရမယ့် စာကို ထောက်ပြချင် ထောက်ပြနေတော့မှာ။

ဂျူဝီရဲ့ အမြင်ဟာ ကလေးဗဟိုပြု၊ သင်ယူသူဗဟိုပြု ပညာရေးကို အများကြီး ဖြည့်ဆည်းပေးတယ်။ ပြီးတော့ သင်ကြားခြင်းနဲ့ သင်ယူခြင်းထဲမှာ ဆရာရဲ့ ဗရမ်းဗတာ လုပ်ပိုင်ခွင့်နဲ့ ရည်ရွယ်ချက်တွေ မရှိလေ ကောင်းလေပဲ။ လက်တွေ့ ပရက်ဂမာတစ် တစ်ဦးဖြစ်တဲ့ ဂျူဝီဟာ ဆရာ ဆိုတာကို လူဆန်ဆန်ကြည့်မြင်ခဲ့ပြီး  ဆရာဆီမှာ ပေးအပ်ထားတဲ့ ကောင်းမြတ်မှု (Virtue) ဆိုတာကို သင်ကြားခြင်းနဲ့ သင်ယူခြင်းကြားထဲက ကြောင်းကျိုးညီညွတ်တဲ့ လောဂျစ်အဖြစ်သတ်မှတ်ထားမှုကို ဖယ်ခွာပေးခဲ့နိုင်တာကိုလည်းတွေ့ ရမယ်။

ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း (Critical Thinking)

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အရေးအပါဆုံး အရာတွေထဲမှာ ပညာရေးဟာ အရေးကြီးတဲ့အရာ တစ်ခုပဲ။ ပလေးတိုး ရူးဆိုး၊ ကန့်တို့ကစလို့ ဒဿနပညာရှင်တွေတော်တော်များများဟာပညာရေးဟာ လူ့အဖွဲ့အစည်းကြီးအတွက် အရေးပါကြောင်းကို ဆွေးနွေးခဲ့ကြတာ ချည်းပါပဲ။  ပညာေ၇းက လူတွေရဲ့ အကျင့်စ၇ိုက်နဲ့ အပြုအမူတွေ ၊ တွေးခေါ်ပုံတွေ ကို သူလူမှန်းမသိခင် ငါးနှစ်သား အရွယ်လောက်က စပြီး အင်စတီကျူးရှင်းအလေ့အကျင့်အတွင်းထည့်ပြီး ထိန်းချုပ်ထား နိုင်တယ် ။  ယခင်က ကားလ်မာ့က်စ်ကို မှားမှားယွင်းယွင်း အနက်ပြန်သူတွေက စီးပွားရေး အဆောက်အအုံဟာ လူတွေ အပေါ်ထိန်းချုပ်ထားနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ ယခုနောက်ပိုင်းမှာတော့ အာသူဆေတို့လို ဒဿနပညာရှင် တွေကိုယ်၌က ပညာရေးဟာ လူတွေရဲ့ လူမှုရေး အလေ့အကျင့်နဲ့ အတွေးခေါ်ပုံကို ထိန်းကျောင်းနိုင်တဲ့ လက်နက်ကိရိယာ တစ်ခုဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ကြတယ်။                                                                                                  

