ပညာရေး အတွေးအခေါ်

ကလေးဆန်သောအကျင့်များ

ဤအခန်းသည် မိဘများပူပန်တတ်သော အများဖြစ်တတ်သည့် အလေ့အကျင့်များရှိကြောင်းနှင့် ပတ်သက်ပါသည်။ မိဘတွေအများဆုံး အကြံဉာဏ်တောင်းတတ်ကြသော လေ့အကျင့်များ အကြောင်း လည်းဖြစ်ပါသည်။

လက်မစုတ်ခြင်း

သာမန်ကလေးတိုင်လိုလို တစ်ခါမဟုတ်တစ်ခါတော့ လက်မစုတ်တတ်မည်။ တစ်ချို့က ခဏပဲစုတ် သည်။ တစ်ချို့ကတော့ အကြာကြီးစုတ်သည်။ ဤသို့လက်မစုတ်၍ ဘာမျှမထိခိုက်နိုင်ပါ။ အခြေအနေ ကို မှားယွင်းစွာ ကိုင်တွယ်၍သာ ပြဿနာပေါ်နိုင်ပါမည်။ မိခင်ရင်နို့ကိုစို့ရသောကလေးသည် စုတ်ရ သည့် အရသာကိုသိသွားသည်။ နို့စို့ရသော အချိန်နည်း၍ဖြစ်စေ၊ နို့ဗူးနို့သီးခေါင်းပေါက်ဝ သိပ်ကျယ် နေ၍ဖြစ်စေ၊ ကလေးသည် စုတ်ရသည့်အလုပ်ကို မဝရေစာ လုပ်ရတတ်၏။ ထို့အတွက် အစားထိုးစရာ မှာသူ့လက်မကိုသူစုတ်ခြင်းပင်။ နို့ဖြတ်ချိန်တွင် မိခင်နို့မစို့ရ။ နို့ဗူးမသောက်ရသည့်အခါ သူကကိုယ့် လက်မကို ပြန်စုတ်တတ်ကြ၏။ ကလေးသည် ပင်ပန်းလာသောအခါ၊ ညီးငွေ့လာသောအခါ၊ အိပ်ချင် လာသောအခါ လက်မစုတ်သည့်အကျင့်ရှိလာသည်။ လက်မကို အတင်းဖယ်ပစ်လျှင် သူကဇိမ်ပျက် တတ်၏။ ထိုအခါ ဒေါသထွက်လာမည်။ စိတ်ကယောက်ကယက် ဖြစ်လာမည်။ ကလေး ကိုလက်မ အတင်းဆွဲဖယ်တာတို့၊ လက်အိတ်စွပ်ပေးတာတို့သည် နှိပ်စက်ခြင်းပုံစံတစ်မျိုးဟုပင် ဆိုရမည်။ မိဘကတော့ စီးကရက်ကို မီးမပြတ်စေဘဲ ဆက်တိုက်သောက်တတ်ပြီး ကလေးကိုတော့ လက်မလေး စုတ်တာပင် ခွင့်မပြုကြသည်မှာ အတော်မတရားသော အမှုပင်ဖြစ်သည်။

နို့စောစောဖြတ်သော ကလေးအများစုသည် ဤလက်မစုတ်သည့် အလေ့အကျင့်စွဲတတ်သည်ဟု ထင် ကြသည်။ သို့သော် (၉) လ၊ (၁ဝ) လ လောက်မိခင်နို့စို့ရသူများသည်လည်း လက်မစုတ်တတ်သည်ကို တွေ့ရပြန်သည်။

အချို့ကပြောသည်။ လက်မစုတ်သည့်ကလေး၏ သွားပေါက်နှုန်းမှာ မူမမှန်ပါတဲ့။ သက်သေအတိ အကျတော့မပြနိုင်ကြပါ။ ဤအချက်သာမှန်လျှင် လူကြီးတော်တော်များများတို့၏ သွားနှင့်မေးရိုးဖွဲ့ စည်းပုံတွေ ပုံစံပျက်နေမည်သာ ဖြစ်၏။ လက်မစုတ်တာများ၍ လက်မလေးနည်းနည်း ပိုသိမ်သွားတာ တို့၊ နည်းနည်းပိုရှည်လာတာတို့တော့ ရှိကောင်းရှိမည်။ ဒါကလည်း ပြဿနာမဟုတ်ပါ။