အာသူဆေရဲ့အမြင်ဟာ အစဉ်အလာ မာ့က်စ်ဝါဒကနေ ဖောက်ထွက်ပြီး မြင်လာခဲ့တဲ့အမြင်ပဲ ။ ဒါကို အဆောက်အအုံလွန်ဝါဒီ တစ်ဦးဖြစ်တဲ့ ကတ်သရင်းဘယ်ဆေကပဲ “၁၉၇၀ ခုနှစ်များက စာပေးသင်ကြားပို့ချနေတဲ့ ကျွန်မ တို့တစ်တွေဟာ ISAs (Ideological State Appratus) ၀ါ နိုင်ငံတော်ရဲ့ အိုင်ဒီယိုလိုဂျီလက်နက်အပေါ် ရေးထားတဲ့ အာသူဆေအက်ဆေး ဘာသာပြန် ပထမဆုံးထွက်လာတဲ့ အချိန် ထိတ်လန့်တုန်လှုပ်သွားတယ် ” လို့ ဆိုတယ် ။ တနည်း အာဖြင့် လူသားရဲ့တွေးခေါ်မျှော်မြင်မှု ပုံစံကို ပိုမိုတိုးတက်ကောင်းမွန် လာအောင်ပဲ ဖြစ်ဖြစ်၊ ဆုတ်ယုတ် ပျက်စီးသွားအောင်ပဲ ဖြစ်ဖြစ်လုပ်နိုင်တဲ့  နိုင်ငံတော်က ချုပ်ကိုင်ထားတဲ့ အိုင်ဒီယိုလိုဂျီတွေထဲမှာ စီးပွားရေး ထုတ်လုပ်မှု ဖြစ်စဉ်သာ မကတော့ဘဲ၊ ပညာရေးဆိုင်ရာ  နိုင်ငံတော် အိုင်ဒီယိုလိုဂျီလက်နက် (Education ISA) ကိုပါ အရေးပါတဲ့ အရာအဖြစ် ထည့်သွင်းလာခဲ့တာ။ ဒါကိုပဲ  ဘဲလ်ဆေက ဆက်ပြီး “ အာသူဆေရဲ့ တင်ပြချက်က ကျောင်းနဲ့ တက္ကသိုလ်တွေဟာ စီးပွားရေး အဆောက်အအုံတစ်ခုရဲ့အဆင့်တိုင်းမှာ အလုပ်အကိုင်ရရှိဖို့အတွက် လူငယ်တွေ ပြင်ဆင်ရတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို ပယ်ဖျက် ပစ်လိုက်ရုံသာ မကဘူး၊ စာသင်ကြားခြင်း ၊ ရေးသားခြင်း ၊ သင်္ချာတွက်ခြင်း စတဲ့ ဖြစ်စဉ်ထဲမှာပင်လျင် အမိန့်နာခံခြင်း ၊ လိုက်လျောလွယ်ခြင်း၊ ၁၉ရာစု ၀ထ္တုတွေမှာတွေ့ရတဲ့ ဇာတ် ကောင်ရဲ့ ပုံစံမျိုးဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံတွေဖြစ်တဲ့ အမိန့် ဘယ်လိုပေးရမယ်၊ ကိုယ့် လူ့အဖွဲ့အစည်းကို ဘယ်လို ထမ်းဆောင်ရမယ်ဆိုတဲ့ ညွန်ကြားချက်ကို ပေးတယ် ။ အတိုချုပ်ပြောရရင်တော့  ပညာရေးအင်စတီကျူးရှင်းက သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မသိစိတ်ထဲအထိ စွဲမှတ်အောင်သွန်သင်တယ် ။ ကိုယ့်စည်းကမ်းကိုယ် ထိန်းသိမ်းရမယ်ဆိုတဲ့ သွန်သင်မှု ၊ တပည့်တွေကို လူ့အဖွဲ့အစည်းထဲ ၀င်ရောက်ဖို့ တွန်းအားပေးပြီး သူတို့အလုပ်သူတို့လုပ်ခြင်းဖြင့် မူလအခြေ အနေ တစ်ရပ်ကို ထိန်းသိမ်းဖို့ တွန်းအားပေးတယ်။ မကြာသေးခင်က ဥပမာတစ်ခုပြရရင် လိင်ပညာပေးကို မိသားစု တန်ဖိုး စံတွေရဲ့ အဆက်အစပ်ထဲကသာလျင်ပေးဖို့ ရည်ရွယ်ချက်ဟာ ကောင်းကြောင်း တောင်းဆိုမှုတွေရှိလာတာ ကို ထုတ်ပြရမယ် ။ ကျွန်မတို့ သိတဲ့ အတိုင်းပဲ မိသားစု ဆိုတာ ကလေးတွေအမိန့်နာခံဖို့၊ လိုက်လျောလွယ်ဖို့၊ သူတို့ အသိုင်း အ၀ိုင်းရဲ့ တန်ဖိုးတွေကိုသာ အမှန်အဖြစ် သင်ယူဖို့အတွက် နောက်ထပ်နေရာတစ်ခုဖြစ်တယ် ” လို့ ဆိုတယ်။                                 

ပညာရေး အင်စတီကျူးရှင်းက ကျွန်တော်တို့ကိုယ် သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ တန်ဖိုးစံအတွင်း သွပ်သွင်းပေးတာကို အာသူဆေရဲ့ အမြင်မှာတွေ့ရမယ်။  အာသူဆေက ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ဖြတ်သန်းခဲ့ ရတော့ကာ အဲဒီလိုသွပ်သွင်းမှုကို အကောင်းအဆိုးရယ်လို့ခွဲပြောမသွားဘူး။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေး နဲ့ အိုင်ဒီယိုလိုဂျီစနစ်အရ သူ့ဟာနဲ့သူသွားမှာပဲ ။ ဒါပေမယ့် သေချာတာ တစ်ခုက ပညာရေးအင်စတီကျူးရှင်းက သူ့ရဲ့ သဘော သဘာဝကနေပြီး လူသားရဲ့ တွေးခေါ်ပုံနဲ့ အပြုအမူတွေအပေါ် အလေ့အကျင့် တစ်စုံတစ်ရာကို ဖြစ်ပေါ်စေ တယ်လို့တော့ ဆိုရမယ်။ ကျွန်တော်တို့ရဲ့ နှစ်ငါးဆယ်ကျော်အာဏာရှင် ပညာရေးလက်အောက်မှာနေထိုင်မှုဟာ  ကျွန်တော်တို့ရဲ့ တွေးခေါ်မှုနဲ့ပုံစံတွေမှာ အာဏာရှင်ဆန်တဲ့ တစ်ဖက်သက်တွေးခေါ်ပုံမျိုးကို ပညာရေးကနေ သွတ်သွင်း နေတာတော့အမှန်ပဲ။                                                                                                                                         

စာသင်ခန်းတွေထဲမှာ ကျောင်းသားတွေဟာ ဆရာချမှတ်ပေးတဲ့စာကို အလွတ်ကျက်မှတ်နေရတိုင်း ၊ ပြဿနာ တစ်ရပ်ကို ကျောင်းသားတွေ လွတ်လွတ်လပ်လွပ်ချည်းကပ်ခွင့်မရတာကို ကျွန်တော်တို့တွေ့နေရာတိုင်း ကျွန်တော်တို့ ပညာရေးမှာဖြင့် ဝေဖန်ပိုင်းခြားခြင်း အတွေးအခေါ် (Critical Thinking) ကိုထည့်ဝင်ပေးဖို့ အလျင်စလိုအပ်နေပါပြီလို့ သတိပေးနေတယ် ။ ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဟာ ပညာရေးအတွက် အတိုင်းအတာတစ်ခုအထိ လိုအပ်တဲ့ အရာပဲ။ ပညာရေးအတွက်အရေးပါတဲ နေရာကနေပါဝင်တယ် ။ တနည်းအားဖြင့် အာဏာရှင် အလေ့အကျင့်တွေ ထုံမွမ်းနေတဲ့ အရာတွေကို ပယ်ဖျက်နိုင်ဖို့ ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးမှာ သင့်တင့် လျောက်ပတ်စွာ တည်ဆောက်ထားဖို့တော့ လိုအပ်တယ် ။ သိပ်မကြာခင်နှစ်က ပညာရေးချည်းသက်သက်ဂျာနယ် တစ်စောင်ရဲ့ အယ်ဒီတာက မိတ်ဆွေတစ်ဦးထံကို ပညာရေးနဲ့ ပတ်သတ်တဲ့ စာမူတစ်ခုတောင်းတယ် ။ စာမူပေးသူဝါ ပညာရေးနဲ့ ပတ်သတ်လို့ ကျွမ်းကျင်သူမိတ်ဆွေက ဝေဖန်ပိုင်းခြားခြင်း အတွေးအခေါ်အကြောင်းကို ပေးအပ်လိုက်တယ် ။ ဒီအခါ ပညာရေးဂျာနယ်၇ဲ့ အယ်ဒီတာက စာမူကို မထည့်ခဲ့ဘူး ။ အယ်ဒီတာရဲ့ အကြောင်းပြချက်က ပညာရေးနဲ့ သိပ် မဆိုင်လှလို့ ဆိုတယ် ။ ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးထဲက တစ်ခုတည်းသော ပညာရေးရဲ့ အယ်ဒီတာ တစ်ဦးရဲ့ စကားပါပဲ။