အဓိကပြဿနာမှာ လက်မစုတ်သော ကလေးမဟုတ်။ ဒါကို ကြောင့်ကျပူပင်နေသော ကလေးမိခင်။ မိခင်လုပ်သူက ကလေးလက်မကို မကြာခဏ ဆွဲဖယ်ပစ်နေသောအခါ ကလေးမှာ စိတ်ဒုက္ခရောက်ရ ၏။ ကလေးမှာပိုပြီး စိတ်ကယောက်ကယက်ဖြစ်၊ ပိုပြီးစိတ်ဆင်းရဲ၊ ပို၍အူလည်လည် ဖြစ်ရသည်သာ အဖတ်တင်၏။ ဤပြဿနာကို အဖြေရှာရန်မှာ တစ်ခုထဲရှိသည်။ သူ့ဖာသာသူ လက်မစုတ်နေပါစေ။ မသိချင်ယောင်သာ ဆောင်နေပါ။

လက်မစုတ်သလိုပင် အချို့ကလေးများသည် စောင်မှချည်စတွေဆွဲထုတ်ပြီးပါးတွေ၊ မျက်လုံးတွေမှာ လျှောက်ပွတ်တာတို့၊ ငှက်မွေးနှင့် မျက်နှာကို ပြန်သပ်တာတို့ လုပ်တတ်၏ ဒါတွေလည်း လက်မ စုတ်တာ ရပ်သွားချိန်တွင် သူ့အလိုလိုပျောက်သွားသော အကျင့်များဖြစ်၏။

အကျင့်မှာ နှစ်အတော်ကြာစွဲနေလျှင်ကား ကလေးသည် အထီးကျန်နိုင်ပြီးအဖော်လိုခြင်း သင်္ကေတဟု ပြောရမည်။ ကလေးထိန်းကျောင်း ရောက်လျှင် ဒါမျိုးအကျင့်ပျောက်သွားတတ်၏။ တစ်ခါတစ်ရံလည်း သူ့ကို စိတ်ဝင်စားစရာ ကစားစရာတွေဝယ်ပေးပြီး ကစားခိုင်းပါ။ တစ်ခါတစ်ရံကျတော့ သက်တူရွယ်တူ သူငယ်ချင်းတွေခေါ်ပြီး အိမ်မှာကစားပါစေ။

ခေါင်းတိုက်ခြင်း၊ လူးလှိမ့်ခြင်း

အချို့ကလေးများသည် အိပ်ကာနီးတွင် ကုတင်နှင့်ခေါင်းကို ဆောင့်တတ်၏။ သို့မဟုတ် ခေါင်းကို ရှေ့တိုးနောက်ငင် လှိမ့်တတ်၏။ အချို့ကလည်း ကုတင်ပေါ်တွင် ခန္ဓာကိုယ်ကိုဆောင့်ပြီး မြောက်ကြွ လုပ်တတ်သည်။ ဘာကြောင့် ကလေးတွေ ဤသို့လုပ်သည်ကို မသိရ။ အချို့ကတော့ မိခင်၏ ပိုက် ထွေးယုယမှုနည်းပါး၍ ထိုသို့ကလေးတွေ စိတ်မူမမှန်ဖြစ်ရသည်ဟု ဆို၏။ မည်သို့ပင်ဆိုစေ မိဘများ အနေနှင့် အရမ်းကာရော စိတ်မပူသင့်ပါ။ မိခင်၏မေတ္တာကို ပြသနိုင်လျှင်ကလေးတွင် ထိုအလေ့ အကျင့်များ ပျောက်သွားမည်သာဖြစ်၏။ ထိုသို့ဖြစ်ရခြင်းမှာ ကလေးတွင်အသိဉာဏ်နိမ့်ကျ၍မဟုတ်။ ကုတင်နှင့်ခေါင်းကိုဆောင့်တတ်သော ကလေးကိုမထိခိုက်စေရန် ကုတင်ခေါင်းရင်းတွင် အဝတ်တွေ ခုပေးပါ။ မိခင်လုပ်သူကနေ့အခါနှင့် ညအိပ်ယာဝင်ခါနီးတွင် ကလေးကိုယုယပိုက်ထွေး ချော့မြှူပေးပါ။ ကလေးကို ဒါမျိုးမလုပ်နဲ့ဟု မဆူပါနှင့်။ မမာန်မဲပါနှင့်။ ဆူပူကြိမ်းမောင်းလျှင် ထိုအကျင့်မပျောက်သည့် အပြင် တာရှည်တတ်သည်ကို သတိပြုပါ။