တနည်းအားဖြင့် ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းနဲ့ ဘယ်လောက်အထိဝေး နေသလဲဆိုတာကိုလည်း ပြနေရာရောက်တယ် ။ ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ပညာရေးအဆောက်အအုံ အတွေး အခေါ်အတွင်း ၊ သင်ကြားရေးနဲ့ သင်ယူမှုပုံစံအတွင်း ၊ ပညာရေးပေါ်လစီတွေအတွင်း လိမ္မာပါးနပ်စွာ နည်းလမ်းအမျိုးမျိုး နဲ့ ထည့်ဝင် ထားရမယ့် အရာသာမဟုတ်ဘူး ၊ ဒီအကြောင်းကို ဖော်ပြရေးသားထားတဲ့ စာအုပ်ရယ်လို့ မရှိသလောက်ဖြစ်နေတာကိုတောင်မှတွေ့ရတယ် ။                                                                                     ဒဿနပညာရှင်တွေအတွက်တော့ ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဆိုတာ လေ့လာသင်ယူလို့ရနေတဲ့ အတွက် ဆင်ခြင်မှုအခြေခံ သာမန်တွေးခေါ်ပုံနည်းတစ်ခုလောက် သာမှတ်ယူကောင်းမှတ်ယူနိုင်ပေမယ့်  ပညာရေးဒဿနနယ်မှာ တော့ ကြီးကြီးမားမား အလေးထား ဖွံ့ဖြိုးလာတဲ့ အတွေးအခေါ် တစ်ခုဆိုတာငြင်းမရနိုင်ဘူး ။ တနည်းအားဖြင့် ဆရာ ၊ ဆ၇ာမတွေ၇ဲ့ပုဂ္ဂလဆန်တဲ့ အတွေးအခေါ်အတွင်းက ဖယ်ခွာပေးရာလည်းရောက်သလို ၊ ဆရာတွေအပေါ် ဘာသာရေး ဆန်ဆန်ရှုမြင်ထားမှုကို လျော့ချပေးမယ့် တွေးခေါ်ပုံနည်းလမ်း တစ်ခုလည်းဖြစ်တယ်။

အထူးသဖြင့် အမေ၇ိကန် တက္ကသိုလ်တွေမှာ လွန်ခဲ့တဲ့ နှစ် သုံးလေးဆယ်လောက်က စပြီး ဖွံဖြိုးလာတယ်။ ကျောင်းသားတွေကို သူတို့ရဲ့ အတွေးအခေါ်ထဲ မှာ ပါဝင်နေတဲ့ အကြောင်းအရာမှန်သမျှကို ဝေဖန်ပိုင်းခြားစိစစ်တတ်အောင်သင်ကြားပေးဖို့ကြိုးစားတာပဲ။ ပညာရေး နယ်ပယ်ထဲမှာ သင်ကြားနေတဲ့ သိပံ္ပံ၊ သင်္ချာ ၊ စာပေတို့မှာသာ မကဘူး ၊ လက်တွေ့ဘ၀ထဲက ကိစ္စကိုပါစဉ်းစားနိုင်တယ်။  အနောက်တိုင်း တက္ကသိုလ်တွေရဲ့ ဌာနအားလုံးဟာလည်း ဝေဖန်ပိုင်ခြားခြင်းအတွေအခေါ်အကြောင်းကို လေ့လာ စူးစမ်းကြ၊ သိမြင်လာအောင် လုပ်လာကြတယ် ။                                                                                                                       

ဒါဖြင့် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဆိုတာ ဘာလဲ ။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဆိုတာ  လူ့ရဲ့ စိတ်နဲ့ တွဲဖက်နေတဲ့ သိမှတ်နားလည်မှု အပြုအမူတစ်ရပ်ပဲ လို့ဆိုရင် အတော်ကလေး စိတ်ပိုင်းဆိုင်ရာဆန်တဲ့ ရှင်းလင်းချက်မျိုး ဖြစ်သွားနိုင်တယ်။ ဒီလို အဖြေမျိုးပဲ ပေးလို့ ဖြစ်နိုင်တယ်။ အကြောင်းက ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်းဆိုတာ ပြုမူလုပ် ဆောင်ပုံ (activity) တစ်မျိုး ၊ နောက် ဖြစ်စဉ် (Process) တစ်ခုဖြစ်နေလို့ပဲ။ ဒါပေမယ့် သူ့မှာပါဝင်တဲ့ အခြေခံ အကြောင်းအရာ ကလေးတွေတော့ ရှိတယ် ။ ဝေဖန်ပိုင်းခြားခြင်း အတွေးအခေါ်မှာ ရည်ရွယ်ချက်ကို ရှာဖွေတာ ၊ အမျိုးအစားခွဲခြားတာ ၊ လက်ရွေးစင်ရွေးချယ်တာ နောက် စီရင်ချက်ချတာတွေကို အသုံးပြုပြီး  ခွဲခြမ်းစိတ်ဖြာ စိစစ်ခြင်းနဲ့ တန်ဖိုးဖြတ်ခြင်း တွေလုပ်ရင် ဝေဖန်ပိုင်းခြားပေးတယ် ။ ဆင်ခြင်မှုကို အသုံးချတာဖြစ်ပေးမယ့် သူ့ရဲ့ စနစ် တစ်စုံတစ်ရာ အတွင်းကနေ လုပ်ကိုင်တွေတာပဲ။

ဆရာတွေအနက်ပြန်ချင်သလိုပြန်ထားတဲ့အရေးအသားကို ကြိတ်မှတ်လက်ခံထားပေးရတာမျိုး မဟုတ်ဘူး ၊ တနည်းအားဖြင့် သူရဲ့ ဆင်ခြင်မှုပုံစံဟာ  ပုဂ္ဂိုလ်ရေးနဲ့  စိတ်လှုပ်ရှားမှုသက်သက်အပေါ်အခြေခံထားတဲ့ ဆင်ခြင်မှုကနေ ကွဲထွက်နေတဲ့ ဆင်ခြင်မှုပုံစံတစ်မျိုးပဲ ။  ပုဂ္ဂလိက သဘောထက် သင်ကြား ၊ တည်ဆောက်ထားတဲ့ နည်းလမ်းတွေအပေါ်အထူးပြုပြီးဝေဖန်ပိုင်းခြားတဲ့ နည်းလမ်းတစ်ရပ်ပဲ ။                                                                                  ဝေဖန်ပိုင်ခြားတွေးခေါ်ခြင်း ဖြစ်စဉ်ထဲမှာ -

-       တခြားသောလူတွေရဲ့ အနေအထား ၊ အဆိုနဲ့ မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်ခွဲခြားသတ်မှတ်တာ

-       အထောက်အထားတွေကို ရှုထောင့်ပေါင်းစုံကနေ တန်ဖိုးဖြတ်ကြည့်တာ

-       ဆန့်ကျင်ဘက် အဆိုတွေနဲ့ အထောက်အထားတွေကို မျှမျှတတ ချိန်ခွင်လျာကြည့်ပေးတာ

-        စာကြောင်းတွေကို စေ့စေ့စပ်စပ်ဖတ်ရှုတာ ၊ ဆိုလိုချက်အပေါ်ယံကြောနောက်ကွယ်ကိုပါ သိအောင်လုပ်တာ၊ မှားယွင်းပြီးမမျှတတဲ့ အယူအဆတွေကို ခွဲခြား ဖော်ထုတ်တာ

-       ပိုပြီးကောင်းမွန်တဲ့ ဆင်ခြင်မှုတက်ခနိတွေကို ရှာဖွေဖော်ထုတ်ပြတာ

-        အကြောင်းအရာ တွေးခေါ်ပုံ အဆောက်အအုံတစ်ခုကို ဖန်တီးပြရင်း လောဂျစ်ထုတ်ပြီးအမြင်တစ်ရပ် မွေးဖွားပေးတာ         

-       ကောင်းမွန်တဲ့ အထောက်အထားတွေအပေါ်အခြေခံပြီး အဆိုတစ်ရပ်ဟာ မှန်ကန်မှုရှိမရှိ ၊ တရားမျှတမှု ရှိမရှိကို ကောက်ချက်ဆွဲပြတာ

-       တခြားသူတွေကို ယုံကြည်နိုင်လောက်တဲ့ ကြည်လင်ရှင်းလင်တဲ့ ဆင်ခြင်မှုပုံစံကို အသုံးပြု တည်ဆောက်ပြရင်  အမြင်တစ်ရပ်ကို ထုတ်ဖော်ပြတာတွေ ပါဝင်တယ် ။