လက်သည်းကိုက်ခြင်း

လူကြီးတစ်ယောက် လက်သည်းတွေကိုက်နေတာမြင်လျှင်မည်သူမျှ မနှစ်မြို့ပါ။ မိမိ၏ ကလေး လက်သည်း ကိုက်တာတွေ့ရသော မိဘတွေကလည်း လူကြီးတွေနှင့် တသဘောထဲထားကာ မကြိုက်လှပါ။ တကယ်တော့ကလေးတွေ လက်သဲကိုက်တာစိတ်မပူပါနှင့်။ ကြာလျှင်ထိုအလေ့အကျင့် သူ့ဖာသာသူ ပျောက်သွားပါမည်။ "ကလေးဘာကြောင့် လက်သည်းကိုက်သလဲ" စိတ်လှုပ်ရှားမှု လက္ခဏာဟု ကျွန်တော် မယူဆပါ။ စိတ်လှုပ်ရှားမှုတစ်စုံတစ်ရာတော့ ရှိကောင်းရှိပါမည်။ ကလေး ပေါက်စလေးအဖို့ ပိုင်ဆိုင်မည့် လက်နက်ဆိုလို့ သူ့သွားနှင့် သူ့လက်သည်းများသာရှိသည်။ သူ့သွားဖြင့် သူ့လက်သည်းကို ကိုက်ရာလက် နက်တစ်ခုနှင့်တစ်ခု သုံးခြင်းသဘောသာဖြစ်သည်။ တနည်းဆိုရလျှင်သူ၏ ရန်လိုစိတ်သဘာဝကို ပြေရာပြေကြောင်း ထိမ်းသိမ်းသည့် သဘောဖြစ်၏။ သူ့ရှေ့တွင် မိဘနှစ်ပါးရန်ဖြစ်နေလျှင် သူသည် ဘဝလုံခြုံမှုမရှိသည်ကို ခံစားရရုံမက မိဘနှစ်ပါးအနက် တစ်ယောက်ယောက်ကို ဒေါသထွက်လိမ့်မည်။ (အများအားဖြင့် အဖေကိုဒေါသထွက်တတ်သည်) သို့သော် တချိန်တည်းမှာပင် သူ၏အဖေကိုလည်း စစ်မှန်စွာချစ်မည်။ သို့ဖြင့် ပဋိပက္ခနှစ်ခုကြားတွင် သူဗျာများရ၏။ ဒေါသနှင့်မေတ္တာ။ လူတစ်ယောက်ထဲကို ချစ်လဲချစ်၊ ဒေါသလဲထွက်၊ သူ့ဒေါသကို အပြင်မထွက်ရန်ထိန်းမရ၍ ဖြေဆည်သည့် အနေနှင့် လက်သည်းတွေကို ကိုက်ခြင်းဖြစ်၏။

အချို့ကလေးများကျတော့ တစ်ခါတစ်ရံမှာသာ လက်သည်းကိုက်သည်။ ကြောက်စရာကောင်းသော ရုပ်ရှင်များကြည့်သည့်အခါ စင်ပေါ်သို့ ကိုယ့်အလှည့် မရောက်ခင်စောင့်နေရသောအခါ သို့မဟုတ် စိတ်လှုပ်ရှားမှုတစ်ခုခု ဖြစ်ပေါ်နေသောအခါ လက်သည်းကိုက်သည်။