ကျောင်းသားတွေအနေနဲ့  ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကအများကြီးပဲ။ ပညာရှင်ပေါလ်က အားနည်းတဲ့ ဝေဖန်ပိုင်ခြားခြင်းနဲ့ အားကောင်းတဲ့ ဝေဖန်ပိုင်ခြားခြင်းရယ်လို့ခွဲတယ် ။ အားကောင်း တဲ့ ဝေဖန်ပိုင်ခြားခြင်းမှာ  ကွဲပြားခြားနားတဲ့ ကမ္ဘာ့အမြင်အမျိုးမျိုးကိုတောင် ဖွံ့ဖြိုးလာစေပြီး၊ အတ္တဗဟိုပြု ကိုယ့်ရဲ့ နယ်မြေနဲ့ လူ့အဖွဲ့အစည်းအပေါ်ကိုသာဗဟိုပြုထားတဲ့ ယူဆချက်တွေကိုတောင်ရှောင်လွဲသွားစေနိုင်တယ် ။ အဲဒီလို ရှောင်လွဲနိုင်တဲ့အပြင် အသိပညာဆိုင်ရာကောင်းမြတ်မှု (Intellectual virtues)တွေလို့ဆိုရမယ့် ရိုးသားမှု ၊ သတ္တိ နဲ့ နှိမ့်ချမှု တွေကိုပါ ရရှိစေနိုင်တယ်လို့ဆိုတယ် ။ စတဲလ်လာကော့ထရဲကလည်းသူရဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း ဆိုတဲ့ စာအုပ်မှာ သူ့ရဲ့ အကျိုးအမြတ်တွေကို -

-       အာရုံစူးစိုက်မှုနဲ့ လေ့လာစူးစမ်းမှုအားကောင်းလာခြင်း

-        စာဖတ်ခြင်းအပေါ် စနစ်တကျ အာရုံးစိုက်ချည်းကပ်လာနိုင်ခြင်း

-       စာထဲမှာပါတဲ့ အရေးမကြီးတဲ့အချက်တွေနဲ့ ဝေ့လည်လည်ဖြစ်နေခြင်းထက် အဓိကအချက်အလက်တွေကို ခွဲခြာ ဖော်ထုတ်နိုင်တဲ့ အရေးအသွေးတိုးတက်လာခြင်း

-       စာထဲမှာပါတဲ့ တုံ့ပြန်စရာ အချက်ကို တုံ့ပြန်မှုလုပ်နိုင်တဲ့ အရည်အသွေးတိုးတက်လာခြင်း

-       ကိုယ့်ရဲ့ အမြင်ကို ဘယ်လိုဖော်ပြရမလဲဆိုတဲ့ အသိပညာတိုးတက်လာခြင်း

-       အခြေအနေအမျိုးမျိုးမှာ အသုံးချနိုင်တဲ့ ခွဲခြားစိစစ်နိုင်စွမ်းတိုးပွားလာခြင်းပဲ ။

ဒီသဘောသကန်လောက်ကို မြည်းကြည့်ရုံနဲ့ ကျွန်တော်တို့ရဲ့ပညာရေးမှာ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဟာ ဘယ်လောက် အထိ အလျင်အမြန် လိုအပ်နေပြီလဲဆိုတာကို သိနိုင်တယ် ။ တစ်ခါက ကျွန်တော်ကြုံတွေ့ခဲ့ရဖူးတဲ့ ကလေးငယ်တစ် ယောက်ဟာ “ ဦးပေါင်းကျားနှင့် မြင်းကျားရှင်သည် မည်သူဖြစ်သနည်း - ဦးပေါင်းကျားနှင့် မြင်ကျားရှင်သည် အလောင်း စည်သူမင်းကြီးဖြစ်ပါသည် ” ဆိုတာကို ဆယ်ကြိမ်းထက်မနည်း အလွတ် ကျက်မှတ်နေရရှာတဲ့ ပညာရေးမျိုးကနေ ကင်းလွတ်ဖို့ရာ သင်ကြားနည်းတစ်ရပ်အတွက် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဟာ လိုအပ်နေပြီလို့ဆိုရမယ် ။

ဒီစထရပ်တစ်ပညာရေး (destructive education)

ဒီဝေါဟာရဟာ ပညာရေးဆိုင်ရာ အဘိဓါန်တွေထဲမှာ ဘယ်လိုလိုက်ရှာရှာတွေ့ရမယ့် အယူအဆမဟုတ်ဘူး ။ အကြောင်းက လက်ရှိ ဖော်ဆောင်ရမယ့် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနေအထားတစ်ရပ်ကို ကျွန်တော်တွေးခေါ်ထားတဲ့ အယူအဆ တစ်ရပ်ဖြစ်တဲ့ အတွက်ပဲ ။ တစ်ခါက စာပေဆိုင်ရာ သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်ရင်း ကျွန်တော်အလွန်နှစ်ခြိုက်တဲ့ စကားလုံးတစ်လုံးကနေ ယူထားတာပဲ ။  ဘားကိုဗစ်ခ်ျတို့ရေးတဲ့ အမေရိကန်စာပေ သမိုင်းစာအုပ်ကို ဖတ်တဲ့အခါမှာ  အမေရိကန် ကဗျာဆရာတွေဟာ အသစ်တီထွင်ဖန်တီးမှုကို သူ့အတိုင်းရိုးရိုးလေး မလုပ်နိုင်ရရှာဘူး ။ အကြောင်းက သူ့ရှေ့ က အဲလိယက်တို့လိုကဗျာဆရာကြီးတွေရဲ့ လွှမ်းမိုးမှုဟာ ပုံစံမျိုးစုံနဲ့ လူ့အဖွဲ့ အစည်း ထဲ စိမ့်ဝင်ပြန့်နှံ့နေတော့ကာ သူတို့ဟာ ရှေ့မှာ လွှမ်းမိုးထားတဲ့ စံတွေ ၊ တန်ဖိုးတွေ၊ ရသဆိုင်ရာအမြင်တွေကို ပြန်တွန်းလှန်ဖျက်ဆီးနိုင်မှာသာ အသစ်တီထွင် ဖန်တီးမှုလုပ်နိုင်မယ်လို့မြင်လာကြတယ် ။  ဒါကြောင့် သူတို့ရဲ့ တီထွင်ဖန်တီးမှုဟာ တီထွင်ဖန်တီးမှုသက်သက်မဟုတ်ဘဲ ရှေ့က တန်ဖိုးစံတွေကို တွန်းလှန်းရင်း ၊ ပြန်ဖျက်ရင်း တပြိုင်နက်တည်း အသစ်တီထွင်မှုလုပ်နေရတဲ့အတွက် Destructive Creation လို့ သုံးကြတယ် ။                                    

ကျွန်တော်တို့ရဲ့ ပညာရေးဟာလည်း အလာတူးတည်ဆောက်ဖို့လိုတယ်လို့ ဆိုရမယ် ။ ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ ပညာရေးဟာ နှစ်ပေါင်း ငါးဆယ်လောက် အာဏာရှင်အလေ့အကျင့်တွေနဲ့ စိမ့်ဝင်ပျံ့နှံ့နေတာ ။ ကျောင်းသားတွေ ၊ ဆရာတွေ၊ သင်ရိုးညွန်းတမ်းနဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံးမှာသာမကဘူး ၊ ကျွန်တော်တို့ မိသားစုဝင် တွေနဲ့လူ့အဖွဲ့တစ်ခုလုံးမှာပါ စိမ့်ဝင်ပျံ့နှံ့နေတာ ။ တနည်းအားဖြင့် ဦးပေါင်းကျားရှင်နှင့်မြင်ကျားရှင်သည် အလောင်း စည်းသူမင်းကြီးဖြစ်ပါသည် ဆိုတာကို အကြိမ်ကြိမ်းအလွတ်ရွတ်ဆိုနေရလောက်အောင် တွေးခေါ်မျှော်မြင်မှုနဲ့ လေ့လာစူး စမ်းမှုကို ဦးစားပေးမခံခဲ့ရတာ ။ နောက်တိုင်းပြည်ရဲ့ ဘဏ္ဍာတစ်ဝက် ၀ါ အုပ်ချုပ်မှုပုံစံတစ်ဝက်ကို လမ်းပေါ်မှာ ခုန်ပေါက် ပြေးလွှားနေတဲ့  ရေသည်ယောက်ျားကို လွှဲပေးလိုက်ခြင်းအပေါ် ဘုရင်ရဲ့အသိပညာကင်းမဲ့မှုရယ်လို့ အနက်မပြန်ဘဲ ဘုရင်ရဲ့ ရက်ရောက်မှုလို့ အနက်ပြန်တဲ့ ပညာရေးပုံစံထဲမှာ ရှိနေတာ ။ ကျောင်းသားတွေကို တင်းကြပ်တဲ့ သင်ကြားရေး ပုံစံနဲ့သာမကဘူး ၊ စည်းမျဉ်း စည်းကမ်းပုံစံ အမျိုးမျိုးထဲမှာ အမိန့် နာခံတတ်အောင်လုပ်ထားတာ ။  ဒီလိုနှစ်ငါး ဆယ်လောက် လုပ်ထားတော့ကာ အမှန်တရား တစ်ရပ်လို ဖြစ်နေတဲ့ အာဏာရှင် တန်ဖိုးစံတွေကိုပါ ပြန်ဖျက်ရင်း လစ်ဘရယ် တန်ဖိုးစံတွေပါ တပြိုင်နက် တည်ဆောက်နေဖို့တော့ လိုတယ်။