အများအားဖြင့်မူ လက်သည်းကိုက်တာသည် အဓိကရောဂါ လက္ခဏာမဟုတ်ပါ။ ပူပန်စရာလည်းမလို ပါ။ ထို့အတူ ၎င်းအကျင့်ကို အတင်းအကြပ်လည်း ဖယ်ရှား၍မရနိုင်ပါ။ ဖယ်ရှားလျှင်လည်း ခဏသာ ရမည်။ ကလေးသည် မသိစိတ်နှင့် ထိုအပြုအမူကို လုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် မိဘများက ဘယ်လိုထားထားသူသည် လုပ်ချိန်တန်လျှင် လုပ်နေမှာသာဖြစ်၏။ ရိုက်မယ်နှက်မယ် ခြိမ်းချောက် စေကာမူ သူကအလေ့အကျင့်ကို ဖျောက်ရမှာထက် အပြစ်ဒဏ်ခံဖို့ အသင့်ဖြစ်ချင်ဖြစ်မည်။ သို့သော် ဖျောင်းဖျခြင်းဖြင့်သာ ပြုပြင်သင့်သည်။

ထစ်အမှု

သုံးနှစ်သားလောက်တွင် ကလေးသည်စကားပြောသော်လည်း ထစ်ထစ်ငေါ့ငေါ့ဖြစ်တတ်မည်။ သူ့အ တွေးတွေက မြန်ဆန်ပြီး နှုတ်ခမ်းကအမီ မလိုက်နိုင်၍ ထစ်အခြင်းဖြစ်သည်။  ဘယ်သန်ကလေးကို ညာသန်ကလေးဖြစ်အောင် အတင်းပြောင်းပစ်ရာတွင်လည်း စကားထစ်တတ်သည်။ စကားပြောမှုကို ထိန်းသောဦးနှောက်၏ ဗဟိုချက်မနေရာနှင့် လက်လှုပ်ရှားမှု ထိန်းကွပ်သောနေရာတို့သည် နီးကပ်စွာ ဆက်နွယ်နေကြ၍ဖြစ်၏။ ထိုအချိန်တွင် လက်အနေအထားကို အတင်းပြောင်းပစ်က စကားပြောထစ် အလာမည်မှာ သေချာ၏။ မည်သည့်လက်ကိုပို၍ အသုံးပြုမှာလဲဆိုတာကို ကလေးအားဆုံးဖြတ်ရန် အချိန်ပေးသင့်သည်။ ဘယ်သန်ဖြစ်သည်က ပြဿနာမဟုတ်။ ဘယ်သန်ကိုညာသန်ဖြစ်အောင် အတင်းပြောင်းပြစ်သည်က ပြဿနာ။

ကလေးတွေ စကားထစ်ခြင်း၏ နောက်အကြောင်းအရင်းတစ်ခုမှာ စိတ်မတည်ငြိမ်မှုကြောင့် ဖြစ်သည်။ အချို့စကားထစ်ခြင်းမှာ ယာယီသာ ဖြစ်၏။ မိခင်ဆေးရုံတက်သည့်အခါ သို့မဟုတ် နောက်တိုးကလေး မွေးသည့်အခါများတွင် ဖြစ်တတ်၏။ ဒေါသအရမ်းထွက်သည့်အခါ သိပ်ကြောက်သည့်အခါတွင်လည်း ထစ်ငေါ့တတ်သည်။ အချို့ယာယီစကားထစ်ခြင်းမှာ ကိစ္စမရှိသော်လည်း အချိန်အတော်ကြာထစ်ငေါ့ လျှင်မူ စိတ်ရောဂါကု ဆရာဝန်ထံ ပြသသင့်သည်။ စကားပြောလေ့ကျင့်သည့် သင်တန်းများလည်း အသုံးဝင်ပါသည်။ စကားထစ်သည့်ကလေးကို စိတ်ရှည်လက်ရှည် ပြုပြင်ပါ။ စကားထစ်လို့ မိဘတွေက မချစ်တော့ဟု ကလေးမခံစားစေရ။ မိဘငေါက်ငန်း၍ ထိုအကျင့်မပျောက်နိုင်။ စိတ်ရှည် သည်းခံစွာ နားလည်မှုရှိရှိနှင့် စကားထစ်တာကို ပြုပြင်ပေးကြပါ။ မိဘကစိတ်မရှည်ပါက ကလေးကို ပြုပြင်ရာတွင် ပိုမိုခက်ခဲနိုင်ပါသည်။

ကလေး၏ ပထမငါးနှစ်

ပညာရေးဝန်ကြီးဌာနကပြုစုသည်

Powered by Bullraider.com