နှစ်ငါးဆယ်လောက် လူ့အဖွဲ့အစည်းရဲ့ အဆောက်အအုံ အမျိုးမျိုးမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ ပညာရေးကို မျက်လှည့်စရာ အပ်ချလောင်းလုပ်သလို လစ်ဘရယ်ပညာရေးပုံစံ အစားထိုး လိုက်ရုံနဲ့ အလွယ်တကူ လစ်ဘရယ်တန်ဖိုးစံတွေ ရလာမှာမဟုတ်ဘူး ။ ရှေ့က လွှမ်းမိုးထားတဲ့ တန်ဖိုးစံတွေက အစားထိုးလာတဲ့အရာကို အကြီးအကျယ် ဗရုတ်သုခဖြစ်အောင်လုပ်မှာ ဖြစ်တဲ့အတွက်အောင်မြင်တဲ့ ပညာရေးတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး ။ ကျွန်တော်တို့ဟာ အစားထိုးလိုက်ရုံနဲ့ မပြီးသေးဘူး။ တနည်းအားဖြင့် ကျွန်တော်အစားထိုးလိုက် တဲ့ ပညာရေးဟာ အရှေ့က အာဏာရှင်တန်ဖိုးစံတွေကို ခပ်ကြမ်းကြမ်းဖျက်ရင်းလစ်ဘရယ်ပညာရေးတန်ဖိုးစံတွေကို တည်ဆောက်ရင်းဆိုတဲ့ အလုပ်နှစ်ခုကို တပြိုင်တည်းအလုပ်လုပ်ပေးနေတဲ့ ပညာရေးဖြစ်ဖို့အရေးကြီးတယ် ။ ပညာရေးပေါ် လစီအပေါ် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးမှုဟာ ရှေ့က အာဏာရှင်တန်ဖိုးစံတွေကို ဖျက်ရင်း  တီထွင်ဖန်တီးမှုကို လုပ်ရင်းဆိုတဲ့ Destructive Creation မျိုးသာလျင်ဖြစ်သင့်တယ် ။ စနစ်ဆိုးတစ်ခုရဲ့ နှစ်ပေါင်းများစွာလွှမ်းမိုးခံထားရတဲ့ တန်ဖိုးစံတွေနဲ့လူ့အဖွဲ့အစည်းမှာ ဘယ်အရာကိုမှ အလွယ်တကူအစားထိုးလိုက်၇ုံနဲ့ အလိုလိုအောင်မြင်သွားမှမဟုတ် ဘူး လို့ ယုံကြည်ရင်တော့ဖြင့် ကျွန်တော်တို့ဟာ အာဏာရှင်တန်ဖိုးစံတွေကို ဖျက်ရင်းလစ်ဘရယ် တန်ဖိုးစံတွေကို တည်ဆောက်ရင်း ဆိုတဲ့ အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်ပေးနိုင်တဲ့ ပေါ်လစီ ၊ သင်ကြားပုံ ၊ သင်ယူပုံ ၊သင်ရိုးညွှန်းတမ်းတွေကို ပြုစုထားသင့်တယ်။

မင်းခက်ရဲ

Powered by Bullraider.com